
ကိုကွေး (ဘူမိဗေဒ)
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆောင်ပုဒ် အဖြစ် “Digital Equality for All Ages - သာတူညီမျှ ဒစ်ဂျစ်တယ်ကဏ္ဍ သက်ရွယ်မရွေး ပါဝင်ကြ” ဆိုသည့် ဆောင်ပုဒ်ကို ဖော်ထုတ်သတ်မှတ် ပေးထားပါသည်။ အဆိုပါဆောင်ပုဒ်သည် လက်ရှိနည်းပညာခေတ်တွင် ကမ္ဘာပေါ်ရှိ သက်ကြီးရွယ်အိုများ ဒစ်ဂျစ်တယ်နည်းပညာကို သိရှိအကျွမ်းဝင်ပြီး အလွယ်တကူ ရယူသုံးစွဲနိုင်ရန် သက်ဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကနှင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့က ကူညီဆောင်ရွက် လက်တွဲပေးရန် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းပင် ဖြစ်ပါသည်။
နည်းပညာဆိုင်ရာ တိုးတက်မှု
ယနေ့ခေတ်ကာလ စတုတ္ထစက်မှုတော်လှန်ရေး ၏ အဓိကလက္ခဏာတစ်ခုအဖြစ် ဒစ်ဂျစ်တယ် နည်းပညာအလျင်အမြန် တိုးတက်လာမှုကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ယင်းသို့ နည်းပညာ လျင်မြန်စွာ တိုးတက်လာမှုကြောင့် မိမိတို့၏ နေ့စဉ် နေမှုထိုင်မှု၊ လုပ်ငန်းရပ်များ၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ် ခြင်းများ အပါအဝင် လူ့အသိုင်းအဝိုင်း အခန်းကဏ္ဍ အားလုံးတွင် ကြီးမားစွာ ပြောင်းလဲလာသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ နည်းပညာဆိုင်ရာ တိုးတက်မှုကြောင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်ပန်းတိုင်များ Sustainable Deve-lopment Goals (SDGs) သို့ ချီတက်ရာတွင် အရှိန် အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်ကြမည် ဖြစ်ပါသည်။
သက်ကြီးရွယ်အိုများနှင့် ဒစ်ဂျစ်တယ်နည်းပညာ
သို့သော် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် လက်ရှိအချိန်အထိ အင်တာနက်အသုံးပြုခွင့် မရရှိ ကြသေးကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားသော နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသော နိုင်ငံများ အကြား အင်တာနက်အသုံးပြုနိုင်မှုမှာ ၈၇ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအကြား အသီးသီး ကွာဟလျက်ရှိကြောင်း International Telecom-munication Union (ITU) ၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာပါ အချက်အလက်များအရ သိရှိရပါ သည်။ အဆိုပါအဖွဲ့၏ အခြားတွေ့ရှိချက်အရ အမျိုး သမီးနှင့် သက်ကြီးရွယ်အိုများသည် လူ့အဖွဲ့အစည်း အတွင်းရှိ အခြားအုပ်စုများထက် ဒစ်ဂျစ်တယ် နည်းပညာ ရယူသုံးစွဲရမှုတွင် နောက်ကျကျန်ရှိကာ မညီမျှမှုများ ရှိနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် တိုးတက်လာသော နည်းပညာများကို လက်လှမ်းမီ ရယူသုံးစွဲနိုင်မှု မရှိသည့်အတွက် နည်းပညာ၏ အကျိုးကျေးဇူးများကို အပြည့်အဝမခံစားရကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် အဆိုပါ ဆက်သွယ်ရေးနည်းပညာ တိုးတက်မှုကိုအကြောင်းပြု၍ အန္တရာယ်အသစ်များ တွေ့လာရကြောင်း၊ ဥပမာအားဖြင့် Cyber Crime ဆိုက်ဘာပြစ်မှုကျူးလွန်မှုများ တွေ့လာရကြောင်း၊ သတင်းအမှားများဖြင့် လူ့အခွင့်အရေးအရ ခြိမ်း ခြောက်ခံရခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာထိပါး နှောင့်ယှက် ခံရခြင်းနှင့် သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံရေးကို ပါ ထိပါးခံနေရခြင်းများရှိကြောင်း လေ့လာသိရှိရပါ သည်။ ဒစ်ဂျစ်တယ်နည်းပညာ လျင်မြန်စွာ တိုးတက်လာမှုနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့ အစည်းများ အပါအဝင် နိုင်ငံ့အစိုးရများ၊ ဒေသ အဆင့်အစိုးရများအနေဖြင့် မူဝါဒများ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များ ချမှတ်ရာတွင် အထက်ပါ ထိခိုက် လွယ်အုပ်စုများအတွက် အကာအကွယ်ပေးနိုင်သည့် ဥပဒေ၊ မူဝါဒများ အပြည့်အဝ ခြုံငုံချမှတ်နိုင်ခြင်း မရှိသေးကြောင်း တွေ့မြင်ရပါသည်။ အဆိုပါ စိန်ခေါ် မှုများကို ကျော်လွှားနိုင်ရန်အတွက် တိကျသေချာ သော ဆန်းစစ်လေ့လာမှုများ၊ အစီအမံများချမှတ် ဆောင်ရွက်ပေးမှသာလျှင် နည်းပညာတိုးတက်မှု ကြောင့် ဘေးထွက်အနေဖြင့် ဖြစ်ပေါ်လာနိုင်သော မညီမျှမှုများနှင့် အန္တရာယ်များကို ဖယ်ရှားနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့နိုင်ငံတွင်လည်း လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်နယ်ပယ် အားလုံးတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ဒစ်ဂျစ် တယ်နည်းပညာအပါအဝင် နည်းပညာများ တိုး တက်မြင့်မားလာပြီး Online အသုံးပြုသည့် Digital Economy ကို ဦးတည်နေကြောင်း တွေ့ရှိရပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကြောင့် Online အခြေခံသည့် ဆက်သွယ် ဆောင်ရွက်မှုကို အဓိကထားဆောင်ရွက်လာ နေရ သည်ကိုတွေ့ရမည် ဖြစ်ပါသည်။ မပြီးဆုံးနိုင်သေး သည့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေသည့်ကာလ တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်များနှင့်အတူ New Normal အဖြစ် လူချင်းတိုက်ရိုက်ထိတွေ့မှု (In person) ကိုလျှော့ချပြီး Online အခြေခံသည့် တွေ့ဆုံမှုများ၊ ဖြေရှင်းမှုများ၊ ငွေပေးငွေယူလုပ်ငန်း များကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည် ဖြစ်ပါ သည်။
နည်းလမ်းရှာ ကူညီသွားကြရန်
ထိုကဲ့သို့ဆောင်ရွက်ရာတွင် မည်သူမျှ နောက် ချန်မထားရေးအတွက် အခြေခံဆက်သွယ်ရေး နည်းပညာများကို အသက်အရွယ်မျိုးစုံရှိ လူ့အဖွဲ့ အစည်းအားလုံး လက်လှမ်းမီ သိရှိရန် အရေးကြီး လှပေသည်။ အထက်ပါ နိုင်ငံတကာတွေ့ရှိချက်များ အရ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများသည် ဒစ်ဂျစ်တယ်နည်းပညာတွင် နောက်ကျကျန်နေ ကြောင်းနှင့် အလွယ်တကူ ရယူသုံးစွဲနိုင်ရန် အခွင့် အရေး နည်းပါးနေကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်နိုင်စေရန်အတွက် သက်ကြီးရွယ်အိုများ အား ဆက်သွယ်ရေးနည်းပညာတွင် အခြေခံကျလှ သည့် Mobile Telephone အသုံးပြု၍ Online စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ်များ တွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့် သင်ကြား ကူညီပံ့ပိုးပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ နည်းလမ်းရှာ ကူညီသွားကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
အခက်အခဲများ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှု ဝန်ထမ်းဦးစီးဌာနသည် လူမှုစီးပွားရေးဘဝတွင် မည်သူမျှ နောက်ကျန်ရှိမနေစေရေးအတွက် ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သော လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာပါ လုပ်ငန်းစဉ် ၈ ရပ်အနက် သက်ကြီးလူမှုရေးပင်စင် နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွား လာသော အသက်နှစ်နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်များကို ဆောင်ရွက်လျက် ရှိပါသည်။ သက်ကြီးလူမှုရေး ပင်စင်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင် ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်အတွင်း သက်ကြီးဘိုးဘွား ၇၅၁၂၆၀ ကို တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ကျပ်ငွေ ၇၆ ဒသမ ၁၆၈ ဘီလီယံခန့် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါသည်။ ထောက်ပံ့ပေးရာတွင် အဆင့်ဆင့်သော အုပ်ချုပ်ရေး အဖွဲ့အစည်းများမှတစ်ဆင့် အိမ်တိုင်ရာရောက် ထောက်ပံ့မှုပေးနေရပါသည်။ ထိုသို့ ထောက်ပံ့ရခြင်း ကြောင့် အချိန်ကြာမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ လုံခြုံရေး စိတ်မချရသော နယ်မြေများ တွင် ထောက်ပံ့မှုများ နောက်ကျခြင်းစသည့် အခက် အခဲများ တွေ့ကြုံရလျက်ရှိပါသည်။ ထိုအခြေအနေ များတွင် သက်ကြီးရွယ်အိုများအနေဖြင့် မိမိ (သို့မဟုတ်) မိမိ မိသားစုဝင်များ၏ Mobile Phone များမှတစ်ဆင့် Online Payment တစ်ခုခုဖြင့် လက်ခံနိုင်သည်ဆိုပါက မှားယွင်းမှု၊ ကြန့်ကြာမှု၊ ပျောက်ဆုံးမှုများမရှိဘဲ အချိန်နှင့် တစ်ပြေးညီ ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် တာဝန် ရှိအစိုးရအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကဒစ်ဂျစ်တယ်ဝန်ဆောင်မှု ကုမ္ပဏီများအနေဖြင့် ထိုကွက်လပ်ကလေးကို နည်းလမ်းရှာ၍ User Training သင်တန်းများ ဆောင်ရွက်ဖြည့်ဆည်းပေးမည်ဆိုပါက အဘိုး အဘွားများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ အခြေခံများ တတ်သိကာ အဘိုးအဘွားနှင့် ၎င်းတို့ ၏ မိသားစုဝင်များအား နည်းပညာလက်လှမ်းမီ စေရန် ကူညီပေးခြင်းဖြင့် Digital Economy တိုးတက်မှုကို ကူညီနိုင်မည့်အပြင် Online အသုံးပြု နေ့စဉ်လူမှုဘဝလုပ်ငန်းများကို ဆောင်ရွက်သွားနိုင် မည့် အကျိုးကျေးဇူးတရားများ ရရှိနိုင်ကြမည်ဖြစ် ပါသည်။
အန္တရာယ်အသစ်များ
ကိုဗစ်-၁၉ ရောဂါကြောင့် ယနေ့ကမ္ဘာကြီးတွင် လူမှုနယ်ပယ်အားလုံး၌ New Normal ကို ဦးတည် နေကြပြီ ဖြစ်ပါသည်။ ထိုထဲတွင် ဒစ်ဂျစ်တယ်နည်း ပညာအခြေခံ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးနယ်ပယ်အားလုံးနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် Online အသုံးပြုဆောင်ရွက်လာကြ ကြောင်း တွေ့ရမည် ဖြစ်ပါသည်။ ထိုအခြေအနေတွင် ဒစ်ဂျစ်တယ်နည်းပညာ ရယူသုံးစွဲခွင့် နည်းပါးသည့် သက်ကြီးရွယ်အိုများအရေးကိုလည်း ထည့်သွင်း စဉ်းစားပေးသင့်ကြောင်း သတိပေးနှိုးဆော်အပ်ပါ သည်။ အထက်ဖော်ပြခဲ့သလို နည်းပညာ နောက်ကျ မှုကြောင့် ကမ္ဘာ့နိုင်ငံများရှိ အမျိုးသမီးနှင့် သက်ကြီး ရွယ်အိုများ တွေ့ကြုံခံစားရသည့် Online အခြေခံ အန္တရာယ်အသစ်များ ကြုံတွေ့ရမှုကိုလည်း ကာကွယ်ရန်အတွက် ထိုအုပ်စုများကို ချန်လှပ် မထားဘဲ မိမိတို့လုပ်ငန်း အစီအစဉ်များတွင် အမြဲထည့်သွင်း စဉ်းစားပေးရန် နှိုးဆော်အပ်ပါသည်။ အထူးသဖြင့် သက်ကြီးအမျိုးသမီးများကို နောက် ချန် မထားခဲ့ဖို့ အရေးကြီးပါသည်။
ပိုမိုထိရောက်နိုင်မည်
လူမှုဝန်ထမ်းဦးစီးဌာနသည် ၎င်းတို့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးမဟာဗျူဟာပါ လုပ်ငန်းရပ်များ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အတွက် လူမှုရေးသတင်းအချက်အလက် စီမံခန့် ခွဲမှုစနစ် Social Management Information System (SMIS) ကို ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ နောင်တွင် ထောက်ပံ့မှုလုပ်ငန်း များကို အကျိုးခံစားခွင့်ရှိသူများထံ Online Pay-ment ကိုသာ အဓိကထားဆောင်ရွက်မည်ဖြစ် သဖြင့် အကျိုးခံစားခွင့်ရှိသူ အထူးသဖြင့် သက်ကြီး လူမှုရေးပင်စင်ရရှိမည့် အဘိုးအဘွားများအနေဖြင့် အခြေခံအကျဆုံးသော ဒစ်ဂျစ်တယ်နည်းပညာဖြစ် သည့် Mobile Phone မှတစ်ဆင့် ဆက်သွယ်ဆောင် ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ Online မှ တစ်ဆင့် သတင်းရယူခြင်း၊ လေ့လာခြင်း၊ ကျန်းမာရေး အပါအဝင် လိုအပ်သည့် လူမှုရေး အကူ အညီများကို တောင်းခံနိုင်မည်ဆိုပါက သက်ကြီး ရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ ကြောင့် နိုင်ငံအတွင်း ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ရာတွင် သက်ကြီး ရွယ်အိုများအရေးပါ စဉ်းစားပေးကြရန် အကြုံပြုအပ် ပါသည်။
ကျွန်တော်တို့နိုင်ငံတွင်လည်း အခြားကမ္ဘာ့နိုင်ငံ များနည်းတူ သက်ကြီးရွယ်အိုအချိုးအစား များပြား လာသည့်အတွက် ကာကွယ်စောင့်ရှောက်နိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာန က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆ ခုနှစ်)ကို ပြဋ္ဌာန်းခဲ့ပြီးလည်း ဖြစ်ပါသည်။ ထိုဥပဒေ တွင်လည်း သက်ကြီးရွယ်အိုအရေးအား လုပ်ငန်း တိုင်း၊ အဆင့်တိုင်းတွင် ထည့်သွင်းစဉ်းစားကာ အခြေခံအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်နိုင်ရေးများ သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါ သည်။ သက်ကြီးရွယ်အိုများ၏ ဂုဏ်သိက္ခာ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် အမှီအခိုကင်းစွာ ရပ်တည် နိုင်စေရေးအတွက် အလေးထားဆောင်ရွက်သွားကြ ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် အငြိမ်းစားယူသည့် အသက်အရွယ်သည် အသက် ၆၀ နှစ် ဖြစ်သောကြောင့် အများစုသည် ထိုအသက် အရွယ်တွင် လုပ်အားနှုန်းရှိကြသေးသည်ဖြစ်ရာ အလုပ် တစ်ခုမဟုတ်တစ်ခု လုပ်လိုကြကြောင်း တွေ့ရှိရပါသည်။
သက်ကြီးလုပ်သားများအတွက်
ထို့ကြောင့် သက်ကြီးလုပ်သားများအတွက် လည်း ထည့်သွင်းစဉ်းစားပေးကြရမည် ဖြစ်ပါသည်။ ထိုလုပ်အားများသည် သက်ဆိုင်ရာ သက်ကြီးရွယ် အိုများ၏ ဝင်ငွေဖြစ်သလို နိုင်ငံ့အကျိုးစီးပွားကို လည်း ဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။ ထိုတန်ဖိုး များကို မဆုံးရှုံးစေရန်အတွက် အစိုးရကဏ္ဍကရော ပုဂ္ဂလိကကဏ္ဍကပါ အခွင့်အရေးပေးခြင်း၊ ပါဝင်ခွင့်ပေးခြင်းများ ဆောင်ရွက်စေသင့်ပါသည်။
အချိန်ပြည့် မဟုတ်သော အချိန်ပိုင်းလုပ်ငန်းများ ဖန်တီးပေးနိုင်ပါသည်။ ထိုအခါသက်ကြီးရွယ်အိုများ အနေဖြင့် အခြေခံ ဒစ်ဂျစ်တယ်ပညာရပ်များ အထိုက်အလျောက် သုံးစွဲတတ်နေမည်ဆိုပါက ၎င်းတို့တွင် ရှိပြီးဖြစ်သည့် ကြွယ်ဝသော ဗဟုသုတ အတွေ့အကြုံများနှင့် ပေါင်းစပ်ပါဝင်ခြင်းဖြင့် နိုင်ငံ့ လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် သက်ကြီးရွယ်အို များအား ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဗဟုသုတ များ လေ့လာနိုင်စေရန်၊ တတ်မြောက်အသုံးချနိုင်စေ ရန် အဖွဲ့အစည်းအားလုံးက ကူညီပေးကြရမည် ဖြစ် ပါသည်။ သို့မှသာ ၎င်းတို့အတွက် အမှီအခိုကင်းသော ဘဝရပ်တည်မှုနှင့် လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့ မှုကို ဖြစ်စေနိုင်မည် ဖြစ်ပါသည်။
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ လူဦးရေ စာရင်းဇယားများကို လေ့လာကြည့်ပါက လူဦးရေ အသက်အရွယ်ပြောင်းလဲမှုသည် မကြာသေးမီကပင် ဆယ်စုနှစ်များအလိုက် ပြောင်းလဲမှုရှိပြီး နောက်လာ မည့် ဆယ်စုနှစ်များတွင် သိသာစွာပြောင်းလဲလာနိုင် မှုရှိပါသည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ မွေးဖွားနှုန်းများ ကျဆင်းလာခြင်းနှင့် လူ့မျှော်မှန်းသက်တမ်းတိုး တက်လာခြင်းများကြောင့် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၆၀ နှစ်နှင့် အထက် လူဦးရေအချိုးမှာ ၈ ဒသမ ၉ ရာခိုင်နှုန်း သက်ကြီး ၄ ဒသမ ၅ သန်းခန့်ရှိကြောင်းနှင့် ၂၀၅၀ ပြည့်နှစ် တွင် ၂၀ ဒသမ ၂ ရာခိုင်နှုန်းအထိ နှစ်ဆခန့် မြင့်တက် လာနိုင်ဖွယ်ရှိနေပါသည်။
ထို့ကြောင့် ကဏ္ဍနယ်ပယ်အားလုံးတွင် သက်ကြီးရွယ်အိုများ၏ အရေးကို ထည့်သွင်း လုပ် ဆောင်ကြရန် အရေးကြီးလာကြောင်း တွေ့ရပါ သည်။ သက်ကြီးရွယ်အိုနှုန်း တိုးပွားမှုကို နိုင်ငံ အကျိုးအတွက် မည်ကဲ့သို့ ရယူဆောင်ရွက်မည်ဆို သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် လူမှုဝန်ထမ်းဦးစီး ဌာနသည် သက်ကြီးရွယ်အိုဆိုင်ရာမူဝါဒ ရေးဆွဲခြင်း၊ သက်ကြီးရွယ်အိုဥပဒေ ပြဋ္ဌာန်းခြင်းနှင့် သက်ကြီး လူမှုရေးပင်စင်ကို လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်မှနေ၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို အစီအစဉ် ရေရှည်တည်တံ့ရေးအတွက် အစိုးရဌာန များနှင့် ပုဂ္ဂလိကကဏ္ဍများကပါ ဝိုင်းဝန်းကူညီပံ့ပိုး စောင့်ရှောက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
နိဂုံးချုပ်တင်ပြရလျှင် နိုင်ငံ၏ ကဏ္ဍအားလုံးက သက်ကြီးရွယ်အိုများ နောက်ကျကျန်မှုမရှိစေရန် တိုးတက်လာသော နည်းပညာများနှင့် ဒစ်ဂျစ်တယ် နည်းပညာများကို သက်ကြီးရွယ်အိုများပါ ရယူသုံး စွဲခွင့်ရရှိစေပြီး ၎င်းတို့၏ လူ့အသိုင်းအဝိုင်းအတွင်း ဂုဏ်သိက္ခာရှိစွာ ပါဝင်မှုကို သေချာစေရန်၊ အမှီအခို ကင်းစွာ ရပ်တည်နိုင်စေရန်အတွက် ယခုနှစ် သက် ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်ဖြစ်သည့် “သာတူညီမျှ ဒစ်ဂျစ်တယ်ကဏ္ဍ သက်ရွယ်မရွေး ပါဝင်ကြ - Digital Equality for All Ages” အတိုင်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရင်း မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမှုကို ပြသကြပါစို့ဟု တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ။
- Log in to post comments