သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ် ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး

 

ပြီးခဲ့သည့်  မတ်၊ ဧပြီ၊ မေ  နွေလများအတွင်း အပူချိန်မြင့်တက်မှု ဒဏ်ကို မိမိတို့ နိုင်ငံသူ နိုင်ငံသားများ သိသိသာသာ ခံစားခဲ့ကြ ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ရပ်ဝန်းမှ အချို့မြို့များ၏ နွေရာသီအမြင့်ဆုံးအပူချိန်သည် ကမ္ဘာ့အပူဆုံးမြို့ များ၌ပင်   စာရင်းဝင်ခဲ့သည်အထိ  ဖြစ်ခဲ့သည်။  ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် ရာသီဥတုများ ပြောင်းလဲလာခြင်းတို့သည် ရာစုနှစ်နှင့်ချီ၍ လူသားတို့ ပြုလုပ် ခဲ့ကြသည့်  အပြုအမူများကြောင့်  သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးခဲ့ရခြင်းကို အကြောင်းရင်းခံ၍ ဖြစ်ပေါ်လာရခြင်း ဖြစ်ရာ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ကြီး ပြန်လည်‌ကောင်းမွန် လာအောင် ထိန်းသိမ်းရန်မှာလည်း လူသားတစ်ရပ်လုံး၏ တာဝန် ဖြစ်သည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးတကြီးလိုအပ်မှုကို အများပြည်သူ သတိမူကြစေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်လာကြစေရေး ရည်ရွယ်၍ ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်က ၁၉၇၃ ခုနှစ်မှစကာ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ‘‘ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့’’ အဖြစ်သတ်မှတ်၍ ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိသည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့၏ ‌ဆောင်ပုဒ်မှာ ‘‘သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး’’ (Land restoration, desertification and drought resilience) ဟူ၍ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ     အဓိကအကြောင်းအရာ တစ်ရပ်ရပ်ကို နှစ်စဉ်အထူးပြုရွေးချယ်၍ အခမ်းအနားကျင်းပရာ ယခုနှစ်တွင်    မြေယာပြုပြင်ထိန်းသိမ်းရေးနှင့်    ပတ်သက်၍ ပြည်သူအများ သတိထားဂရုပြုလာကြစေရန် ရည်ရွယ်သည်။
ကမ္ဘာတစ်ဝန်းတွင် သစ်တောများမှ အလွန်အကျွံထုတ်ယူ သုံးစွဲမှုများ  ပြုလုပ်ခြင်း၊  စိုက်ပျိုးမြေများ တိုးချဲ့ခြင်း၊ သတ္တု တူးဖော်ခြင်း၊   ဆည်မြောင်းတာတမံများ   တည်ဆောက်ခြင်း၊ လူနေမြို့ရွာများ ချဲ့ထွင်ခြင်းတို့ကြောင့် သစ်တောများ ပြုန်တီး ခြင်းနှင့်    မြေဆီလွှာပျက်စီးခြင်းတို့ဖြစ်ပေါ်ကာ   ဂေဟစနစ် ပျက်စီးမှုနှင့်အတူ သဲကန္တာရများ ဖြစ်ပေါ်လာခြင်းသည် စိုးရိမ် ဖွယ်ရာကောင်းသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ် သည်။ သဲကန္တာရဖြစ်ထွန်းသည်ဟုဆိုရာတွင် မိုးရွာသွန်းမှုပုံစံ မမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊  အပူရှိန်မြင့်မားမှုဒဏ်ကို  လေထုနှင့် မြေထုတို့ ကြာရှည်စွာခံစားရခြင်း၊ အပူချိန်အတက်အကျ လွန်ကဲ ခြင်း၊ မြေဆီလွှာရေငွေ့ပြန်နှုန်း မြင့်မားခြင်း၊ စိုထိုင်းဆနိမ့်ခြင်း၊ မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်း နိမ့်ကျခြင်း၊  အပေါ်ယံမြေဆီလွှာကို ရေနှင့် လေတိုက်စားမှု များပြားခြင်း  စသည့်ဝိသေသလက္ခဏာများ  ဖြစ်ပေါ်သည်ဟု ကုလသမဂ္ဂ  သဲကန္တာရတိုက်ဖျက်ရေး  ကွန်ဗင်းရှင်း  (United Nations Convention to Combat Desertification - UNCCD) က  သတ်မှတ်ထားရာ  ယင်းသို့သော  ဝိသေသလက္ခဏာများ ပေါ်ပေါက်ခြင်းနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတွင်လည်း  အထူး သတိပြုနိုင်ကြရန် လိုအပ်သည်။
သစ်တောသစ်ပင်များကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေ များ ဖော်ထုတ်လုပ်ကိုင်ကြရာတွင် မြေအရည်အသွေး ကျဆင်း မှုကို   ပြုပြင်ထိန်းသိမ်း   ဆောင်ရွက်သွားကြရန်   လိုအပ်ပြီး နှစ်ပေါင်းများစွာ စွန့်ပစ်ထားသည့် အလေ့အထကို ပြောင်းလဲကြ ရမည်ဖြစ်သည်။     ပြောင်းလဲလာသည့်     ကမ္ဘာ့ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိန်းသိမ်းကြရာတွင် သစ်ပင်များ စိုက်ပျိုးခြင်း၊ သစ်တောများကို တန်ဖိုးထားထိန်းသိမ်းခြင်း၊ ရေအရင်းအမြစ်များ မပျက်စီးစေရန်နှင့် ရေဝေရေလဲ သစ်တော များ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို လူတိုင်း အသိတရားကိုယ်စီနှင့် ဆောင်ရွက်ကြရန်လိုသည်။ လူတို့၏ မဆင်မခြင်မှုကြောင့် သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေ များဖြစ်ပေါ်လာပြီး လူပေါင်းသန်းနှင့်ချီ၍ နေရပ်စွန့်ခွာရသည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းသတိပေးချက်များ ရှိရာ ယင်းဖြစ်စဉ်မျိုး မိမိတို့ဒေသ၊ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်မလာ ရေး၊ နောင်သားစဉ်မြေးဆက်တို့ အေးချမ်းစိုပြည်၊ သာယာဝပြော သည့်     မြေပေါ်တွင်   အစဉ်အဆက်    နေထိုင်နိုင်ကြရေးသည် မိမိတို့၏ တာဝန်ဟုခံယူ၍ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင် ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်မှုများတွင် လူတိုင်း ပါဝင်ကြရပါမည့်အကြောင်း။           ။