
ပန်းမြိုင်လယ်စိန်ဝင်း
(ယမန်နေ့မှအဆက်)
ဒုတိယအကြီးဆုံးဖြစ်သော အာရေဗျကျွန်းဆွယ်ရှိ အာရေဗျ သဲကန္တာရမှာ စတုရန်းကီလိုမီတာ ၁၃၀၀၀၀၀ ကျယ်ဝန်း၏။ ကိုဘီသဲကန္တာရမှာ မွန်ဂိုလီးယား နိုင်ငံတောင်ပိုင်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြောက်ပိုင်းအထိ စတုရန်းကီလိုမီတာ ၁၃၀၀၀၀၀ ကျယ်ဝန်း၏။ တတိယအကြီးဆုံး ဖြစ်သော ဂရိတ်ဗစ်တိုးရီးယား သဲကန္တာရမှာ ဩစတြေးလျနိုင်ငံ တောင်ပိုင်းတွင်ရှိပြီး စတုရန်း ကီလိုမီတာ ၆၄၇၀၀၀ ကျယ်ဝန်း၏။ စတုတ္ထ အကြီး ဆုံးဖြစ်သော ကာလာဟာရီ သဲကန္တာရမှာ ဘော့စဝါးနား၊ နမီးဘီးယားနှင့် တောင်အာဖရိက နိုင်ငံ အစိတ်အပိုင်းများ အပါအဝင် တောင်အာဖရိက ဒေသအတွင်းတွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၅၀၀၀၀၀ ကျယ်ဝန်း၏။
ထိုသဲကန္တာရကြီးများ ဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံး ပျောက်ကွယ်မှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမား ဆုံးသော စိန်ခေါ်မှုပင်ဖြစ်သည်။ ထို့ကြောင့် ၁၉၉၄ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ‘ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်း’ (UNCCD)ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန်လ ၁၇ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှု တိုက်ဖျက်ရေးနေ့” ဟု သတ်မှတ်ထားခဲ့ ခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွှယ်နေပေ သည်။
ထိုသဲကန္တာရကြီးများသည် ကမ်းမမြင် လမ်းမမြင်သော သဲပြင်ကျယ်ကြီးများပင်ဖြစ်သည်။ စားပင်၊ သီးပင်အရိပ်ရပင်များ မပေါက်ရောက်နိုင် သော သဲအတိကန္တာရလွင်ပြင်ကြီးသာဖြစ်သည်။ ထိုသဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ် ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ရေးကိစ္စကို တွေးတောကြည့်ရုံဖြင့် ဖြစ်နိုင်ပါမည်လားဟူသော သံသယအတွေးများ ဝင်လာနိုင်စရာ ရှိပါသည်။ လူသားတို့သည် စဉ်းစားတွေးခေါ်ဉာဏ်ရှိသော ခြေနှစ်ချောင်းသတ္တဝါဖြစ်သည်ဟု မြန်မာစာ အဘိဓာန်က ဆိုပါသည်။ မှန်ပါသည်။ ထိုတွေးခေါ် တီထွင်ဆန်းသစ်မှုဖြင့် ဤမျှပူပြင်းခြောက်သွေ့သော သဲကန္တာရကို ပြုပြင်ပြောင်းလဲကာ နေထိုင်ကြသော သာဓကများ ရှိထားပါသည်။ ဆိုရပါလျှင် ထိုသဲကန္တာရမြေဖြစ်သော မြေထဲပင်လယ်ဒေသတွင် အစ္စရေးနိုင်ငံရှိသည်။ အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခု ဖြစ်သည်။ ထိုအစ္စရေးနိုင်ငံတွင် သဲကန္တာရနှင့် ပယ်လယ်သာရှိပြီး သာမန်အားဖြင့် လူများ နေထိုင် ရာ သင့်လျော်သော နေရာဒေသတစ်ခုတော့ မဟုတ် ပါဟု ဆိုရပါချေမည်။ ထိုဒေသတွင် စိုက်ပျိုးမြေ မဟုတ်သည့် သဲကန္တာရနှင့် သောက်သုံး၍မရသည့် ပင်လယ်ဆားငန်ရေသာ ရှိပါသည်။ သို့သော်လည်း လက်ရှိ အခြေအနေအရ ထိုအရပ်ဒေသတွင် ဂျူး နှင့်အာရပ်လူမျိုးသန်းပေါင်းများစွာသည် စည်ကား သိုက်မြိုက်စွာ နေထိုင်လျက်ရှိကြပေသည်။ အံ့ဩ ဖွယ်ရာမှာ ထိုသဲကန္တာရမြေကို ပြုပြင်၍ စိုက်ပျိုးမြေ ဧကပေါင်းများစွာကိုလည်း ထွန်ယက်စိုက်ပျိုး လျက်ရှိနေပါပြီ။ အစ္စရေးနိုင်ငံသည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်၏။ သီးနှံစိုက်ပျိုး ပင်များကိုလည်း ဆားငန်ရည်လောင်းပြီး စိုက်ပျိုး နိုင်သည်အထိ ကြံဆောင်နိုင်ပါသည်။
သာမန်ရေချိုများထက် ဆားဓာတ် အဆနှစ်ဆယ် ခန့် ပါဝင်သော ဆားငန်ရေများဖြင့် ကန္တာရမြေပေါ် တွင် စိုက်ပျိုးသီးနှံ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်သည်ဆိုခြင်းမှာ ပုံပြင်ဆန်ဆန်ဒဏ္ဍာရီ အလား တကယ့်ကို မယုံကြည်နိုင်စရာ ဖြစ်နေ ပါလိမ့်မည်။ မယုံမရှိပါနှင့်၊ အစ္စရေးနိုင်ငံရှိ လယ်သမားစိုက်ပျိုးရေးသမားများသည် တစ်နှစ် လျှင် သုံးသီးစိုက်ပျိုးကြပြီး ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီး၊ ထောပတ်သီးနှင့် တခြား သော သစ်သီးဝလံများကို ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ပင် ရှိပါသည်။ ၁၉၉၇ ခုနှစ် ကပင် သီးနှံပျမ်းမျှ အထွက်နှုန်းမှာ တစ်ဧကကို ၁၃ ဒသမ ၅ တန်ထွက်ရှိသည်ဟု သိရသည်။ တိုးတက် လာသော နည်းစနစ်များအရ ယခုအခါတွင် တစ်ဧကကို အသီးအနှံ အနည်းဆုံးတန် ၆၀ ခန့် ထွက်ရှိသည်ဟု သိရှိရသည်။ အစ္စရေးနိုင်ငံတွင် မက်မွန်သီး၊ ဆီးသီး၊ တရုတ်ဆီးသီး၊ ချယ်ရီသီး အစ ရှိသည့် ရာသီပေါ်သီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ဥရောပဈေးကွက်သို့ လက်မလည်အောင် တင်ပို့ လျက်ရှိသည်။ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ်၊ ဟော်လန် တိုင်းပြည်များကဲ့သို့ ပန်းပေါသော တိုင်းပြည်များသို့ပင် အစ္စရေးပန်းများ ထိုးဖောက် ဝင်ရောက်ပြီး ဈေးကွက်ဝင် အောင်မြင်လျက်ရှိ နေပါသည်။ အမေရိကန်နိုင်ငံကလည်း အစ္စရေးတို့၏ သဲကန္တာရမြေပေါ်တွင် စိုက်ပျိုးသီးနှံ ဖြစ်ထွန်း အောင်မြင်မှုကို သဘောကျပြီး လိုက်၍လုပ်ကြည့် သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးယခင်အခါက အစာရေစာ ရှားပါးသည့် ပြဿနာကို အစ္စရေးတို့ ဖြေရှင်းခဲ့သည့် နည်းလမ်း များထဲမှ ထင်ရှားကျော်ကြားသည့်နည်းလမ်းများကို ဖော်ပြပါမည်။
(၁) Drip irrigation - ထိုစနစ်က စိုက်ပျိုးရေးလုပ်ငန်း တွင် ရေဆုံးရှုံးမှုလျော့နည်းလာစေရေးအတွက် လိုအပ်သည့် ရေပမာဏကို စနစ်တကျ တွက်ချက်ပြီး အစက်ချရေပေးသည့် စနစ်ပင်ဖြစ်သည်။ အစ္စရေး နိုင်ငံက စတင်ပြီး ဆန်းသစ်တီထွင်ခဲ့သည့် ထိုနည်း ဖြင့် တစ်နှစ်လျှင်သီးထပ်သုံးကြိမ်အထိ သီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းခဲ့သည့်အတွက် ထိုနည်းလမ်းသည် ကမ္ဘာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့ပြီဖြစ်ပါသည်။ ထိုအစ္စရေးတို့ကို အတုယူပြီး လိုက်လံစိုက်ပျိုးခဲ့သည့် နိုင်ငံများထဲတွင် အာဖရိက နိုင်ငံများက များစွာအကျိုးဖြစ်ထွန်းခဲ့သည်ဟု သိရှိ ရပါသည်။ ထိုအစက်ချစိုက်ပျိုးမှုကို ကျွန်ုပ် ကိုယ်တိုင်ပင် ပုသိမ်စက်ခေါင်းရုံ၌ တာဝန်ထမ်းစဉ် က စက်ရုံမြေလွတ်ခြံထဲတွင် သံပရာ၊ ခရမ်း၊ ငရုတ် စသည့် စားပင်များစိုက်ပျိုးရာတွင် ရေသန့်ဘူး များကို ဖင်ဘက်မှဖြတ်ပြီး အဖုံးတွင် အပေါက် သေးသေးဖောက်ကြိုးစထည့်၍ ဇောက်ထိုး ချိတ်ဆွဲ ကာ ရေထည့်ရပါသည်။ ထိုကြိုးစဖြင့် အမြစ်ရင်းသို့ အစက်ချ၍ စိုက်ပျိုးခဲ့ရာ ရေကုန် အလွန်သက်သာပြီး အောင်မြင်မှုများစွာ ရရှိခဲ့ဖူးပါသည်။ ရေရှားပါးသည့် ဒေသများတွင် စိုက်ပျိုးနိုင်သည့် နည်းလမ်းကောင်း လည်း ဖြစ်ပါသည်။
(၂) Grain Cocoons - ရိတ်သိမ်းပြီးသား စပါး၊ ပြောင်း အစရှိသည့် စိုက်ပျိုးသီးနှံများကို မှိုတက်ခြင်း၊ ပိုးမွှားများကြောင့် ပျက်စီးခြင်းမှ ကာကွယ်ရန် အတွက် အစ္စရေးတို့ တီထွင်ခဲ့သည့် သိုလှောင်မှု နည်းလမ်းသစ် ဖြစ်ပါသည်။ သိုလှောင်မှု ကုန်ကျ စရိတ်မှာလည်း သက်သာခြင်းကြောင့် အာရှနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင်ရှိသည့် လယ်ယာစိုက်ပျိုး နိုင်သည့် နိုင်ငံများသည် လိုက်လံ၍ အတုယူခဲ့သည် ဟု သိရှိရပါသည်။ ထိုမျှပင်မကသေးပါ အလွန်ရိုးရှင်း သည့်နည်းလမ်းများဖြင့် တောင်သူလယ်သမားများ အတွက် လွယ်ကူစွာသုံးစွဲနိုင်သည့် အလွန်အကျိုး ရှိသည့် နည်းလမ်းတစ်ခုပင် ဖြစ်ကြောင်း သိရှိရ ပေသည်။
(၃) Growing potatoes with saltwater - ဆားငန် ရည်ဖြင့် အာလူးစိုက်ပျိုးခြင်းနည်းလမ်း ဖြစ်သည်။ အရှေ့အလယ်ပိုင်း နိုင်ငံများကဲ့သို့ ပူပြင်းသည့် ဒေသများတွင် စိုက်ပျိုးရန်မဖြစ်နိုင်သည့် ထိုအာလူး ကဲ့သို့သော သီးနှံမျိုးကို နှစ်ပေါင်း ၃၀ တိတိ လေ့လာပြီး စိုက်ပျိုးနိုင်ခဲ့ခြင်းမှာ အတုယူလေးစား အားကျဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါသည်။ အစ္စရေး တို့၏ နည်းပေးလမ်းပြမှုဖြင့် ယခုအခါရေရှားပါးသည့် ဒေသများတွင် ပင်လယ်က ဆားငန်ရည်ကို အသုံး ပြု၍ အာလူးများဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ကြပြီ ဖြစ်ပါသည်။
(၄) Biological pest control - သဘာဝနည်းလမ်း များကို အသုံးပြုပြီး အသီးအနှံများကို အင်းဆက် ပိုးမွှားများ ကျရောက်ခြင်းဒဏ်မှ ကာကွယ်သည့် နည်းလမ်း ဖြစ်ပါသည်။ အစ္စရေးတို့သည် ပျား၊ ပိတုန်းစသည့်လူသားအကျိုးပြုသည့် အင်းဆက်များ ကို သီးနှံဖျက်အင်းဆက်များရန်မှ ကာကွယ်ရန် အတွက် အသုံးပြုခဲ့ကြခြင်းပင်ဖြစ်သည်။ ယခုအခါ တွင် Bio-Bee ကုမ္ပဏီသည် ဂျပန်မှစ၍ ချီလီ အစ ရှိသည့်နိုင်ငံပေါင်း ၃၂ နိုင်ငံအထိ လူသားအကျိုးပြု ပိုးမွှားများ၊ ပျား၊ ပိတုန်းများကို ဖြန့်ဝေပြီးဖြစ်ပါသည်။ ထင်ရှားသည့် သာဓကမှာ ကယ်လီဖိုးနီးယားမှ စတော်ဘယ်ရီသီးများ၏ ပိုးမွှားကျရောက်ခြင်းကို တန်ပြန် လူသားအကျိုးပြု ပိုးမွှားများဖြင့် သစ်ပင် သီးနှံများကို ဆိုးကျိုးဖြစ်စေသည့် ပိုးမွှားများ၏ရန်မှ ကာကွယ်ပေးခြင်း ဖြစ်ပါသည်။ ထိုနည်းလမ်းဖြင့် အစ္စရေးနိုင်ငံအတွင်းတွင် ပိုးမွှားများရန်ကာကွယ်ရန် ထုတ်လုပ်ထားသည့် ဓာတုဗေဒဆေးများအသုံးပြု ခြင်းကိုလည်း ၇၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ ကြောင်း သိရှိရသည်။
(၅) Squeezing every drop of water from the air – ရှေးခေတ်ကာလက ရေကို ကျောက်တုံးများမှ ရယူသည့်နည်းလမ်းကို အစ္စရေးလူမျိုးများက အသုံး ပြုခဲ့ကြပေသည်။ ယခုအချိန်တွင်မူ ပိုပြီးတိုးတက် သည့် နည်းလမ်းအသစ်များနှင့် လေထုအတွင်းမှ ရေကိုရယူသည့် နည်းလမ်းများဖြင့် ရရှိအောင် ဖန်တီးပြီး အသုံးပြုနေကြပြီ ဖြစ်ပါသည်။ နေ့စဉ် ညစဉ်အပူချိန်ပြောင်းလဲမှုကြောင့် လေထုအတွင်း ငွေ့ရည်ဖွဲ့မှုများမှတစ်ဆင့် လေထုထဲက ရေကို အပင်တစ်ပင်ချင်းစီ၏အမြစ်ဆီသို့ ရောက်ရှိရန် Tal Ya tray ဟု ခေါ်သည့် ပလတ်စတစ်ပုံစံခွက်ကလေး များမှ ပို့ဆောင်ပေးနေခြင်းပင်ဖြစ်သည်။
(၆) Dairy farming - မွေးမြူရေးလုပ်ငန်းနှင့် နို့ထွက် ပစ္စည်း အထွက်နှုန်းကောင်းအောင် လုပ်ဆောင်ခြင်း နည်းလမ်းတစ်ခုဖြစ်သည်။ ယခုအချိန်တွင် အာဖီနှင့် ဆီအာဖင်ကီကုမ္ပဏီတွင် နွားကောင်ရေပေါင်း သုံးသောင်းကို ခေတ်မီကွန်ပျူတာနှင့် မွေးမြူရေး နည်းလမ်းများကို အသုံးပြုပြီး မွေးမြူနိုင်ရန်အတွက် ဗီယက်နမ်တွင် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ ထိုလုပ်ဆောင်ချက်သည် ကမ္ဘာပေါ်တွင်အကြီးဆုံး နွားမွေးမြူရေးလုပ်ငန်းတစ်ခု ဖြစ်လာစေမည် ဖြစ်ပါ သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကပင် ထိုမွေးမြူရေးဆိုင်ရာလုပ်ငန်း အထွက်တိုးစေဖို့ အစ္စရေး နိုင်ငံသို့ ပညာတော်သင် များပင် စေလွှတ်ရသည်ဟု တွေ့ရှိမှတ်သားရပါသည်။
(၇) Fishes in the desert – သဲကန္တာရအတွင်း ငါးမွေးမြူရေး နည်းလမ်းပင်ဖြစ်သည်။ မည်သည့် နေရာတွင်မဆို ငါးမွေးမြူနိုင်သည့် အထူးပြုလုပ် ထားသော ငါးမွေးကန်များ၊ ရေတိုင်ကီအကြီးစားများ ဖြင့် ငါးမွေးမြူသည့်နည်းလမ်းပင် ဖြစ်သည်။ နိုင်ငံတကာမှ ငါးနှင့် ပင်လယ်စာကို ဝယ်လိုအားမှာ နှစ်စဉ်မြင့်တက်နေသည့်အတွက် အစ္စရေးနိုင်ငံ အတွက် ငါးမွေးမြူရေးလုပ်ငန်းမှာလည်း နှစ်စဉ် ပျမ်းမျှ ၆ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိနေပါ သည်။ ငါးမွေးမြူရာတွင် ပြင်ပ၌မွေးမြူလျှင် ရောဂါ ကျရောက်ခြင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေးကြုံရခြင်းစသည်တို့ တွေ့ကြုံနိုင်ပြီး တီထွင်ဆန်းသစ်သောနည်းလမ်းဖြင့် ယခုအခါတွင် တိုက်များအတွင်းထဲ၌ မွေးမြူခြင်းသာမက မည်သည့်နေရာတွင်မဆို ငါးမွေးမြူနိုင်သည့် GFA (Grow Fish Anywhere) Advanced Systems ကို အသုံးပြုသည့် မွေးမြူရေးနည်လမ်းပင် ဖြစ်ပါသည်။ ဆိုရပါလျှင် အစ္စရေးနိုင်ငံသည် စိုက်ပျိုးနည်းပညာ မြင့်မားသောနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ နည်းလမ်းများကို ထိုနိုင်ငံမှ စနစ်တကျသင်ယူခြင်း ဖြင့် မြန်မာနိုင်ငံအတွက် လွန်စွာအကျိုးရှိနိုင်မည်ဖြစ်ပြီး အစာရေစာ တန်ဖိုးမြင့်မားမှု၊ ရှားပါးမှုကို ဖြေရှင်းနိုင်မည်သာမက စိုက်ပျိုးရေးနိုင်ငံအတွက် တိုးတက်ကြီးပွားရာဟု အကြံပြုလိုပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဒေသသည် ရာသီဥတုအကဲဆတ်ပြီး သဘာဝသယံဇာတရှားပါး သောဒေသများဖြစ်သည်။ အပူပိုင်းဒေသသည် စတုရန်းကီလိုမီတာ ၅၄၃၉၀ နီးပါးကို ဖုံးလွှမ်းလျက် ရှိပြီး နိုင်ငံကုန်းမြေဧရိယာ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသည်။ လူဦးရေ ၁၈ သန်းရှိပြီး လူနေထူထပ်သည်။ အပူပိုင်းဒေသသည် ရေရှားပါးပြီး သဘာဝပေါက်ပင် ဖုံးလွှမ်းမှုပါးလျားကာ မြေတိုက်စားမှု ပြင်းထန်သော ကြောင့် မြေဆီလွှာအရည်အသွေးနိမ့်သည်။ လွန်ကဲသည့် အပူချိန်နှင့် မိုးရေချိန်မညီမျှမှုကြောင့် စားနပ် ရိက္ခာဖူလုံမှု လျော့ကျပြီး သဘာဝပတ်ဝန်းကျင် အရည်အသွေးမှာလည်း လျော့ကျမှုဆိုးရွားလာနေ သည်ကို ကြုံတွေ့နေကြရပေသည်။ ထို့ကြောင့် မြန်မာပြည် အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု ၏ ဘေးအန္တရာယ် အလားအလာများအား ဖြေရှင်း ဆောင်ရွက်ခြင်း စီမံချက်သည် ဒေသခံလယ်သမား များ၏ ထိခိုက်ခံရလွယ်မှု အခြေအနေကို လျှော့ချ ရန် လူထုအခြေပြု သဘာဝ သယံဇာတစီမံခန့်ခွဲမှု နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက် မှုကို အားပေးတိုက်တွန်းလျက်ရှိပါသည်။
အတိအကျဆိုရပါလျှင် စီမံချက်၌ မြေဆီဩဇာ အရည်အသွေး ယုတ်လျော့သွားသော မြေ ၈၀၆၂ ဟက်တာနီးပါးကို ပြန်လည်ပြုပြင်၍ သစ်ပင် ပြန်လည်စိုက်ပျိုးခြင်းပြုလုပ်ပြီး ရေစုပ်စက်ဖြင့် ရေတင်စနစ် ၇၀ ၊ အဝီစိရေတွင်း ၃၂ တွင်း၊ မိုးရေ သိုလှောင်နိုင်ရန်ကျေးရွာပိုင် မိုးရေလှောင်ကန် ၅၆ ကန် အပါအဝင် အငယ်စား သောက်သုံးရေစနစ်တို့ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အများသုံးရေကန် ၁၃၆ ကန်ကိုလည်း အသစ်ပြန်လည်ပြုပြင်ပေးပြီး မြေဆီလွှာအရည်အသွေး မြှင့်တင်ခြင်းနှင့် သောက်သုံးရေထိန်းသိမ်းခြင်း နည်းပညာများကို လက်တွေ့သရုပ်ပြပေးခဲ့ရာ ယခုအခါ ဟက်တာ ၁၆၀၀ အကျယ်အဝန်းရှိ မြေပေါ်တွင် အသုံးပြုလျက် ရှိပါသည်။
မြေယာပြန်လည်ပြုပြင်ဖို့
သစ်ပင်အတူ စိုက်ကြစို့
ယခုနှစ်နွေရာသီတွင် မြန်မာနိုင်ငံရှိ ချောက်မြို့ သည် ကမ္ဘာ့အပူဆုံးစံချိန်ကိုချိုးကာ အပူဆုံးမြို့ အဖြစ်ရောက်ရှိခဲ့သည်ကိုလည်း သတိမူသင့်ပါပြီ။ အပူဒဏ်ခံနိုင်ရန် ချောက်မြို့နှင့် မြန်မာပြည် အနှံ့ အပြားတွင် အရိပ်ရပင်များ၊ နှစ်ရှည် သီးပင်စားပင် များစိုက်ပျိုးရန် စေတနာရှင် ပရဟိတအဖွဲ့များက နိုင်ငံတော်၏ လမ်းညွှန်စီမံချက်ကို ခံယူကာ စိုက်ပျိုးနေကြပြီး ထပ်မံစိုက်ပျိုးရန်လည်း ပြင်ဆင် နေကြပြီဖြစ်သည်။ ကုလသမဂ္ဂ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး ဆယ်စုနှစ်ဖြစ်သော (၂၀၂၁- ၂၀၃၀) သည် ယနေ့ရင်ဆိုင်နေရသော သဲကန္တာရ ဖြစ်ထွန်းမှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ယိုယွင်း ပျက်စီးမှုများ၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများ နှင့် ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုများကို တားဆီးကုစားနိုင်မည့် ထူးခြားသည့် အခွင့်အလမ်း တစ်ရပ်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ NGO အဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများ၊ အကျိုးဆက်စပ် ပတ်သက်သူများ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပြည်သူများအားလုံး ပူးပေါင်း ပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ အပူပိုင်းဒေသ မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် သဲကန္တာရ တိုက်ဖျက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်ခြင်းအပါအဝင် ဒေသနှင့်ကိုက်ညီသည့် ဂေဟ စနစ်ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှု၊ သဲကန္တာရဖြစ်ထွန်းနိုင်မှု အခြေအနေများကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် စိမ်းလန်းစိုပြည်သော၊ ရာသီဥတု မျှတကောင်းမွန် သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း၊ စက်သုံးဆီ စွမ်းအင်ဆီ ချွေတာခြင်း၊ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုကို ကာကွယ် ခြင်း၊ ချွေတာသုံးစွဲခြင်းဖြင့် ယခု ၂၀၂၄ ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုရင်း ယခု နှစ်၏ ဆောင်ပုဒ်ဖြစ်သော “သဲကန္တာရတိုက်ဖျက် ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြုပြင်ပေး”(Land restoration, deserti- fication and drought resilience.) ဟူသည့် လမ်းညွှန်ချက်အတိုင်း ဝိုင်းဝန်းလက်တွဲ ဆောင်ရွက် ကြပါစို့ဟု နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ ။
- Log in to post comments