ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းခရီးသွားလာမှုများ များပြားလာသည်။ ပြည်သူများမှာ တစ်နှစ်တာ ပင်ပန်းနွမ်းနယ်သမျှ ခရီးသွားလာ ခြင်းဖြင့် အပန်းဖြေလေ့ရှိသည်။ ပြည်သူများ စိတ်နှလုံးချမ်းမြေ့လျှင် ပေါ့ပါး လန်းဆန်းကျန်းမာခြင်းသုခကို ရစေနိုင်သဖြင့် စိတ်နှလုံးချမ်းမြေ့စေသော ခရီးသွား လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစည်းကမ်းများနှင့်အညီ မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
ခရီးသွားလုပ်ငန်းကို နိုင်ငံတကာ၌ အလေးထားဦးစားပေးဆောင်ရွက်လေ့ ရှိကြသည်။ ခရီးသွားလုပ်ငန်းမှအကျိုးရလဒ်များမှာလည်း များလှသည်။ ယခု ကာလတွင် နိုင်ငံတကာ သဘာဝအခြေခံခရီးသွားလုပ်ငန်း နှစ် (၂၀) ပြည့်နှင့် တိုက်ဆိုင်နေရာ အာရှဒေသသဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှ ကြီးမှူး ၍ အခမ်းအနားများကျင်းပနေသည်ကို တွေ့ရသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝအခြေခံခရီးသွားလုပ်ငန်း များကို နိုင်ငံတကာမှ သိရှိအောင်ချပြနိုင်ခဲ့သည်။
ကမ္ဘာတစ်ခွင်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတကာခရီးသွား လုပ်ငန်းများ အခိုက်အတန့် ရပ်တန့်လျက်ရှိသည်။ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုရပ်ဆိုင်းနေသော်လည်း ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလျက်ရှိသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်လာ သည်ကိုတွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ခရီးသွား လုပ်ငန်းများ ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာအစီအစဉ်များရေးဆွဲ ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) ကို ရေးဆွဲပြီး ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအစီအမံများကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝအခြေခံဂေဟစနစ်များနှင့် ထူးခြားသည့်ယဉ်ကျေးမှုလက္ခဏာများ မြင့်မားသည့်နိုင်ငံဖြစ်သည်။ ဂေဟစနစ် နှင့်တိုင်းရင်းသားယဉ်ကျေးမှုများ ပေါများစုံလင်သည့်နိုင်ငံဖြစ်သည်နှင့်အညီ သဘာဝအလှအပများနှင့် ယဉ်ကျေးမှုလက္ခဏာများကို နောင်မျိုးဆက်များသို့ လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြ ရမည်ဖြစ်သည်။ ယဉ်ကျေးမှုနှင့်သဘာဝအခြေခံများသည် နိုင်ငံ၏တန်ဖိုးနှင့် ဂုဏ်ဒြပ်များဖြစ်၍ ဒေသခံပြည်သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေပေးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ဖျားမှ အရှေ့အနောက်တောင်ဖျားအထိ စိတ်ဝင်စားစရာ သဘာဝပတ်ဝန်းကျင်များအမြောက်အမြားရှိသည်။ မြန်မာနိုင်ငံအတွင်း ကာကွယ် ထိန်းသိမ်းထားသော သဘာဝနယ်မြေ ၁၉ ခုနှင့် ဆင်စခန်း ၂၂ ခုကို သဘာဝအခြေခံ ခရီးသွားနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ခရီးသွား နယ်မြေများသို့ ပြည်တွင်းမှ ခရီးသွားများသာမက နိုင်ငံတကာခရီးသွားများပါ လာရောက်လေ့လာအပန်းဖြေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအပါအဝင် ခရီးသွားကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူများ ဟန်ချက်ညီညီလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ခရီးသွားယဉ်ကျေးမှု၊ ကျင့်ဝတ်များနှင့် ခရီးသွားပတ်ဝန်းကျင်များ ပိုမိုကောင်းမွန်လာရန်လည်း ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်အမွေအနှစ်များ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ သာဓကအားဖြင့် မြန်မာနိုင်ငံမြောက်ဖျားမှ ဆီးနှင်းများဖုံးလွှမ်းလျက်ရှိသည့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်နှင့် ဇီဝမျိုးစုံမျိုးကွဲတို့ ကျက်စားနေထိုင်ရာ ဖုန်ကန်ရာဇီဘေးမဲ့ တောဥယျာဉ်တို့သည် နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝခရီးသွား နယ်မြေဖြစ်သည်။ ဧရာဝတီမြစ်ဖျားခံရာဒေသနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဆိုင်ရာသုတေသနလုပ်ငန်းများ အကောင်အထည် ဖော်ရန်နှင့် မှတ်တမ်းမတင်ရသေးသော ဇီဝမျိုးစုံမျိုးကွဲတို့ကို မှတ်တမ်းတင်ရန်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အကျိုးစီးပွား ကို အထောက်အကူပြုနိုင်ရန် စသည့်ရည်ရွယ်ချက်ကောင်းများကို အမျိုးသား ဥယျာဉ်ကြီးများက ဖော်ဆောင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့အမွေအနှစ်နှင့် အာဆီယံအမွေအနှစ် စာရင်းဝင်နေရာ များကို ပိုင်ဆိုင်ထားသည်။ ကီလိုမီတာ ၂၂၃၀ ရှည်လျားသော မြန်မာ့ကမ်းရိုးတန်း ဒေသများသည်လည်း သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အထောက်အကူပြု လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မ စီမံကိန်း၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းမူဝါဒ၊ မြန်မာနိုင်ငံသဘာဝနယ်မြေ များအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းမူဝါဒနှင့် အုပ်ချုပ်လုပ်ကိုင်မှု မဟာဗျူဟာ စသည့်ရေးဆွဲထားသောစီမံကိန်းများကို အောင်မြင်အောင် ဝိုင်းဝန်း အကောင်အထည်ဖော်၍ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကို ကြိုးစားကြရန် တိုက်တွန်းပါကြောင်း။ ။