
မောင်သောင်းဝင်း (တမန်ဟောင်း)
သက်ရှိများမှီတင်းနေထိုင်လျက်ရှိသည့် ကမ္ဘာမြေကြီးတွင် သဘာဝအလျောက် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ကို သဘာဝဘေးအန္တရာယ်ဟု ခေါ်ဆိုကြသည်။ သာဓကအနေဖြင့် မြေငလျင်လှုပ်ခတ်ခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဆူနာမီလှိုင်းများ မြင့်တက်လာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရောဂါအသစ်အဆန်းများ ကျရောက်ခြင်းစသည့် အန္တရာယ်များပင်ဖြစ်သည်။ ထိုအန္တရာယ်များကြောင့် သေကျေထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပါသည်။ သဘာဝဘေးအန္တရာယ် မည်မျှကြီးမားသည်ကို သေကျေထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် တိုင်းတာနိုင်ပါသည်။
စက်မှုထွန်းကားလာပြီး ကာဗွန်ထုတ်လွှတ်မှု များပြားလာမှုတို့ ကြောင့် ကမ္ဘာကြီးသည် တဖြည်းဖြည်းပူနွေးလာလျက်ရှိသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် များနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုပြင်းထန်များပြားလာခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ် အတွင်း မြေငလျင်လှုပ်ခတ်မှုများ၊ အင်အားပြင်းထန်သော လေမုန်တိုင်းကြီးများ တိုက်ခတ်မှုများနှင့် အပူလှိုင်းဖြတ်မှုများသည် အကြိမ်ရေ ပိုမိုများပြားလာခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်များ ကြောင့် ထိခိုက်သေကျေပျက်စီးဆုံးရှုံးမှုများလည်း များပြားခဲ့သည်။ တချို့သောဒေသများတွင် မုန်တိုင်းဒဏ်ခံသော အဆောက်အအုံ များ ကြိုတင်ဆောက်လုပ်ထားသော်လည်း ဆုံးရှုံးမှုများ ရှိနေဆဲပင် ဖြစ်သည်။
သိပ္ပံပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ မိုးလေဝသပညာရှင်များ နှင့် မုန်တိုင်းစောင့်ကြည့်လေ့လာသူများသည် ကြီးမားသောသဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းရန် အခက်တွေ့လျက် ရှိကြ သည်။ ခေတ်မီနည်းပညာများဖြင့် မုန်တိုင်းများ၊ နှင်းမုန်တိုင်းများ၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မိုးလေဝသနှင့် ဆက်စပ်သော အခြား သဘာဝဘေးများကိုသာ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ မမျှော်လင့်သည့်အချိန်တွင် ဖြစ်ပေါ်လာနိုင် သည့် မြေငလျင်လှုပ်ခတ်မှုများ၊ တောမီးလောင်မှုများ၊ မြေပြိုမှုများနှင့် မီးတောင်ပေါက်ကွဲမှုများသည် လူသားတို့ကို ပျက်စီးဆုံးရှုံးမှု ကြီးမား စေသော သဘာဝဘေးအန္တရာယ်များအဖြစ် ဆက်လက်ခြိမ်းခြောက် လျက်ရှိသည်။
အမျိုးမျိုးသောသဘာဝဘေးအန္တရာယ်များ
ရာသီဥတုဖောက်ပြန်မှုကြောင့် နှစ်စဉ် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်မျိုးစုံ ကျရောက်လျက်ရှိသည်။ ထိုဘေး အန္တရာယ်များတွင် လူသားတို့ အန်တုနိုင်စွမ်းမရှိသော မိုးကြီးခြင်း၊ ရေလျှံခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်းနှင့် ဆူနာမီ ရိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်းအပါအဝင် ဆေးမတိုးနိုင်သည့် ရောဂါမျိုးစုံသည်လည်း ထူပြောစွာ ဖြစ်ပွားလာလျက်ရှိသည်။ ထိုဆိုးကျိုးများသည် အသိဉာဏ်ရှိသော လူသားများ၏ လုပ်ရပ်ကြောင့် ပင်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များအနက် မြေငလျင်သည် ကြိုတင်ခန့်မှန်းရခက်ခဲသည်။ မြေငလျင်ဗဟိုချက်သည် ကမ္ဘာ့ အပေါ်ယံမျက်နှာပြင်တွင် နီးကပ်စွာ တည်ရှိနေမည်ဆိုလျှင် ထိခိုက် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားနိုင်သည်။ တချို့သောငလျင်များသည် ပမာဏကြီးမားသော်လည်း နက်ရှိုင်းသောမြေအောက်တွင် ဗဟိုပြု သောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်ပွားချေ။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များအနက် ငလျင်အန္တရာယ်သည် ရှောင်တိမ်းရန် အခက်အခဲဆုံး အန္တရာယ်ပင်ဖြစ်သည်။
ဆူနာမီလှိုင်းလုံးများကြောင့် ဆားငန်ရေ ဖုံးလွှမ်းခံရသည့် လယ်ကွင်းများကို ကာလအတန်ကြာပြုပြင်ပြီးမှသာ ပြန်လည် စိုက်ပျိုးနိုင်သည်။ ထိုနည်းတူစွာ ငလျင်ဒဏ်ကြောင့် ပြိုလဲခဲ့သော လူနေအိမ်ရာများနှင့် အခြေခံအဆောက်အအုံများကိုလည်း အချိန်နှင့် ငွေကြေးများစွာ အကုန်အကျခံပြီးမှသာ ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေးအန္တရာယ်လွန်ကာလများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသောကြောင့် နေ့စဉ် လူနေမှုဘဝသည်များစွာ ခက်ခဲကြမ်းတမ်းလှပေသည်။ ဘေးအန္တရာယ် ၏ နောက်ဆက်တွဲရောဂါများကိုလည်း ခံစားကြရသည်။
မည်သို့ပင်ဆိုစေကာမူ အချို့သော သဘာဝဘေးအန္တရာယ် များသည် လူတို့၏ ပယောဂနှင့် မကင်းချေ။ မျက်မှောက်ကာလ တွင်ကမ္ဘာတစ်ဝန်း၌ စက်မှုလုပ်ငန်းများ၊ သိပ္ပံနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် အကျိုး ဖြစ်ထွန်းမှုများစွာရှိစေသလို အခြားတစ်ဖက်တွင်လည်း ဆုတ်ယုတ် မှုများ ရှိလာစေပါသည်။ ထိုဆုတ်ယုတ်မှုများတွင် သစ်တော သယံဇာတများ ပြုန်းတီးလာခြင်း၊ စားကျက်မြေများ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များ တိမ်ကောပျက်စီးလာမှုတို့အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပွားလာခြင်းနှင့် ရှားပါးမျိုးစိတ် များ မျိုးသုဉ်းပျောက်ကွယ်လာခြင်းတို့ပင်ဖြစ်သည်။ ထိုသို့သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ၏ ဆင့်ကဲအကျိုးဆက်များကြောင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်လာမှုနှင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာရပါသည်။
ပျက်စီးဆုံးရှုံးမှုများပြား
နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် ကျရောက်လျက်ရှိသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် ဖြစ်ပွားခဲ့သော သေကျေဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးတို့သည် လွန်စွာပင် များပြားလျက်ရှိသည်။ သာဓကအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကြီးမားသော သဘာဝဘေး အန္တရာယ် ၃၈၉ ကြိမ်အထိ စံချိန်တင်ဖြစ်ပွားခဲ့သည်။ အကျိုးဆက် အနေဖြင့် လူ ၁၅၀၈၀ သေဆုံးခဲ့ပြီး အခြားပြည်သူ ၉၈ ဒသမ ၄ သန်းကျော်မှာလည်း သဘာဝဘေးအန္တရာယ်၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားခဲ့ရသည်။ ထို့အပြင် ပြည်သူ ၇ သန်းကျော်သည် အိမ်ခြေရာမဲ့ဖြစ်ခဲ့ရသည်။ စီးပွားရေးအရ ဆုံးရှုံးမှုမှာလည်း အမေရိကန်ဒေါ်လာ ၂၁၀ ဘီလီယံကျော်အထိ ရှိခဲ့သည်။ အထူး သဖြင့် ပြင်းထန်သောရာသီဥတုကြောင့် နိုင်ငံ ၁၅ နိုင်ငံရှိ ပြည်သူ ၁၅ ဒသမ ၇ သန်းကျော်မှာ အာဟာရချို့တဲ့လျက်ရှိကြသည်။
ထိုဆုံးရှုံးမှုများတွင် မိဘဆုံးရှုံးကြရသူများ၊ သားသမီးဆုံးရှုံး ကြရသူများနှင့် ဆွေမျိုးသားချင်းဆုံးရှုံးကြရသူများအတွက် များစွာပင် စိတ်မကောင်းဖြစ်ရပါသည်။ ပစ္စည်းဆုံးရှုံးမှုကို အစားထိုး၍ ရနိုင်သော်လည်း လူ့အသက်တစ်ချောင်းကိုမူ မည်သည့်အရာနှင့်မျှ တန်ဖိုးဖြတ်၍မရနိုင်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာကြီးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မည့် လုပ်ရပ်မှန်သမျှကို ဆင်ခြင်ပြီးအချိန်မီ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်သွားရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်သည်။ ထိုသို့ကမ္ဘာကြီးကို ချစ်ခင်စွာအချိန်မီ စောင့်ရှာက်ပြုပြင် ထိန်းသိမ်းမှုမရှိလျှင်အနာဂတ်တွင် လူသားများသည် အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်များနှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်မှာ ဧကန်မုချပင်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်လျှော့ချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်ကို နှစ်စဉ် ခါးစည်းခံစားရလျက်ရှိပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုဖောက်ပြန်မှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင် ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်စီမံချက်များ ရေးဆွဲထားရန် လိုအပ်သည်။ ကြီးမားသော ဘေးအန္တရာယ်နှင့်နှင့် နောက်ဆက်တွဲကပ်ရောဂါဆိုးများ ဖြစ်ပေါ် လာပါက နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ထို့ကြောင့် အရေးပေါ်စီမံချက် တွင် ပါဝင်သည့် ပြင်ဆင်ခြင်း (Preparedness)၊ တုံ့ပြန်ခြင်း (Res-ponse)၊ ပြန်လည်ထူထောင်ခြင်း (Recovery) နှင့် လျော့နည်း သက်သာစေခြင်း (Mitigation) လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားသင့်ပေသည်။
စင်စစ်အားဖြင့် မျက်မှောက်ကာလတွင် အစွန်းရောက်ရာသီဥတု ကြောင့် ကမ္ဘာ့နိုင်ငံအားလုံးသည် သဘာဝဘေးအန္တရာယ်ပေါင်းစုံကို နှစ်စဉ်ကြုံတွေ့နေကြရသည်။ ထိုသို့မြေငလျင်လှုပ်ခတ်မှု အပါအဝင် သဘာဝဘေးအန္တရာယ်ပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် မဟာဗျူဟာများ ချမှတ်ထားသင့်ပေသည်။ အထူးသဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် သေကျေဆုံးရှုံးမှုလျှော့ချရေး၊ ထိခိုက်ခံစားရသူဦးရေ လျှော့ချရေး၊ စီးပွားရေးဆိုင်ရာဆုံးရှုံးမှုများလျှော့ချရေး၊ အရေးပါသော အခြေခံအဆောက်အအုံများ ပျက်စီးမှုလျှော့ချရေး၊ သဘာဝဘေး အန္တရာယ်လျှော့ချရေးဆိုင်ရာ အမျိုးသားရေး မဟာဗျူဟာများ အဆင့်မြှင့်တင်ရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင် သတိပေးစနစ်များ အသုံးပြုနိုင်ခွင့်ရရှိအောင် ဖန်တီးပေးရေးစသည့် အစီအမံများကို ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပေသည်။
ဆိုရလျှင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့ခံစားနေကြရသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွား ရခြင်း၏ အဓိကအကြောင်းအရင်းသည် ကမ္ဘာကြီးပူနွေးလာသော ကြောင့်ပင်ဖြစ်သည်။ လူသားတို့၏ လောဘကြောင့် သစ်တောများ ပြုန်းတီးလာရသည်။ သစ်ပင်၊ သစ်တောများသည် ဂေဟစနစ် ထိန်းသိမ်းရာတွင် အခြေခံအကျဆုံးသော အရင်းအမြစ်များဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုဖောက်ပြန်မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ပုံဖော်ဆောင်ရွက်သွားသင့်ပေသည်။ မည်သို့ ပင်ဆိုစေကာမူ အနာဂတ်တွင် သဘာဝဘေးအန္တရာယ်များ ခပ်စိပ်စိပ် ကြုံတွေ့လာရနိုင်သောကြောင့် နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီ အနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် သေကျေပျက်စီး ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါစို့ဟု အကြံပြုတိုက်တွန်း လိုက်ရပါသည်။ ။
- Log in to post comments