
ကိုကျော်စွာ(ကျိုက်ပိ)
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ရာသီအလိုက်စိုက်ပျိုးလေ့ရှိကြပါသည်။ စိုက်ပျိုးရေးသည် မိမိတို့နိုင်ငံ၏ အသက်သွေးကြောဟုပင်ဆိုသင့်ပါသည်။ တောင်ပေါ်မြေပြန့်မကျန် သူ့နည်းသူ့ဟန်ဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် သီးပင်စားပင်၊ ဆန်စပါးနှင့်ဟင်းသီးဟင်းရွက်အပါအဝင် သစ်ပင်ပန်းမန်တို့ကို စိုက်ပျိုးလျက်ရှိပါသည်။
မိမိတို့နိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံသည်ကား ဆန်စပါးပင် ဖြစ်ပါသည်။ အခြားသော ပဲအမျိုးမျိုး နှင့် ဂျုံ၊ ပြောင်းအစရှိသည့် သီးနှံများကိုလည်း စိုက်ပျိုးလေ့ရှိကြပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် တချို့က စီးပွားဖြစ်စိုက်ပျိုးကြသည်။ တချို့က တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။ မည်သည့်အပင် မဆို စိုက်ပျိုးပြီဆိုပါက မြေသြဇာကျွေးရပါသည်။ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများအနေဖြင့် သဘာဝ ဓာတ်မြေဩဇာကို များသောအားဖြင့် ကျွေးလေ့ရှိ ကြသော်လည်း စီးပွားဖြစ်စိုက်ပျိုးသူအများစုမှာ ဓာတ်မြေသြဇာကို ကျွေးလေ့ရှိကြပါသည်။
မြေဩဇာအမျိုးအစားများ
မြေသြဇာသည် သဘာဝမြေသြဇာ သို့မဟုတ် အော်ဂဲနစ်မြေသြဇာနှင့် ဓာတုဓာတ်မြေသြဇာဟူ၍ နှစ်မျိုးရှိပါသည်။ သဘာဝမြေသြဇာတွင် အပင်ဆွေး မြေသြဇာ (Compost-ကွန်ပို့စ်ထ်)၊ အပင်ဆွေး မြေသြဇာသည် အပင်နှင့် အပင်ထွက်ပစ္စည်းများ ဖြစ်ကြသော သစ်ကိုင်း၊ သစ်ရွက်များ၊ သစ်ဆွေးများ နှင့် သစ်သီးနှင့်ကောက်ရိုးဆွေးများ၊ နွားချေးအဆွေး များအပြင် အခြားဆွေးမြည့်စေနိုင်သော သတင်းစာ၊ စက္ကူများနှင့်အခြားသော အလွယ်တကူ ဆွေးမြည့် စေနိုင်သော အိမ်သုံးပစ္စည်း စသည်တို့ဖြစ်သည်။ ထို့အပြင် ကျေးငှက်တိရ စ္ဆာန်တို့ စွန့်ပစ်လိုက်သော အညစ်အကြေးများကိုလည်း မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ဥပမာ-ကြက်ချေး၊ ဘဲချေးနှင့် လင်းနို့ချေးတို့ဖြစ်သည်။ ဓာတုမြေသြဇာဆိုသည်မှာ ဓာတုနည်းဖြင့် ပြုလုပ်ထားသော အသီးကြီးထွား ဆေး၊ အပင်သန်ဆေး၊ ပေါင်းသတ်ဆေး၊ အထွက် တိုးဆေး၊ ပိုးသတ်ဆေး၊ အရွက်ဖျန်းဆေးစသည်တို့ ဖြစ်ပါသည်။
ထို့အပြင် သဘာဝမြေသြဇာနောက်တစ်မျိုးမှာ တီကောင်စွန့်ပစ်မြေသြဇာ (Vermicompost) ဖြစ် သည်။ တီကောင်သည် မြေဆီမြေနှစ်များ၊ အပင်၏ အစိတ်အပိုင်းများနှင့် လူသားတို့စားသုံး ပြီးသော စားကြွင်းစားကျန်များကို စားသုံးသည်ဟု သိရသည်။ ထိုသို့ စားသုံးပြီးပါက တီကောင်များသည် တီကျစ်စာများကို ပြန်လည်စွန့်ထုတ်လေ့ရှိပါသည်။ တီကျစ်စာခဲများကို မြေပြင်ပေါ်တွင် အလွယ်တကူ တွေ့မြင်နိုင်ပါသည်။ ထိုတီကျစ်စာခဲများတွင် သဘာဝအားဖြင့် အပင်အတွက် လိုအပ်သော ပိုတက်စီယမ်နှင့် ကယ်လ်ဆီယမ်ဓာတ်တို့အပြင် နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ်တို့လည်း ပါဝင်သည့် အပြင် အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ကြောင်း သိရသည်။
အော်ဂဲနစ်စိုက်ပျိုးခြင်း
သဘာဝဓာတ်မြေသြဇာကိုအသုံးပြု၍ ဓာတုပိုး သတ်ဆေးမသုံးဘဲ စိုက်ပျိုးခြင်းကို အော်ဂဲနစ် စိုက်ပျိုးခြင်းဟု ခေါ်ဆိုကြပါသည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို စီးပွားရေးတစ်ခုသဖွယ် ပြုလုပ်နေ ကြသဖြင့် ဓာတုဓာတ်မြေသြဇာကိုအသုံးပြုလျက် ရှိပါသည်။ စပါးစိုက်ပျိုးရာတွင်လည်း ဓာတုဓာတ် မြေသြဇာကို လူတိုင်းလိုလို အသုံးပြုနေကြသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာပင်ဖြစ်ပါသည်။ စပါးကို နွေသီး၊ မိုးသီးဟူ၍ နှစ်သီးစိုက်ပျိုးကြရာ နွေသီး စိုက်ပျိုးရာတွင် စပါးအထွက်နှုန်းကောင်းမွန်စေရန် ဓာတုဓာတ်မြေသြဇာနှင့်အခြားသော အထွက်တိုး မြေသြဇာများ၊ ပိုးသတ်ဆေးများကို အသုံးပြုလေ့ ရှိကြပါသည်။ ပိုးသတ်ဆေးသည် အဆိပ်ပင်ဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးများကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။
အော်ဂဲနစ်ပိုးသတ်ဆေးများ
ပိုးသတ်ဆေးများကို အသုံးမပြုပါက မည်သည့် ပိုးသတ်ဆေးကို အသုံးပြုရမလဲဟု မေးစရာရှိပါ သည်။ ထိုသို့ အမေးရှိသော် အဖြေလည်းရှိပါသည်။ ယင်းကား အော်ဂဲနစ်ပိုးသတ်ဆေးများပင် ဖြစ်ပါ သည်။ အော်ဂဲနစ်ပိုးသတ်ဆေးများကို ဒေါက်တာ ခင်မောင်လွင်၏စာအုပ်မှ အနည်းငယ်ထုတ်နုတ် ဖော်ပြချင်ပါသည်။ အော်ဂဲနစ်ပိုးသတ်ဆေးများမှာ အပင်မှရသောပိုးသတ်ဆေး(Phyto-insecticides)၊ ကြက်သွန်ဖြူ ပိုးသတ်ဆေးရည် (Garlic insecticide)၊ ငရုတ်ပိုးသတ်ဆေးရည် (Chilli insecticide)၊ တမာပိုးသတ်ဆေးရည် (Neem insecticide)စသည်တို့ ဖြစ်ပါသည်။
အပင်မှရသော ပိုးသတ်ဆေးများသည် အပင် ၏ ရောဂါပိုးများနှင့်သီးနှံဖျက်ပိုးများကို ကာကွယ် နိုင်ပါသည်။ ကြက်သွန်ဖြူပိုးသတ်ဆေးသည် ပုရွက် ဆိတ်၊ ပိုးတုံးလုံး၊ ပက်ကျိနှင့်အခြားသော သီးနှံဖျက် ပိုးများကို သေစေနိုင်ပါသည်။
ငရုတ်ပိုးသတ်ဆေးသည် ကြက်သွန်ဖြူပိုးသတ် ဆေးရည်နည်းတူ သီးနှံဖျက်ပိုးများကို သေစေနိုင် ကြောင်း သိရသည်။
ဓာတုပိုးသတ်ဆေးများသည် အပင်အသီးနှင့် အထွက်နှုန်းကောင်းစေသည်မှာ အမှန်ပင်ဖြစ် သော်လည်း ရေရှည်သုံးစွဲပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ သည်။ ထို့ကြောင့် ယနေ့ကမ္ဘာ့နိုင်ငံ အချို့သည် သဘာဝမြေသြဇာကိုသာ အသုံးပြုလျက် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးလာခဲ့ကြပါ သည်။ သြစတြေးလျနိုင်ငံတွင် ၃၈ ဒသမ ၀ ရာခိုင် နှုန်း၊ အာရှနိုင်ငံများတွင် ၉ ဒသမ ၀ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများတွင် ၂၃ ဒသမ ၀ ရာခိုင်နှုန်း၊ မြောက်အမေရိကနိုင်ငံများတွင် ၇ ဒသမ ၀ ရာခိုင် နှုန်း၊ အာဖရိကနိုင်ငံများတွင် ၃ ဒသမ ၀ ရာခိုင်နှုန်း၊ လက်တင်အမေရိကနိုင်ငံများတွင် ၂၀ ဒသမ ၀ ရာခိုင်နှုန်း ရှိပါသည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ ၂၀၁၄ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အော်ဂဲနစ်ဖြင့် စိုက်ပျိုးခဲ့ပြီး အော်ဂဲနစ်စိုက်ပျိုးမြေဧရိယာ ၄၃ ဒသမ ၇ သန်းရှိခဲ့ရာ ကမ္ဘာပေါ်ရှိ စုပေါင်းစိုက်ပျိုး မြေဧရိယာ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း သိရသည်။
သဘာဝမြေသြဇာကိုသုံးစွဲ၍ အော်ဂဲနစ်နည်း ဖြင့် စိုက်ပျိုးခြင်းသည် လူသားနှင့်သက်ရှိတို့အတွက် လွန်စွာအကျိုးများပါသည်။ ယင်းအပြင် စိုက်ပျိုးမြေ လည်း မြေဆီသြဇာကြွယ်ဝ၍ မြေဆီလွှာပျက်စီး ခြင်း မရှိတော့ပေ။ ယနေ့ခေတ် လယ်ယာမြေများ သည် ယခင်ကကဲ့သို့ မြေဆီသြဇာကြွယ်ဝမှု နည်းပါး လာပါသည်။ ထိုအခါ အပင်ကြီးထွားနှုန်းနှင့်အသီးအနှံအထွက်နှုန်းလည်း လျော့ကျလာပါသည်။ ထိုအခါ စိုက်ပျိုးစရိတ်နှင့်အထွက်နှုန်း မကာမိ တော့ပေ။
ဓာတုပိုးသတ်ဆေးများ၏ ဆိုးကျိုး
ထို့ကြောင့် အထွက်နှုန်းကောင်းစေရန်အတွက် ဓာတုဓာတ်မြေသြဇာများကို အသုံးပြု၍ စိုက်ပျိုးကြ လေသည်။ အသီးအားဆေးကျွေးခြင်း၊ ဓာတုပိုးသတ် ဆေးရည်များကို အသုံးပြုလာခြင်း၊ ပေါင်းသတ် ဆေးနှင့် မြက်သတ်ဆေးများကို သုံးစွဲလာခြင်း ကြောင့် မြေဆီလွှာပျက်စီးရုံသာမက ထိုဆေးရည် များသည် မြေကြီးအတွင်းစိမ့်ဝင်နေကာ မိုးရွာသွန်း ပါက မိုးရေနှင့်အတူ မြစ်ချောင်းအတွင်းသို့ ရောက်ရှိ သွားပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေသည့်အပြင် ရေနေသတ္တဝါများကိုလည်း သေကျေပျက်စီးစေနိုင်ပါသည်။ ပိုးသတ်ဆေးသုံး၍ စိုက်ပျိုးထားသော အသီးအနှံများကို စားသုံးပါက ကျန်းမာရေးနှင့် မညီညွတ်ပေ။
သဘာဝမြေသြဇာကိုအသုံးပြု၍ အော်ဂဲနစ်နည်း ဖြင့် စိုက်ပျိုးပါက ကျန်းမာရေးကို အကျိုးပြုနိုင်ပါ သည်။ သဘာဝမြေသြဇာကို အသုံးပြု၍ အော်ဂဲနစ် ပိုးသတ်ဆေးကို အသုံးပြုစိုက်ပျိုးပါက မိမိစားသုံး သော အစားအစာများတွင် ဓာတုပိုးသတ်ဆေးကင်း သည့်အတွက် ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါ သည်။ သဘာဝမြေသြဇာကိုအသုံးပြု၍ အော်ဂဲနစ် နည်းဖြင့် စိုက်ပျိုးသော အသီးအနှံများသည် အာဟာရဓာတ် ပိုမိုကြွယ်ဝစွာ ပါဝင်သည့်အပြင် ဗီတာမင်ဓာတ်များလည်း များစွာ ပါဝင်သည့် အတွက် ကျန်းမာရေးအတွက် ပိုမိုသင့်လျော်ပါ သည်။
ယခု စားသုံးနေသော သီးနှံအများစုသည် ဓာတုဓာတ်မြေသြဇာနှင့် မကင်းကြပေ။ ထို့ပြင် ယခုအခါ အသီးအနှံများသည် ယခင်ကအသီးအနှံ များကဲ့သို့ တာရှည်အထားမခံတော့ပေ။ ဤသဘော သည် သဘာဝမြေသြဇာနှင့် ဓာတုဓာတ်မြေဩဇာ၏ ကွာခြားချက်ပင်ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့နိုင်ငံရှိ တောင်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သွင်းအားစုကုန်ကျ စရိတ်များကို လျှော့ချနိုင်ရေးကို ရှေးရှု၍ ဓာတု ဆေးဝါးများကို အသုံးပြုခြင်းကို သဘာဝမြေသြဇာ များကို အသုံးပြုပြီး အော်ဂဲနစ်စိုက်ပျိုးရေးကို ကူးပြောင်းသင့်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။
- Log in to post comments