သီးနှံနှင့် ဈေးကွက်

 

၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်ကြပြီး နိုင်ငံ့စီးပွားရေး တွင်  အရေးပါသူများဖြစ်ကြသည်။   စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားမှသာ စိုက်ပျိုး ရေးလုပ်ငန်း၊  ၎င်းနှင့်ဆက်စပ်လုပ်ငန်း  စသည်တို့တွင်  အဓိက  ဆောင်ရွက်နေကြသူများ၏ လူမှုဘဝများ တိုးတက်မြင့်မားနိုင်မည် ဖြစ်သည်။

 


မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်မှာ ဈေးကွက်စီးပွားရေးဖြစ်ရာ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ကြရာတွင် သီးနှံဈေးကွက် ကို မျှော်မှန်း၍ စိုက်ပျိုးကြရခြင်းဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ဖြစ်ပေါ် လာသည့် ဈေးကွက်မှ သီးနှံဈေးနှုန်းများက စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ အရှုံးအမြတ်ကံကြမ္မာကို ဖန်တီးသည်။ ထို့အပြင် မိုးလေဝသဖောက်ပြန်မှုနှင့် သီးနှံဖျက်ပိုးတို့ကလည်း တစ်ခါတစ်ရံ ဝင်နှောင့်တတ်သေးသည်။ မည်သို့ဆိုစေ လယ်ယာထွက်ကုန်များ ဈေးကောင်းရမှသာ   တောင်သူတို့ဘဝ   စိုပြည်မည်ဖြစ်သည့် အလျောက် ဈေးကွက်တွင် ဈေးကောင်းရရှိနိုင်မည့်သီးနှံကို ချိန်ဆ ခန့်မှန်းရွေးချယ်စိုက်ပျိုးရေး၊ ဈေးကွက်တွင် ရောင်းပန်းလှစေရန် အတွက် သီးနှံအရည်အသွေးပြည့်ဝကောင်းမွန်အောင် စိုက်ပျိုး ထုတ်လုပ်ရေးတို့ မဖြစ်မနေလိုအပ်သည်။ တောင်သူအများစုမှာ ဈေးကွက်ဝင်၊ ဈေးကောင်းရနိုင်မည့် သီးနှံကို ခန့်မှန်းရွေးချယ် ရာတွင် ယခင်နှစ်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေတို့ကိုသာ အဓိကမူတည်ခန့်မှန်းကြခြင်းဖြစ်ရာ အမှန်တကယ်ဖြစ်သင့်သည် မှာ ယခင်နှစ်ဈေးနှုန်းသာမက ယခုနှစ် လတ်တလောဈေးနှုန်း၊ ဈေးကွက်တို့ကိုပါ ထည့်သွင်းတွက်ချက်ခန့်မှန်းခြင်းအားဖြင့် ပိုမို နီးစပ်နိုင်မည့်အပြင် အရှုံးဖြစ်ပေါ်နိုင်သည့် စွန့်စားရမှုအခြေအနေ လည်း လျော့ကျသွားနိုင်ကြောင်း ပညာရှင်တို့က အကြံပြုထား သည်။   ယခုအခါ    သီးနှံများ၏    ပြည်တွင်းပြည်ပ   ဈေးကွက်၊ ဈေးနှုန်းအချက်အလက်များကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ရရှိနိုင်ပြီဖြစ်ရာ အကျိုးရှိရှိအသုံးချခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စေရန် အကျိုးပြုနိုင်မည်ဖြစ်သည်။

 


လယ်ယာထွက်ကုန်သီးနှံများ ဈေးကောင်းရရေးတွင် အရေးပါ သည့် နောက်အချက်မှာ ပြည်တွင်းဈေးကွက်သာမက ပြည်ပ ဈေးကွက်အထိပါ တိုးချဲ့ရန်ဖြစ်ပြီး ယင်းအတွက် လယ်ယာထွက်ကုန် များကို  အရေအတွက်အားဖြင့်   ပိုမိုတိုးတက်ထုတ်လုပ်ရန်နှင့် အရည်အသွေးအားဖြင့်လည်း စံချိန်မီကောင်းမွန်ရန် လိုအပ်သည်။    ပြည်ပသို့တင်ပို့ရာတွင် သီးနှံအမျိုးအစားအလိုက် သတ်မှတ်ထား သည့် အရည်အသွေးစံချိန်စံညွှန်းများ စစ်ဆေးမှုကို ကောင်းစွာ ခံယူနိုင်မှသာ ဈေးကွက်ဝင်နိုင်မည်ဖြစ်ရာ ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်ခုလုံးတွင် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပဈေးကွက်များအတွက်    မျှော်မှန်း၍   သီးနှံများစိုက်ပျိုး ထုတ်လုပ်ကြရာတွင် တောင်သူတစ်ဦးချင်း မိမိတို့ဆန္ဒအလျောက် စိုက်ပျိုးဆောင်ရွက်နေကြမည့်အစား တစ်ကွင်းတစ်စပ်တည်း အစုအဖွဲ့များဖွဲ့စည်း၍ သီးနှံရွေးချယ်စိုက်ပျိုးခြင်း၊ စုပေါင်းရောင်းချ ခြင်းအားဖြင့် သီးနှံအရည်အသွေးနှင့် ဈေးကွက်အားသာချက်တို့ကို ရရှိနိုင်ကြောင်း အကြံပြုချက်များလည်းရှိသည်ကို တွေ့ရသည်။

 


လယ်ယာထွက်ကုန်သီးနှံများ   ဈေးကွက်ဝင်၊   ဈေးကောင်း ရရှိနိုင်မည့် နောက်ဆုံးအချက်မှာ MSMEs စီးပွားရေးလုပ်ငန်းများ ဖြင့် သီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံရှိ ဈေးကွက်များတွင် ပတ်ဝန်းကျင်နိုင်ငံများ ရှိ MSMEs လုပ်ငန်းများက ထုတ်လုပ်လိုက်သည့် သီးနှံတန်ဖိုးမြှင့် ထုတ်ကုန်အမယ်များစွာကို တွေ့ရှိနိုင်ပြီး အလားတူပစ္စည်းများ အားလုံး မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်သည်ကို သတိပြုကြရန် လိုသည်။ အရောင်အဆင်း၊ အနံ့အရသာနှင့် အရည်အသွေးပြည့်ဝ ကောင်းမွန်ပြီး  ထုပ်ပိုးမှုနိုင်ငံတကာစံချိန်မီ  ဆွဲဆောင်မှုရှိသည့်    စားသောက်ဖွယ်ရာများစွာတို့မှာ   မိမိတို့ပြည်တွင်း၌   စိုက်ပျိုး ထုတ်လုပ်နိုင်သည့် သီးနှံများမှ ထုတ်လုပ်နိုင်သည့်တိုင် ပြည်ပ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားရန်လည်း လိုမည်ဖြစ်သည်။

 


သို့ဖြစ်ရာ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ ဈေးကောင်းရရှိနိုင်ရန် ယခင်နှစ် ယခုနှစ်ဈေးကွက်အချက်အလက် များ ရယူခန့်မှန်းရွေးချယ်စိုက်ပျိုးရေး၊ ပြည်တွင်းမှသည် ပြည်ပ ဈေးကွက်များအထိ ရည်ရွယ်၍ အရည်အသွေး၊ အရေအတွက် တိုးတက်ထုတ်လုပ်ရေး၊       တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ထူထောင်၍ ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအထိ ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။         ။