သိပ္ပံစာပေဖန်တီးရှင် သို့မဟုတ် ဆေးလိပ်ဆန့်ကျင်ရေးသမား ဆရာကြီး သိပ္ပံမှူးတင်

Type
1

 

သဉ္ဇာနွယ် (စာပေဗိမာန်)

အမှောင်ခွင်း၍ အလင်းဆောင်သည့် စာပေဗိမာန်နှင့် တစ်သက်တာစာပေဆု 


နှစ်ပေါင်း တစ်ထောင်နီးပါး   သက်တမ်း ရှိခဲ့ပြီဖြစ်သည့်          မြန်မာစာပေသည် မြန်မာ့ယဉ်ကျေးမှု အနုပညာအဖြာဖြာ၏ ပင်ပမဏ္ဍိုင်အဖြစ်    ဝင့်ထည်စွာ တည်ရှိ နေပြီဟု  ဆိုရမည်ဖြစ်သည်။ အသိဉာဏ် အမြင်    ပွင့်လင်းစေသကဲ့သို့   ဆင်ခြင် တွေးခေါ်မှုအတွက်လည်း     အားဆေး သဖွယ်ဖြစ်သည့်စာပေသည်   နိုင်ငံတိုင်း အတွက်    ဂုဏ်ယူဖွယ်ရာ   အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်လည်း   ဖြစ်လေ သည်။
မြန်မာ့လွတ်လပ်ရေး     ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏  လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်   သြဂုတ်လ ၂၆ ရက်တွင် အသင်းအဖွဲ့ပုံစံဖြင့် တည်ဆောက်ခဲ့သည့် “မြန်မာနိုင်ငံ    ဘာသာပြန်စာပေအသင်း ကြီး” သည်   ၁၉၄၈ ခုနှစ်   မေလတွင် “စာပေဗိမာန်” အမည်ဖြင့် ထင်ရှားသည့် စာပေလုပ်ငန်းဆိုင်ရာဌာနတစ်ခု    ဖြစ် လာခဲ့ပါသည်။


စာပေဗိမာန်သည်     တိုင်းရင်းသား ပြည်သူများ    နိုင်ငံတကာ   ဗဟုသုတ တိုးပွားစေရန်အတွက်    ဘာသာပြန် စာအုပ်များ     ထုတ်ဝေခဲ့သည့်အပြင် ပညာရေးရာနှင့်  ယဉ်ကျေးမှုရေးရာတွင် ပြည်သူလူထု စိတ်ဝင်စားမှုရှိစေရန်နှင့် စာရေးဆရာများကို ကလောင်စွမ်းရည် တိုးတက်စေရန်     စာပေနှီးနှောဖလှယ် ပွဲများနှင့်  စာတမ်းဖတ်ပွဲများကို ၁၉၆၅ ခုနှစ်မှစ၍  ကျင်းပပေးခဲ့ပါသည်။ မြန်မာ စာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန်  ကာလပေါ်ဝတ္ထုဆု”   ကို စတင်ချီးမြှင့်ခဲ့ပါသည်။      “စာပေဗိမာန် ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု” (၁၉၄၈-၁၉၆၁)၊   “အနုပညာဆိုင်ရာ စာပေဆု” (၁၉၆၂-၁၉၆၄)၊  “အမျိုးသား စာပေဆု” (၁၉၆၅) စသည်ဖြင့် ဆုအမည် နှင့်   ဆုအမျိုးအစားကို    အဆင့်ဆင့် ပြောင်းလဲခဲ့သည့်အပြင် ဆုငွေများကို လည်း    တိုးမြှင့်ချီးမြှင့်လာခဲ့သည်မှာ နှစ်ပေါင်း   ၇၀ ကျော်   တိုင်ခဲ့ပြီဖြစ်ပါ သည်။


၂၀၀၁ ခုနှစ်မှစတင်၍  ၂၀၁၉ ခုနှစ် အထိ  အမျိုးသားစာပေတစ်သက်တာ ဆုရှင် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၃၁  ဦး  ပေါ်ထွန်းခဲ့ပြီး   ဖြစ်ပါသည်။ အဆိုပါ အမျိုးသားစာပေတစ်သက်တာ ဆုရ ဆရာကြီး၊  ဆရာမကြီး  ၃၁  ဦးတွင် ၁၆ ဦးမှာ   သက်ရှိထင်ရှားရှိပြီး ၁၅ ဦးမှာ ယနေ့မျိုးဆက်သစ်     လူငယ်များကို လက်ဆင့်ကမ်း   အမွေပေးခဲ့ကာ စာပေ လောကကို ကျောခိုင်းထွက်ခွာ ကွယ်လွန် သွားခဲ့ပြီဖြစ်ပါသည်။   ထိုသို့ ကွယ်လွန် သွားခဲ့သည့် စာရေးဆရာကြီး  ၁၅ ဦးထဲ တွင် ဆရာကြီး သိပ္ပံမှူးတင်လည်း ပါဝင် ခဲ့ပါသည်။


အမိနိုင်ငံတော်အတွင်းရှိ   တိုင်းရင်း သားပြည်သူများအား     အမှားအမှန် ပိုင်းခြားဝေဖန်နိုင်သော  ဉာဏ်အမြော် အမြင်  တိုးတက်မြင့်မားစေမည့်  စာပေ များကို   မွန်မြတ်သည့်  စိတ်စေတနာ ပြည့်ဝစွာဖြင့်     ဖန်တီးရေးဖွဲ့  သီကုံးခဲ့ သည့်  ဆရာကြီး၊  ဆရာမကြီး တချို့ ကွယ်လွန်သွားသည်ကို    နှမြောတသ  ဝမ်းနည်းမိသော်ငြား   ၂၀၂၀ ပြည့်နှစ် အတွက်    အမျိုးသားစာပေတစ်သက် တာဆုရှင် ဆရာကြီး၊    ဆရာမကြီးများ ကို နိုင်ငံတော်က  ဆုငွေကျပ်သိန်း ၁၀၀ တိုးမြှင့်      ဆုချီးမြှင့်ပေးမည်ဟူသော မင်္ဂလာသတင်းကို    ကြားသိရသဖြင့် စာပေလောကအတွက် နှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။


၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုတွင် စာပေပညာရှင်ကြီး သုံးဦးကို ရွေးချယ်ခဲ့ခြင်းသည်  မြန်မာ စာပေလောက၌  ပထမဆုံးအကြိမ်ဖြစ် သောကြောင့် ထူးခြားဖြစ်စဉ်တစ်ခု ဟူ၍ ဆိုရမည်ဖြစ်သည်။          ထိုထူးခြားသည့် ၂၀၁၂ ခုနှစ်အတွက်    အမျိုးသားစာပေ တစ်သက်တာဆု   ရရှိသည့်ဆရာကြီး၊ ဆရာမကြီးများထဲတွင်      ဆေးလိပ် သောက်သုံးမှု        တားဆီးကာကွယ် ဆန့်ကျင်ရေးလုပ်ငန်းများကို  အကောင် အထည်ဖော်ရန် ကိုယ်ပိုင်ငွေကြေး စိုက် ထုတ်အကုန်အကျခံ၍   တတ်စွမ်းနိုင်သမျှ အားလုံးလုပ်ဆောင်ခဲ့သူ၊  သိပ္ပံနှင့် နည်း ပညာကို     တစ်ခေတ်ဆန်းသစ်စေရန် ၁၉၈၀ ပြည့်နှစ်   အောက်တိုဘာလမှ စတင်ကာ  ၂၆ နှစ်ကြာအောင်  တက်စုံ ရွက်စုံဖွင့်ကာ  သမိုင်းမှတ်တိုင်တစ်ရပ် အဖြစ်  အောင်လံလွှင့်ထူနိုင်ခဲ့သူ  သိပ္ပံ မဂ္ဂဇင်း၏  ပဲ့ကိုင်ရှင်  ဦးတင်မောင်ခေါ် ဆရာကြီး     သိပ္ပံမှူးတင်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ပါသည်။


ဆရာကြီး၏ ဘဝကြေးမုံပြင်


ဆရာကြီး    သိပ္ပံမှူးတင်ကို   အဖ ဦးလေးမောင်၊   အမိ ဒေါ်စောမေတို့က ၁၉၂၄    ခုနှစ်        မေလ   ၂၄   ရက်တွင် မန္တလေးတိုင်းဒေသကြီး     မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။  မွေးချင်း ၁၀ ယောက် အနက်  ဒုတိယမြောက်သား ဖြစ်သည်။ အမည်ရင်းမှာ ဦးတင်မောင်ဖြစ်ပြီး ငယ် နာမည်မှာ မောင်ဘအေး ဖြစ်ပါသည်။


ငယ်စဉ်က  မိုးကုတ်မြို့    လှည်းဝိုင်း ရပ်ရှိ ဆရာမှိုင်းကျောင်းတွင် စတင်ပညာ သင်ကြားခဲ့သည်။  ၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ  ကသာမြို့တွင် လည်းကောင်း၊ ၁၉၃၇ ခုနှစ်တွင်  မန္တလေးမြို့၌  လည်း ကောင်း၊ ၁၉၃၈ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြစ်ကြီးနားမြို့တွင် လည်းကောင်း ပညာ သင်ကြားခဲ့သည်။  ၁၃၀၀ ပြည့်  အရေး တော်ပုံ၌    မြစ်ကြီးနားမြို့ ကျောင်းသား သမဂ္ဂကော်မတီဝင်အဖြစ်        လည်း ကောင်း၊ ၁၃၀၁ ခုနှစ်တွင်  ကျောင်းသား သမဂ္ဂဥက္ကဋ္ဌအဖြစ်        လည်းကောင်း ဆောင်ရွက်ခဲ့သည်။    ၁၉၄၂ ခုနှစ်တွင် မန္တလေးမြို့    အမျိုးသားအထက်တန်း ကျောင်းသားဘဝတွင်     ဆရာကြီး ဦးရာဇတ်၏ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မြေအောက်တော်လှန်ရေးတို့တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။     မန္တလေးမြို့တွင် ဖွင့်လှစ်သော    ဘီအိုင်အေစစ်ကြောင်း ဗိုလ်လင်းယုန်တပ်တွင် အမှုထမ်းခဲ့သည်။ စစ်အတွင်း မြို့ရွာ ငြိမ်းချမ်းရေးအတွက် အုပ်ချုပ်ရေးတွင်    အားကြိုးမာန်တက် ပါဝင်ခဲ့သည်။ ဂျပန်ခေတ်၌ ဖွင့်လှစ်သော မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ပထမ ပတ်တွင်  လည်းကောင်း၊      မင်္ဂလာဒုံ စစ်ဦးစီးတက္ကသိုလ်       ဆဋ္ဌမပတ်တွင်   လည်းကောင်း တက်ရောက်ခဲ့ပါသည်။


၁၉၄၃ ခုနှစ်မှ   ၁၉၄၅ ခုနှစ်အထိ ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ်၏ ပထမ ပတ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင်    ဒုတိယဗိုလ်ဖြစ်ပြီး အမှတ် (၄)     သေနတ်ကိုင်တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် တွင်    အိန္ဒိယနိုင်ငံ     ဘယ်ကလိုမြို့၌  စစ်အင်ဂျင်နီယာ   တပ်စုမှူးသင်တန်း တက်ရောက်ခဲ့သည်။    ၁၉၄၉  ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့်  လက်ထပ်ပြီး  သားသမီး ခြောက်ဦး ထွန်းကားခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင်   အိန္ဒိယနိုင်ငံ ပူးနားမြို့အနီး ကာကီတက္ကသိုလ်၌  စစ် အင်ဂျင်နီယာ  တပ်ခွဲမှူးသင်တန်း တက် ရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင်  ကိုက် ၃၀၀ အကွာအဝေးသို့    ပစ်လွှတ်နိုင်သည့် ဒုံးပျံကို     မြန်မာနိုင်ငံတွင်    ပထမဆုံး တီထွင်ခဲ့သူ ဖြစ်သည်။    ၁၉၅၃ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ  ပူးနား မြို့အနီး ကာကီတက္ကသိုလ်ရှိ စစ်အင်ဂျင် နီယာ    ဒီဂရီကောလိပ်တွင်     သုံးနှစ် သင်တန်းတက်ရောက်ခဲ့သည်။
သင်တန်းတက်နေစဉ်            ပထမ Course  ပြီး၍   စာမေးပွဲစစ်ရာ စစ်ဗိုလ် အငယ်များကြားတွင်    အိမ်ထောင်ရှင် ဆရာကြီးက     စာမေးပွဲကျခဲ့သည်။ ကျောင်းအုပ်ကြီးက  “မေဂျာတင်မောင်၊ မင်း စာမေးပွဲကျတယ်၊  ဒါပေမယ့် ငါတို့ ဆီမှာ   အခက်ဆုံးဖြစ်တဲ့   ပုံဆွဲဘာသာရပ်မှာ     မင်းက   ဂုဏ်ထူး တောင်ရတယ်၊          မင်း  ပြန်မလား၊ ဆက်ဖြေမလား”   ဟု   ခေါ်မေးခဲ့သည်။ ဆက်ဖြေမည်ဟု         ပြောခဲ့ချိန်မှစ၍ အုန်းသီးကို  ခေါင်းအုံးလုပ်ပြီး စာကျက်ခဲ့ သောကြောင့် စာမေးပွဲအောင် ခဲ့သည်။  အဆိုပါ  အကြောင်းအရာများကို အိန္ဒိယ မှာပင် မွေးဖွားခဲ့သည့်    ဆရာကြီး၏    လက်ရုံးကိုယ်ပွားဖြစ်သော   သိပ္ပံမဂ္ဂဇင်း ၏  စာတည်းအဖြစ်   တာဝန်ယူဆောင် ရွက်ခဲ့သူ သားအငယ်ဆုံး  ဦးတင်မောင် ထူးက ပြောပြခဲ့ခြင်းဖြစ်ပါသည်။


နိုင်ငံလွတ်လပ်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတို့ကြောင့် ၁၉၆၀ ပြည့်နှစ် တွင်        နိုင်ငံတော်က    ချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင်   ပထမဆင့် ရရှိခဲ့သည်။   ထိုနှစ်တွင်   မေမြို့  ဗဟို အင်ဂျင်နီယာတပ်၌     တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး   အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့်  ဂျပန်နိုင်ငံ များသို့ သွားရောက်ခဲ့သည်။


၁၉၆၂ ခုနှစ်တွင် သမဝါယမ    အထူး အရာရှိအဖြစ်  ဆောင်ရွက်ပြီး  ဥရောပ ကိုးနိုင်ငံသို့   သွားရောက်လေ့လာခဲ့သည်။ နော်ဝေး၊  ဆွီဒင်၊  ဒိန်းမတ်နိုင်ငံများရှိ နို့စက်ရုံ၊  ကြက်သား၊  ကြက်ဥ၊ ဝက်သား စက်ရုံများနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို     ဆောင်ရွက်ခဲ့ သည်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ် နှင့် ဗမာ့တပ်မတော်တွင်  ၂၃  နှစ်   အမှု ထမ်းခဲ့ပြီး ၁၉၆၅ ခုနှစ်တွင်  ဗိုလ်မှူးဘဝ ဖြင့် အငြိမ်းစားယူခဲ့သည်။  ၁၉၆၉ ခုနှစ်မှ စတင်ကာ ၁၉၇၅ ခုနှစ်အထိ ပို့ဆောင်ရေး ကိုယ်စားလှယ်     ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။      ၁၉၈၆  ခုနှစ် ဇန်နဝါရီလ  ၄  ရက်တွင်    နိုင်ငံတော်က ချီးမြှင့်သော  နိုင်ငံ့ဂုဏ်ရည်   ပထမဆင့် ရရှိခဲ့ပါသည်။


ဆရာကြီးကို ထုဆစ်ပုံဖော်ပေးခဲ့ကြသူများ


ဆရာကြီးကို   လူငယ်ပီပီ   စွန့်စွန့် စားစား  စူးစူးစမ်းစမ်း  လုပ်ကိုင်လိုစိတ်ရှိ ရန် ဆရာကြီး၏ ဘကြီး ဦးညွန့်က  လမ်း ညွှန်ပေးခဲ့သည်။ ဘကြီး၏  လမ်းညွှန်ပေး မှုနှင့်    ခက်ခဲနက်နဲလှသည့်    သိပ္ပံကို စိတ်ဝင်စားသည့် ဆရာကြီး၏ ဝါသနာက ထပ်တူကျခဲ့သည်။ စက်မှုကိုနိုင်နင်းမှ စက်မှုနိုင်ငံဖြစ်မည်ဟု    ခံယူထားသော ကြောင့်   အမိနိုင်ငံတော်တွင်    စက်မှု တိုးတက်စေချင်သည့်ဆန္ဒ  ဆရာကြီးတွင် သန္ဓေတည်ခဲ့သည်။
ဆရာကြီးကို     ငယ်ရွယ်စဉ်မှစ၍ အင်္ဂလိပ်စာကို  စိတ်ဝင်စားပြီး  လေ့လာ သင်ယူလိုစိတ်  မျိုးစေ့ချပေးခဲ့ကြသည့် မန္တလေးမြို့   အမျိုးသားအထက်တန်း ကျောင်းမှ      ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်၊ ကသာမြို့ အစိုးရအထက်တန်း ကျောင်းမှ ဆရာဦးဘ၊ ဆရာဦးဘသောင်း နှင့် မြစ်ကြီးနား  အထက်တန်းကျောင်းမှ ဆရာမစ္စတာ    ဆော်လမွန်တို့ကြောင့် လည်းကောင်း၊ ဆရာကြီး၏ နာခံတတ်မှု အပတ်တကုတ်      ကြိုးစားအားထုတ် လေ့လာမှုများကြောင့်    လည်းကောင်း အင်္ဂလိပ်စာ ထူးချွန်သူဖြစ်ခဲ့သည်။ 


ဆရာကြီးသည်         ယနေ့ခေတ် ကျောင်းသားလူငယ်များကို  အင်္ဂလိပ်စာ ကောင်းစွာတတ်ကျွမ်းအောင်  လေ့လာ စေလိုသည်။    သွက်လက်ချက်ချာကာ ထက်မြက်သည့်   လူငယ်များဖြစ်စေလို သည်။    ကျောင်းသားတိုင်း    စာမေးပွဲ အောင်မြင်စေလိုသည်။    ထို့အတွက် ကြောင့်      စာသင်ကျောင်းများတွင် ဟောပြောသည့်အခါ  ‘ခေတ်လူငယ်သည် ခေတ်ပညာတတ်မှ’ ၊‘နှစ်ဘာသာ မတတ် သူသည် တုံးသည်’၊  ‘အင်္ဂလိပ်ဘောင်းဘီ ဝတ်မည့်အစား    အင်္ဂလိပ်လိုပြောပါ’ စသည့်ကြွေးကြော်သံများဖြင့် စေ့ဆော်ခဲ့ သည့်အပြင်  နိုင်ငံခြားအတွေ့အကြုံများ၊ ဆေးလိပ်၊ အရက်၊ ဘိန်းဖြူတို့၏ ဆိုးကျိုး အန္တရာယ်များနှင့်   စာမေးပွဲအောင်မြင် စေသည့် နည်းလမ်းများဖြင့်ပါ ဆရာကြီး က   ကျောင်းသားလူငယ်များကို   ဟော ပြောစည်းရုံးခဲ့သည်။


သိပ္ပံတွင်အရေးပါသည့် ပုံဆွဲပညာကို ကသာမြို့မှ  ဆရာလူ၏  သင်ကြားပြသ မှုကြောင့် ဆရာကြီး ရေးသားပြုစုသည့် စာအုပ်တချို့တွင်  ဆရာကြီးကိုယ်တိုင် သရုပ်ဖော်   ရေးဆွဲထားသည့်   လက်ရာ များကိုပါ တွေ့မြင်ရပါသည်။ ဆရာကြီး၏ ပညာရပ်တိုင်းအား    တတ်မြောက်ချင် သည့်စိတ်ကို  လေးစားအတုယူမိပါသည်။


သူငယ်ချင်းများ        ဖြစ်ကြသော ဗိုလ်မှူးကြီးဟောင်း    ကြည်မောင်နှင့် ဗိုလ်မှူးကြီးဟောင်းတင်မောင်    (စာရေး ဆရာ မြတ်ထန်)  တို့၏  ညွှန်ပြမှုကြောင့် ၁၉၄၅ ခုနှစ်မှစ၍     ကမ္ဘာ့သိပ္ပံစာပေကို  ဇောက်ချကာ    လေ့လာဖတ်ရှုခဲ့သည်။  နိုင်ငံတော်ကောင်စီဝင်များ     ဖြစ်ခဲ့ကြ သော       ပခုက္ကူမြို့မှ     ဦးသန်းစိန်၊ ဗိုလ်မှူးချုပ် ဦးသောင်းဒန်၊ တပ်မတော်  အင်ဂျင်နီယာမှ ဗိုလ်မှူး ထွန်းဝင်း၊  ပဲခူး မြို့မှ   အကြောပါရဂူ  ဆရာဝန်ကြီး ဦးစိုး လွင်၊ ဦးကျော်ငြိမ်း (ဆရာကြီး ဦးဘလွင် ၏  သား)၊     ဆရာကြီး မင်းသုဝဏ်၊ ဓမ္မိက ဦးဘသန်း၊    ဆရာ ဦးချစ်လှိုင်နှင့် ဦးတင်အေး   (ရှမ်းပြည်) တို့ကလည်း   ဆရာကြီးဖတ်ရန်   သူတို့ စုဆောင်းထား သည့် သိပ္ပံစာအုပ် စာတမ်းများပေးကာ ပညာဖြန့်ဝေ၍   အားပေးခဲ့ကြသည်။
ဆရာကြီးများ၏ အားပေးမှုများနှင့် ဆရာကြီး၏ တစိုက်မတ်မတ် လေ့လာမှု များ   ထပ်မံ ပေါင်းစပ်လိုက်သည့်အခါ အာကာသဆိုင်ရာ   သိပ္ပံစာပေများကို ပြောင်မြောက်စွာ ရေးသားနိုင်သူ ဖြစ်လာ ခဲ့သည်။ ဆရာကြီးရေးသည့်  ဆောင်းပါး တိုင်းကို ပထမဦးဆုံး  စိတ်ပါဝင်စားစွာ ဖတ်ခဲ့သူမှာ  ဆရာကြီး၏ သားအငယ်ဆုံး ဦးတင်မောင်ထူး ဖြစ်သည်။  ဦးတင်မောင် ထူး ဖတ်ပြီး နားမလည်သည့် ဆောင်းပါး များကို ဆရာကြီးက  နောက်တစ်ကြိမ် ပြင်ရေးခဲ့ပါသည်။             စာပေနယ်တွင် ဆရာကြီးကို      သိပ္ပံစာပေများရေးသား သည့်   စာရေးဆရာဟု    ပထမဆုံး အသိ အမှတ်ပြုခဲ့သူမှာ ဆရာကြီး တက်တိုးပင် ဖြစ်ပါသည်။


ကသာမြို့မှ  ကာယဗလ ဦးနေဝင်း၏ ကာယနှင့်    ကျန်းမာရေးပညာကိုပါ စိတ်ဝင်စားစေရန်  အုတ်မြစ်ချ  ပေးခဲ့မှု ကြောင့် ဆရာကြီးသည် ကျန်းမာစေရန် ဂရုတစိုက် နေထိုင်စားသောက်ခဲ့သည်။ အရက်ဘီယာ    မသောက်သည့်အပြင် ကွမ်းယာ၊  လက်ဖက်ရည်နှင့်   ကော်ဖီ တို့ကိုရှောင်၍   နွားနို့ကိုသာ သောက်ခဲ့ သည်။ ဆရာကြီးသည်  ငယ်စဉ်ကတည်း က တင်းနစ်၊  ဘက်မင်တန်၊  ဟော်ကီ၊ ဘောလုံးနှင့်   ကျွမ်းဘားကစားခဲ့သည့် အပြင်    အသက်  ၁၂ နှစ်အရွယ်မှစ၍ အသက် ၅၀ ကျော်အထိ    အလေးမ လေ့ကျင့်ခဲ့သူ ဖြစ်သည်။ ထိုနောက်ပိုင်း တွင် လေ့ကျင့်မှုများကိုလျှော့ကာ နေ့စဉ် တစ်နေ့ ငါးမိုင် ရွရွ ပြေးလျှောက်ခဲ့သကဲ့သို့ အသက် ၈၀ ကျော်အထိ     ကလေး ကျောပိုးအိတ်တွင်   ခဲလုံးများထည့်ပြီး အိမ်အပေါ်ထပ်နှင့်      အောက်ထပ်ကို အတက်အဆင်းပြုလုပ်ခဲ့သည်ဟု သိရပါ သည်။  ကိုယ်တိုင်ကျန်းမာရေး လိုက်စား သည့်အပြင် လူကြီး၊ လူငယ်၊ ကလေးများ ကအစ    ကျန်းမာစေချင်သည့်   စိတ် စေတနာများဖြင့်     အားကစားသိပ္ပံ ဆောင်းပါးများနှင့်  ကျန်းမာရေး  ပညာ ပေးဆောင်းပါးများကိုလည်း ရေးသား ခဲ့ပါသည်။


ဆရာကြီး၏ စာပေအတွေ့အကြုံ


၁၉၅၃ ခုနှစ်တွင်  မင်္ဂလာဒုံ  စစ်ဦးစီး တက္ကသိုလ်၌ တက်ရောက်နေစဉ်  ၁၉၅၃ ခုနှစ်  မတ်လထုတ်  မြဝတီမဂ္ဂဇင်း အတွဲ (၁)၊   အမှတ်(၅)၌   ပုံနှိပ်ဖော်ပြခဲ့သော ‘ငွေခဲ’ ကလောင်အမည်နှင့်   ရေးသားခဲ့ သည့်   ‘သမီးထံလျှောက်လွှာ’   သည် ဆရာကြီး၏လက်ရာ  ပထမဆုံး ဝတ္ထုတို ဖြစ်သည်။ ‘တင်မောင်’ဟူသောကလောင် အမည်ဖြင့်  ရေးသားခဲ့ပြီး  ဗိုလ်တထောင် သတင်းစာတွင် ဖော်ပြခံရသည့် ‘ခပ်ဆူ ရောနှင့် ဇက်ဒီ’  သိပ္ပံဆောင်းပါးသည် လည်း ပထမဆုံးဆောင်းပါးဖြစ်သည်။


နှစ်ပေါင်း ၂၀ နီးပါး   သိပ္ပံဆိုင်ရာ ဆောင်းပါးများကို  လေ့လာဖတ်ရှုနေစဉ် ၁၉၆၅ ခုနှစ်     နိုဝင်ဘာလအတွင်း၌ ပေါ်ပေါက်လာသော     ကြယ်တံခွန် အကြောင်း ဆောင်းပါးရေးရန် အိမ်တိုင် ရာရောက်  တိုက်တွန်းခဲ့သည့် လုပ်သား ပြည်သူ့နေ့စဉ်     သတင်းစာတိုက်မှ အယ်ဒီတာချုပ် ဦးလှမြိုင် (ကိုဆောင်း)၊ အယ်ဒီတာ ဦးငြိမ်းမောင် (စာရေးဆရာ ငြိမ်းနိုင်) နှင့်         သတင်းထောက်ချုပ် ဦးစိန်အေးတို့၏ အားပေးမှုများကြောင့် ၁၉၆၅ ခုနှစ်၊   နိုဝင်ဘာလ လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာတွင် ‘မှူးတင်’ ကလောင်အမည်ဖြင့် “အိကေယ ဆေခိ ကြယ်တံခွန်” သိပ္ပံဆောင်းပါးကို စတင် ရေးသားကာ  သိပ္ပံလက်နက်  တလက် လက်ဖြင့်   စာပေနယ်သို့   ဝင်ရောက်ခဲ့ သည်။  ထိုမှစတင်၍    သိပ္ပံစာပေများ တစိုက်မတ်မတ် ရေးသားလာခဲ့ရာမှ သိပ္ပံ စာရေးဆရာအဖြစ်  လူသိများ  ထင်ရှား လာခဲ့သည်။


၁၉၆၇ ခုနှစ်တွင် မှူးတင် ကလောင် အမည်ဖြင့် ‘ယနေ့သိပ္ပံ’ လုံးချင်းစာအုပ် ကို စတင်ထုတ်ဝေခဲ့သည့်အပြင်  ရေဒီယို ပြည်သူ့အကျိုးပြု   ဟောပြောချက်များ ကိုလည်း       စတင်အသံလွှင့်ခဲ့သည်။ တစ်ဖက်မှလည်း  သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး   တွဲဖက်အရာရှိ အဖြစ်    ဆောင်ရွက်ရင်း    ဌာနတွင်းရှိ ဝါသနာရှင်များ      စုစည်းပြီး    ‘သလ ပဒေသာကပွဲ’ ကို  ဦးဆောင်ကျင်းပခဲ့ သည်။ ၁၉၆၉ ခုနှစ် ပြည်ထောင်စုနေ့တွင် မန္တလေးမြို့၌    ကျင်းပသော    ‘သလ ပဒေသာကပွဲ’ အပါအဝင်   တစ်နိုင်ငံလုံး တွင် ပွဲချီပေါင်း ၅၀ ကျော် ဖျော်ဖြေခဲ့သည်။
ဆရာကြီးသည်    သိပ္ပံအကြောင်း အရာများကို         ရေးသားမှုတွင်သာ တင်းတိမ်ရောင့်ရဲ     ကျေနပ်မနေဘဲ လူတိုင်း  လူတိုင်းအား  ကျန်းမာစေလို သော စိတ်စေတနာဖြင့် ၁၉၆၈ ခုနှစ်တွင် ပြည်သူများအတွက်   အရေးပါသော ကျန်းမာရေးဘာသာရပ်ကို    အထူးပြု ရေးသားရန်ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်မှ စ၍   ကျန်းမာရေးဆိုင်ရာ   သိသင့် သိထိုက်သည်များကို ဖတ်မှတ်လေ့လာ ခြင်း၊ လက်တွေ့လေ့လာခြင်း၊ မိမိထက် တတ်ကျွမ်းသူများထံ  ချဉ်းကပ်လေ့လာ ခြင်းများ   ပြုလုပ်ခဲ့သည်။   ထိုပညာရပ် များကို အကျိုးရှိရှိ  အသုံးချကာ ကျန်းမာ ရေးနှင့်   ဆေးပညာဆိုင်ရာ ပညာပေး ဆောင်းပါးများကို စတင်ရေးသားခဲ့တော့ သည်။


သိပ္ပံသည် မှန်းဆတွေးထင်ချက်ဖြင့် ပြော၍ ရေး၍မရဘဲ တကယ်လက်တွေ့ စမ်းသပ်ပြီး  ဟုတ်မှန်သော အချက်များ ကိုသာ ရေးသားဖော်ပြရသော  ပညာဟု နားလည်ထားသည့်  ဆရာကြီးက သိပ္ပံ ပညာနှင့်   ပတ်သက်၍    ထဲထဲဝင်ဝင် လက်တွေ့ပြုလုပ်ခဲ့သည်။  စက်မှုသိပ္ပံ အကြောင်းရေးမည်ဆိုပါက        သိရှိ နားလည်ရန်  စက်ပစ္စည်းများ သို့မဟုတ် ကားအဟောင်းများကိုဝယ်ပြီး တစ်စစီ ဖြုတ်ကာ ပြန်ဆင်ပြန်တပ် ပြုလုပ်ခဲ့သည်။ 
ထို့ပြင်    ဆရာကြီးသည်    ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများနှင့် Hover Craft  တစ်ယောက်စီးယာဉ်ကို မြက်ရိတ်စက်ဖြင့်    စမ်းသပ်ပြုလုပ်ရာ အောင်မြင်ခဲ့သည်။     ပျံနိုင်သည့်အပြင် ရွှံ့နွံထဲနှင့်  ရေတိမ်ပိုင်းမှာပါ  မောင်း၍ ရခဲ့သည့် အဆိုပါ  Hover Craft ယာဉ်ကို ဆရာကြီး၏ သားအငယ်ဆုံးပင်  စီးခဲ့ရ သည်ဟု သိရပါသည်။ ဆရာကြီး၏ Logo ‘ဖွတ်ဖွတ်ညက်ညက်ကြေ’     လက်သုံး စကားနှင့်အညီ  မည်သည့်အရာတွင်မဆို ဤကဲ့သို့ လေ့လာကြိုးစားလက်တွေ့ကျ ကျ စူးစမ်းခဲ့သည့်ဆရာကြီးပင်ဖြစ်သည်။


ဆရာကြီးသည် ၁၉၆၈ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွမ်းခြံကုန်းမြို့နေ     လယ်သမားကြီး ဦးထန်ဟိုး၊ ဒေါ်သိန်းတို့၏  သမီး ၁၉ နှစ် အရွယ် ကိုးတန်းကျောင်းသူ မသန်းအေး ၏  နှလုံးခွဲစိတ်မှုကို   ခွဲစိတ်ခန်းအတွင်း လက်တွေ့သွားရောက်ကြည့်ရှုလေ့လာ မှတ်သားခဲ့သည်။  အခြားခွဲစိတ်မှုများကို လည်း သိပ္ပံဘာသာရပ်ပေါင်းစုံ  ရေးသား နိုင်ရန်အတွက် ယခုကဲ့သို့ပင်  နေရာဒေသ မရွေး  ကိုယ်တိုင်သွားရောက်လေ့လာခဲ့ ပါသည်။       စာတွေ့အတွေ့အကြုံ၊ ကိုယ်တိုင်မြင်တွေ့    မှတ်သားခဲ့ရသည့် အတွေ့အကြုံများဖြင့် ၁၉၆၉ ခုနှစ်တွင် ဆေးသိပ္ပံအကြောင်းများ  ရေးသားပြုစု ထားသည့် ‘ယနေ့သိပ္ပံ-၁’ စာအုပ်ထွက်ရှိ ခဲ့သည်။ ဆရာဝန် မဟုတ်သော်ငြားလည်း တိတိကျကျ ရေးသားချင်သည့် ဆရာကြီး ၏   မလျှော့သော ဇွဲ လုံ့လ ဝီရိယရှိမှု၊ ကြိုးစားအားထုတ်မှုများက    အတုယူ စရာ စံနမူနာကောင်းများပင် ဖြစ်ပါသည်။


ဆရာကြီးသည် အသက် ၇၃ နှစ်တွင် နှလုံးသွေးကြောကျဉ်း၍      မင်္ဂလာဒုံ စစ်ဆေးရုံတွင်   တက်ရောက်ကုသခဲ့ရ သည့်အပြင် ၂၀၀၂ ခုနှစ်   ဇွန်လ၌လည်း ဘယ် ဒူးဆစ်နာ၍     မင်္ဂလာဒုံအရိုးအထူးကု ဆေးရုံတွင်  ထပ်မံကုသမှုခံယူခဲ့ရသည်။ ထိုသို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ဒူးနာ ရောဂါနှင့်   နှလုံးရောဂါအကြောင်းကို ၂၀၀၂ ခုနှစ်  စက်တင်ဘာလထုတ် သိပ္ပံ မဂ္ဂဇင်းတွင်     ‘ကျွန်တော့်  ဒူးခေါင်းနှင့် နှလုံး’  ခေါင်းစဉ်ဖြင့်   အများသူငါ ဗဟု သုတရစေရန်အလို့ငှာ     ဆောင်းပါး ရေးသားခဲ့ပါသည်။


၁၉၇၀    ပြည့်နှစ်တွင်          သိပ္ပံပညာ သိကောင်းစရာကဏ္ဍသစ်ကို မြန်မာ့အသံ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ကြည် က မြန်မာ့အသံ လေလှိုင်းပေါ်၌  တီထွင်ခဲ့ သည်။    မြန်မာ့အသံထုတ်လွှင့်ရေးမှူး ဦးသန်းစိန်သစ်က ဆရာကြီးကို  အမည် ရှေ့တွင် သိပ္ပံစကားလုံးအား  တပ်စေပြီး ‘သိပ္ပံမှူးတင်’   အဖြစ်        သိပ္ပံပညာ သိကောင်းစရာ  အခန်းကဏ္ဍတွင် ဟော ပြောနိုင်ရန်             စင်တင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ဆရာကြီး၏ သိပ္ပံပညာ သိကောင်းစရာ   ဟောပြောချက်များက ရေဒီယိုလေလှိုင်းကြားတွင်   ပျံ့နှံ့ခဲ့သည်။  ၁၉၇၄ ခုနှစ်၊  ဩဂုတ်လတွင် ထိုရေဒီယို ဟောပြောချက်များကို စုစည်း၍  ‘သိပ္ပံ အကြောင်း သိကောင်းစရာ’   စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါသည်။ 


(ဆက်လက်ဖော်ပြပါမည်)