
အတတ်ပညာကို အပြစ်ကင်းစွာ တတ်မြောက်ခြင်းသည်
မင်္ဂလာမည်၏။
ကျော်ကျော်လှိုင်
“ဗာဟုသစ္စဉ္စ” ခေါ် အကြားအမြင် ဗဟုသုတများခြင်းသည် မင်္ဂလာမည်၏ ကို ဟောပြီးနောက် ဗုဒ္ဓမြတ်စွာဘုရား သည် “သိပ္ပဉ္စ” ခေါ် အတတ်ပညာကို အပြစ်ကင်းစွာ တတ်မြောက်ခြင်းသည် မင်္ဂလာမည်၏ဟု ဆက်ဟောပါသည်။ တစ်ခုနှင့် တစ်ခု ဆက်စပ်မှုရှိနေသည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ ကျော်က ဟောကြားခဲ့သော်လည်း ယနေ့တိုင် ခေတ်မီနေခြင်း၊ တရားတစ်ခု နှင့် တစ်ခု ဆက်စပ်မှုရှိနေခြင်းသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည့် အပြင် ဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူး တော်များကိုလည်း ပိုမိုကြည်ညိုမိပါ သည်။
အသက်မွေးဝမ်းကျောင်းပညာ
အတတ်ပညာဟုဆိုလျှင် ဦးစွာ အသက်မွေးဝမ်းကျောင်း ပညာများ အကြောင်း ဆွေးနွေးလိုပါသည်။ အတတ် ပညာထဲတွင် အဆင့်အတန်းမြင့်သည့် အတတ်ပညာများသည် ဆရာဝန်၊ အင်ဂျင်နီယာ၊ စာရင်းကိုင် စသည်တို့ ဖြစ်ပါသည်။ အနုပညာဘက်ကို ကြည့် မည်ဆိုလျှင်လည်း ပန်းချီဆွဲတတ်ခြင်း၊ ကီးဘုတ်တီးတတ်ခြင်း၊ တယောထိုး တတ်ခြင်း စသည်တို့သည်လည်း အတတ် ပညာတတ်မြောက်ခြင်း ဖြစ်ပါသည်။ လက်သမားအတတ်ပညာ၊ ပန်းရန် အတတ်ပညာ၊ လျှပ်စစ်မီးပြင်သည့် အတတ်ပညာ၊ သံချည်သံကွေး အတတ် ပညာများသည်လည်း အသက်မွေးဝမ်း ကျောင်းပြုနိုင်သော အတတ်ပညာများ ဖြစ်ပါသည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ တတ် မြောက်သူသည် ချမ်းသာအောင်မြင် မှုရရန် အခွင့်အလမ်းများပါသည်။
ယနေ့အခြေအနေမှာ လူငယ် အများစုသည် တက္ကသိုလ်ဝင်တန်း အောင်ပြီးသည့်အခါ ဘွဲ့တစ်ခုရရန် တစ်နည်းအားဖြင့် ဝိဇ္ဇာ သို့မဟုတ် သိပ္ပံဘွဲ့ တစ်ခုရအောင် ကြိုးစားကြပါ သည်။ ဝိဇ္ဇာ သို့မဟုတ် သိပ္ပံဘွဲ့ဖြင့် အလုပ် ကောင်းရရန် အခက်တွေ့ရပါသည်။ အလုပ်ထဲရောက်သည့် အခါလည်း အသက်မွေးဝမ်းကျောင်း ပညာကို ပြန်သင်ရသည့်အတွက် အချိန်ကုန်၊ ငွေကုန်ဖြစ်ရပါသည်။ ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများတွင် အထက်တန်းအောင် သည်နှင့် ကျောင်းသား တော်တော် များများသည် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများကို ကူးသွားပါ သည်။ အသက်မွေးဝမ်းကျောင်း ပညာ သင်ကျောင်းများမှ မွေးထုတ်လိုက်သော အတတ်ပညာရှင်များသည် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သို့ ဝင်ရောက်လာသည့်အခါ နိုင်ငံ၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက် လာပါသည်။ ပညာရေးတွင် ထူးချွန်သော ကျောင်းသား ကျောင်းသူများသာ အဆင့် မြင့်ပညာကို ဆက်လက်ဆည်းပူးရန် တက္ကသိုလ်များကို သွားလေ့ရှိကြပါသည်။
အပြစ်ကင်းစွာ တတ်မြောက်ခြင်း
“သိပ္ပဉ္စ” အတတ်ပညာကို အပြစ် ကင်းစွာ တတ်မြောက်ခြင်းသည် မင်္ဂလာ မည်၏ဟု မင်္ဂလာတရားတော်က ဆိုပါ သည်။ ရှေးဦးစွာ အတတ်ပညာတစ်ခုကို အပြစ်ကင်းစွာ တတ်မြောက်အောင်သင် ကြားရပါမည်။ အပြစ်ကင်းစွာဆိုသည်မှာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရမည့် အပြင် ပညာရပ်နှင့်ဆိုင်သော ကျင့်ဝတ် များကိုလည်း နားလည်ပြီး မဖောက်ဖျက် မိအောင် စောင့်ထိန်းရပါမည်။ ဆရာဝန် တစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်ရှိ သကဲ့သို့ အင်ဂျင်နီယာတစ်ယောက် လိုက်နာရမည့် ကျင့်ဝတ်များလည်း ရှိပါ သည်။ ဥပမာပေးရလျှင် ဆရာဝန် တစ်ယောက်သည် မိမိလူနာတစ်ယောက် ၏ ရောဂါအကြောင်းကို လူနာ၏ ခွင့်ပြု ချက်မရှိလျှင် အခြားသူတစ်ဦးကို ပြောပြ ခွင့် မရှိပါ။ ဆရာဝန်တစ်ယောက်သည် လူနာတစ်ယောက်ကို မလိုအပ်ဘဲ သွေးစစ်ခိုင်းခြင်း၊ ဓာတ်မှန်ရိုက်ခိုင်းခြင်း စသည်တို့ကို ငွေကြေး အသပြာကို မျှော် ကိုးပြီး မလုပ်သင့်ပါ။ မိမိအတတ်ပညာကို မှန်မှန်ကန်ကန် အသုံးချခြင်း မရှိလျှင် မင်္ဂလာတရားတော်နှင့် မညီသည့်အတွက် ရေရှည်တွင် အကျိုးစီးပွား ပျက်စီးမည် သာ ဖြစ်ပါသည်။ အတတ်ပညာရှင် များသည် အင်္ဂလိပ်လိုပြောလျှင် ပရော် ဖက်ရှင်နယ် (Professional) ပီသရပါ သည်။ မြန်မာလိုဆိုရလျှင် ပညာရှင်ပီသ ရန် လိုပါသည်။
နောက်အရေးကြီးသည့် အချက်မှာ ပညာရှင်များ တစ်ဦးနှင့်တစ်ဦး မည်သည့် ပညာက အရေးကြီးသည်။ သာသည်ကို မပြိုင်ရန် လိုပါသည်။ မတူကွဲပြားသည့် အတတ်ပညာများကို ကျွမ်းကျင်သည့် ပညာရှင်များ စုပေါင်းလုပ်ဆောင်မှသာ ထူးခြားကြီးမားသည့် အောင်မြင်မှုကို ရနိုင်ပါသည်။ မိမိနှင့် မတူကွဲပြားသည့် အတတ်ပညာရှင်များကို လေးစားမှသာ ပညာရှင် ပီသပါမည်။ “သိပ္ပဉ္စ” ဆိုသည့် မင်္ဂလာတရားတော်နှင့်လည်း ကိုက်ညီပါ မည်။
၂၁ ရာစုတွင် အတတ်ပညာတစ်ခု တည်း ထူးချွန်ရုံဖြင့် အောင်မြင်ရန် ခက်ခဲ ပါမည်။ တခြားပညာရပ်များကိုလည်း အနည်းငယ် တတ်မြောက်အောင်၊ ဗဟုသုတရှိအောင် လေ့လာလိုက်စားရန် လိုပါသည်။ ဗဟုသုတများခြင်း၏ အကျိုး ကို ဗာဟုသစ္စဉ္စတွင်လည်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ အတတ်ပညာတစ်ခုထက် မက ကျွမ်းကျင်တတ်မြောက်သူသည် ချမ်းသာအောင်မြင်မှု ပိုမိုရရှိမည်သာ ဖြစ်ပါသည်။
အဌာရဿ ၁၈ ပါး
အတတ်ပညာ သင်ယူတာနှင့် ပတ်သက်လျှင် ရှေးမြန်မာဘုရင်များ လက်ထက်က ယောက်ျားတို့ တပ်အပ် သော အဌာရဿ ၁၈ ပါးကို မင်းညီ မင်းသားများ သင်ကြားရပါသည်။ တစ်ချိန်တွင် ဘုရင်ဖြစ်လာမည့် မင်းညီ မင်းသားများ အတတ်ပညာနှင့် ပြည့်စုံ ရန် ဖြစ်ပါသည်။ အတတ်ပညာနှင့် ပြည့်စုံသူသာ မင်းကောင်းမင်းမြတ် ဖြစ် နိုင်သည်ဆိုသည့် ယဉ်ကျေးမှုကို တွေ့ရ ပါသည်။ ယောက်ျားတို့ တပ်အပ်သော အဌာရဿ ၁၈ ပါးကို လောကနီတိကျမ်း များတွင် တစ်မျိုး၊ မိလိန္ဒပဉှာပါဠိတော် တွင် တစ်ဖုံ၊ သက္ကဋကျမ်းများတွင် တစ်နည်း ရေးသားဖော်ပြကြသော်လည်း အခြေခံအချက်များမှာ အတူတူပင်ဖြစ်ပါ သည်။
လောကနီတိ၏ အဆိုအရ အဌာ ရဿ ၁၈ ပါး ဆိုသည်မှာ -
၁။ သုတိခေါ် ဗေဒင် ၄ ပုံကျမ်း အတတ်ပညာ၊
၂။ သမုတိ ခေါ် ဓမ္မသတ်ကျမ်း၊ (ယခုခေတ်စကားနှင့် ပြောရ
လျှင် ဥပဒေပညာဖြစ်ပါသည်။)
၃။ သင်္ချာ ခေါ် သတ္တဝါ၏ နိစ္စ၊ အတ္တ၊ ထာဝရ၊ ပကတိသဘောတရား
များကိုပြသည့် ကပိလရသေ့၏ သင်္ချာ အတတ်၊
၄။ ယောဂ ခေါ် သတ္တဝါတို့ဝိညာဉ် နှင့် ထာဝရ ဗြဟ္မာကြီး၏
ဝိညာဉ် ပေါင်းဆုံမိကာ မမြဲမသေ တည် နေနိုင်ရန် နည်းလမ်းပြသော ယောဂ ကျမ်းအတတ်၊
၅။ နီတိ ခေါ် လူတို့ လိုက်နာ ကျင့်ဆောင်ကြရန် လောကဝတ်
ကို ညွှန်ပြသော နီတိကျမ်းစုအတတ်၊
၆။ ဝိသေသိကာ ခေါ် သတ္တဝါ၊ လောကတို့သည် နိစ္စထာဝရ ရှိနေပုံနှင့် မမြင်နိုင်အောင် သေးငယ်သော အဏုမြူဓာတ် မှုန့်တို့ ပေါင်းဆုံမိသောကြောင့် သတ္တဝါ၊ လောကဖြစ်ပေါ်လာပုံ ကို ပြသောအတတ်၊
၇။ ဂန္ဓဗ္ဗာ ခေါ် စောင်း၊ ငြင်း စသော ကဗျာလင်္ကာအတတ်၊
၈။ ဂဏိတာ ခေါ် ဂဏန်းသင်္ချာ၊ အက္ခရာပညာအတတ်၊
၉။ ဓနု ခေါ် လေး၊ မြား အတတ် ပညာ၊
၁၀။ ပုရာဏ ခေါ် ရှေးဟောင်းနှောင်း ဖြစ် စကားပြောအတတ်ပညာ၊
၁၁။ ဇောတိသတ္ထ ခေါ် နက္ခတ် ကျမ်းအတတ်၊
၁၂။ ဣတိဟာသ ခေါ် မဟာဘာရတ စသည့် ကျမ်းစာအတတ်၊
၁၃။ တိကိစ္ဆာ ခေါ် ဆေးကုအတတ်၊
၁၄။ မာယာ ခေါ် လှည့်ပတ် ဖြားယောင်းမှု အတတ်၊ မျက်လှည့် အတတ်၊
၁၅။ ဆန္ဒတိ ခေါ် ဆန်းကျမ်းအတတ်၊
၁၆။ ကေတုဘ ခေါ် အလင်္ကာကျမ်း အတတ်၊
၁၇။ သဒ္ဒါ ခေါ် ကာတန္ဒြစသော သဒ္ဒါ ကျမ်းအတတ်ပညာ၊
၁၈။ မန္တာခေါ် ဂါထာမန္တန် မန်းမှုတ်မှု များကို ကျွမ်းကျင်သည့်
အတတ်ပညာတို့ ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် အတတ်ပညာ တစ်ခုကို ကောင်းစွာ တတ်မြောက်အောင် သင်ပြီး အပြစ်ကင်းအောင် အသုံးချရ မည့်အပြင် အခြားပညာရှင်များကိုလည်း လေးစားမှသာလျှင် သိပ္ပဉ္စဆိုသည့် မင်္ဂလာတရားတော်နှင့် ညီသည့်အတွက် ချမ်းသာအောင်မြင်ခြင်းများကို ရရှိပါ မည်။
“မှတ်သားစရာ”
အတတ်ပညာတစ်ခုကို အပြစ်ကင်း စွာ တတ်မြောက်အောင် သင်ကြားရမည့် အပြင် ပညာရပ်နှင့်ဆိုင်သော ကျင့်ဝတ် များကိုလည်း နားလည်ပြီး မဖျောက်ဖျက် မိအောင် စောင့်ထိန်းနိုင်မှသာလျှင် မင်္ဂလာတရားတော်နှင့် ညီပါမည်။ ။
ကျမ်းကိုး
၁။ သုတေသန သရုပ်ပြအဘိဓာန်။ အရှင်သြဘာသာ ဘိဝံသ မထေရ်မြတ်။
- Log in to post comments