
မောင်သောင်းဝင်း(တမန်ဟောင်း)
လူသားတိုင်းကြုံတွေ့ရမည့်အရာသည် အိုနာသေဘေးဖြစ်သည်။ ထို့ကြောင့် လူသားတိုင်း ဆုတောင်းလေ့ရှိကြသည်မှာ အိုဇာတာကောင်းရေးပင်ဖြစ်သည်။ လူတစ်ဦးသည် ဘဝတစ်လျှောက်လုံး မည်မျှပင် ကြွယ်ဝချမ်းသာနေစေကာမူ အိုဇာတာညံ့နေမည်ဆိုလျှင်ဘဝနေဝင်ချိန်သည် ပူလောင်နေမည်ဖြစ်သည်။ တချို့သောသူများသည် ငယ်စဉ်ကမပြည့်စုံသော်လည်းအိုဇာတာကောင်းသဖြင့် ဘဝနေဝင်ချိန်သည် အေးချမ်းလှပါသည်။ တရားသဘောအရကြည့်မည်ဆိုလျှင် ကံ၊ ကံ၏ အကျိုးသာဖြစ်သည်။ လူတစ်ဦးသည် အိုဇာတာကောင်းသည် ဖြစ်စေ၊ ညံ့သည်ဖြစ်စေ သား၊ သမီးများနှင့် မျိုးဆက်သစ်လူငယ်များသည် အသက်အရွယ် အိုမင်းနေပြီဖြစ်သော မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်ပေးရန် တာဝန်ရှိပေသည်။
အိုမင်းမစွမ်းသည့် မိဘများ၊ အဘိုးအဘွားများကို တစ်လှည့်ပြုစုစောင့်ရှောက်ခြင်းစာရေးသူတို့လို သား၊ သမီးများ၏ တာဝန်ပင်ဖြစ်သည်။ ထိုသို့ သက်ကြီး မိဘ၊ ဘိုးဘွားများကို စောင့်ရှောက်ရန် ပျက်ကွက်သူများသည် လူ့ကျင့်ဝတ်ဖောက်ဖျက်ခြင်း ပင်ဖြစ်သည်။ မိဘများအပေါ် တာဝန်ပျက်ကွက်ခဲ့သူ များသည် မိမိအသက်ကြီးလာလျှင်လည်း သား၊ သမီးများက လျစ်လျူရှုခြင်းခံရပေမည်။ ဆိုရလျှင် သား၊ သမီးများအနေဖြင့် သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားများကို ညှာတာစောင့်ရှောက်သွားရန် တာဝန်ရှိပါသည်။သက်ကြီးရွယ်အိုများကို ကြဉ်ဖယ် ထားခြင်းသည် ရက်စက်လွန်းရာ ကျလွန်းလှပေ သည်။ ထိုသို့လျစ်လျူရှုထားမည်ဆိုလျှင် ကိုယ်တိုင် အသက်အရွယ်ရလာချိန်တွင် ဝဋ်လည်တတ်ပါသည်။
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့
ထို့ကြောင့် သက်ကြီး မိဘ၊ ဘိုးဘွားများအပေါ် သတိရ အောက်မေ့စေသောအလို့ငှာ နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် (၄၅/၁ဝ၆) ဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ်ထိုနေ့ရောက် ရှိလျှင် ကမ္ဘာတစ်ဝန်းရှိ သက်ကြီးဘိုးဘွားများ အတွက် အမှတ်တရအခမ်းအနားများ ကျင်းပလေ့ရှိ ကြသည်။ ထိုနေ့၏ ရည်ရွယ်ချက်သည် ဇရာထောင်း လာသော သက်ကြီးရွယ်အိုများကို ပစ်ပယ်မထားရန် နှင့် နှိပ်စက်ညှဉ်းပန်းသည့် အပြုအမူများအား အကာအကွယ်ပေးရန်ဖြစ်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများကို ကြဉ်ဖယ်ထားခြင်းမျိုး မပြုလုပ်ဘဲ မိသားစုနှင့် လူမှုအသိုက်အဝန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့် ပေးသွားရန်ပင် ဖြစ်သည်။
၂ဝ၂၁ ခုနှစ်အတွက်ဆောင်ပုဒ်သည် "Digital Equity for All Ages" ‘‘သာတူညီမျှ ဒစ်ဂျစ်တယ် ကဏ္ဍ သက်ရွယ်မရွေးပါဝင်ကြ’’ ဖြစ်သည်။ ဒစ်ဂျစ် တယ် ကဏ္ဍသာတူ ညီမျှရှိစေရန် လူကြီး၊ လူလတ်၊ လူငယ် အားလုံးပါဝင်စေရန် နှိုးဆော်ထားခြင်းပင် ဖြစ်သည်။ စတုတ္ထစက်မှုတော်လှန်ရေးခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒစ်ဂျစ်တယ် ကဏ္ဍမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လျက် ရှိသည်။ ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်အသုံးပြုနိုင်ခွင့် သာတူညီမျှရရှိမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ဟန်ချက်ညီမည်ဖြစ်သည်။
သက်ကြီးရွယ်အိုများပြားလာ
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ အသက် ၆ဝ ကျော် လူဦးရေ သန်း ၁ဝဝဝ ကျော်နေပြီဖြစ် သည်။ ၂ဝ၅ဝ ပြည့်နှစ်ရောက်လျှင် ကမ္ဘာ့လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းနှင့်ညီမျှသော လူဦးရေ သန်း ၂ဝဝဝ သည် အသက် ၆ဝ ကျော်အရွယ်များဖြစ်နေမည်ဖြစ် သည်။ ၂၁ဝဝ ပြည့်နှစ်တွင် သန်း ၃ဝဝဝ ကျော် ရှိလာမည်ဖြစ်သည်။ ဆိုရလျှင် သက်ကြီးရွယ်အို အရေအတွက်သည် လူငယ်အရေအတွက်ထက် ပိုမို များပြားလာလျက်ရှိသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုး တက်နေသည့် ကမ္ဘာကြီးတွင် သက်ကြီးရွယ်အို ပြည်သူ အရေအတွက်သည် တစ်နေ့တခြားမြင့် တက်လာလျက်ရှိသည်။ အာရှဒေသသည် သက်ကြီးရွယ်အို အများဆုံးဒေသပင် ဖြစ်သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် သီးခြားလိုအပ်ချက်များကို ဖြည့် ဆည်းပေးသွားဖို့ လိုအပ်လာပြီဖြစ်သည်။ ပြည့်စုံ လုံလောက်သည့် အာမခံများပေးထားမည်ဆိုလျှင် သက်ကြီးရွယ်အိုဘိုးဘွားများသည် လူမှုအသိုက် အဝန်း၏ လုပ်ငန်းဆောင်တာများတွင် ပါဝင်ဆောင် ရွက်နိုင်ကြမည်ဖြစ်သည်။
အာရှနှင့် ဥရောပဒေသသည် အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အို အများဆုံးဒေသများဖြစ် သည်။ ကမ္ဘာပေါ်တွင် သက်ကြီးရွယ်အိုအများဆုံး နိုင်ငံသည် ဂျပန်နိုင်ငံဖြစ်သည်။ တိုင်းပြည်လူဦးရေ၏ ၂၈ ရာခိုင်နှုန်းအထိရှိနေသည်။ ဆိုလိုသည်မှာ ဂျပန် နိုင်ငံတွင် လူ ၄ ဦးတွင် တစ်ဦးသည် သက်ကြီးရွယ်အို ဖြစ်နေသည်။ ထို့နောက် အီတလီ ၂၃ ရာခိုင်နှုန်း၊ ဖင်လန်၊ ပေါ်တူဂီနှင့် ဂရိ ၂၂ ရာခိုင်နှုန်း တို့ဖြစ်ကြ သည်။ ၎င်းနိုင်ငံများတွင် မွေးဖွားနှုန်းကျဆင်းလာသောကြောင့် သက်ကြီးရွယ်အို များပြားလာခြင်းဖြစ် သည်။ သက်ကြီးရွယ်အို အရေအတွက်များပြား လာမှုကြောင့် ဆေးဝါးစောင့်ရှောက်မှုစရိတ်၊ ပင်စင် စရိတ်များ မြင့်တက်လာခြင်းနှင့် လုပ်သားအင်အား ကျဆင်းလာခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ သား၊ သမီးများသည် သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားများကို စောင့်ရှောက် ရန် တာဝန်ရှိနေသည် မဟုတ်ပါလား။
သက်ကြီးရွယ်အိုများကိုညှာတာပေးစေလို
ကမ္ဘာတစ်ဝန်း သက်ကြီးအရေအတွက် မည်မျှ ပင် များပြားလာစေကာမူ ထိုသူများသည် စာရေးသူ တို့၏ ဘိုးဘွား၊ မိဘများ ဖြစ်ကြသည်။ ကျေးဇူးရှင် များ ဖြစ်ကြသည်။ ထိုသူများ၏ ကျေးဇူးတရားများ ကြောင့် စာရေးသူတို့အားလုံး လူလိုသူလို နေထိုင်နိုင် ခြင်းဖြစ်သည်။ တစ်နေ့တွင် မိမိတို့လည်း ထိုနေရာ ကိုရောက်ရှိကြမည်ဖြစ်သည်။ လက်ရှိအချိန်တွင် သက်ကြီးရွယ်အိုများကို လျစ်လျူရှုထားကြမည်ဆို လျှင် မိမိအလှည့်တွင်လည်း အလားတူခံစားကြရမည် ဖြစ်သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ၊ မိဘ၊ ဘိုးဘွားများကို မိမိတို့တတ် နိုင်သလောက်ပြုစုစောင့် ရှောက်သွားရန်လိုအပ်ပါသည်။
တချို့သော သား၊ သမီးများသည် မိဘများ၊ သက်ကြီးရွယ်အိုများကို လျစ်လျူရှုထား တတ်ကြသည်။ ဆိုလိုသည်မှာ မိသားစုအရေးအရာ များတွင် ပါဝင်ဆွေးနွေးသည်ကိုပင် လက်မခံကြ တော့ပေ။ မိဘ၊ ဘိုးဘွားများနေရာက ဝင်ရောက် ခံစားကြည့်သင့်ပါသည်။ မိဘ၊ ဘိုးဘွားများသည် မိသားစုတွင် သြဇာမညောင်းတော့သဖြင့် သိမ်ငယ် စိတ်ဝင်လာတတ်ပါသည်။ တချို့သော သား၊ သမီး၊ မြေး၊ မြစ်များသည် သက်ကြီးရွယ်အိုမိဘ၊ ဘိုးဘွား များကို တလေးတစား ပြောဆိုဆက်ဆံခြင်းမျိုးမရှိ တော့ပေ။ အပြုအမူများသည် စိမ်းကားလာကြသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကာမူ သက်ကြီးရွယ်အိုများသည် မိမိတို့၏ ကျေးဇူး ရှင်များဖြစ်ကြသဖြင့် လျစ်လျူရှုမထားသင့်ပေ။
တချို့သောသူများသည် အသက်အရွယ်ရလာ သော မိဘများကို ဘိုးဘွားရိပ်သာသို့ ပို့လေ့ရှိကြ သည်။ အမှန်စင်စစ်မှာမူ ဘိုးဘွား၊ မိဘများသည် သား၊ သမီး၊ မြေး၊ မြစ်များနှင့်အတူ နေထိုင်လိုကြ သည်။ တချို့သော ချွေးမများနှင့် သမက်များသည် ယောက္ခမများကို မကြည်ဖြူကြပေ။ ထို့ကြောင့် သား၊ သမီးများသည် သက်ကြီးရွယ်အို ဘိုးဘွား၊ မိဘများကို ဘိုးဘွားရိပ်သာများသို့ ပို့လိုက်ကြရ သည်။ ထိုသူများ အိုမင်းမစွမ်းဖြစ်လာချိန်တွင် သူတို့၏ သား၊ သမီးများက ဘိုးဘွားရိပ်သာကို ပို့မည်မှာ ဧကန်မုချပင်ဖြစ်သည်။ ဝဋ်သည် နောက် ဘဝအထိ မကူးပေ။ ချက်ချင်းလည်တတ်ပါသည်။ ထို့ကြောင့် မိဘ၊ ဘိုးဘွားများကို အနီးကပ်ပြုစု စောင့်ရှောက်ပေးသင့်ပါသည်။ ထိုသို့ ပြုစုစောင့် ရှောက်ပေးမည်ဆိုလျှင် များစွာအကျိုးထူးပါသည်။
ဆိုရလျှင် နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့ သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်သည်။ သက်ကြီးရွယ်အိုများသည် လူ့အသိုက် အဝန်းအတွက် အရေးပါနေဆဲပင်ဖြစ်သည်။ အိမ်ထောင်စုတစ်စုအတွက် အကောင်း၊ အဆိုးနှင့် အကြောင်း၊ အကျိုးကို မှန်ကန်စွာ သုံးသပ်တတ်သူ များဖြစ်ကြသည်။ လူ့ အသိုက်အဝန်းတွင် သက်ကြီး ရွယ်အိုများကို လူပိုဟုထင်နေမည်ဆိုလျှင် လုံးဝ မှားယွင်းနေမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများကို ကြဉ်ဖယ်ထားမည်ဆိုလျှင်၊ လျစ်လျူရှုထားမည် ဆိုလျှင် ထိုအသိုက်အဝန်းအတွက် အန္တရာယ်ပင်ဖြစ် သည်။ အထူးသဖြင့် သား၊ သမီးများသည် သက်ကြီးရွယ်အို မိဘဘိုးဘွားများကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်သွားရန် လိုအပ်ပါသည်။ တတ်နိုင် ပါက သက်ကြီးရွယ်အိုများကို ဘိုးဘွားရိပ်သာသို့ ပို့မထားသင့်ပါ။ သက်ကြီးရွယ်အိုများသည် ဘဝ နေဝင်ချိန်ကို သား၊ သမီး၊ မြေး၊ မြစ်များနှင့် သိုက်သိုက်ဝန်းဝန်း ဖြတ်သန်းသွားလိုကြသည်။ မည်သို့ပင်ဆိုစေကာမူ လူငယ်များ၊ အထူးသဖြင့် သား၊ သမီးများအနေဖြင့် သက်ကြီးရွယ်အို ဘိုးဘွား၊ မိဘများအပေါ် တတ်နိုင်သမျှ ကျွေးမွေးပြုစု စောင့်ရှောက်လျက် ထောက်ထားညှာတာနိုင်ကြပါ စေ။ အထူးသဖြင့် ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေချိန်တွင် သား၊ သမီးများအနေဖြင့် သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားများကို ပိုမိုဂရုစိုက် သွားသင့်ပါသည်။ အာဟာရရှိသော အစားအစာများ ကျွေးခြင်း၊ စိတ်ချမ်းသာအောင်ထားခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း တို့ကို အလေးထားလုပ်ဆောင်သွားသင့်ပါသည်။
သာတူညီမျှ ဒစ်ဂျစ်တယ်ကဏ္ဍ သက်ရွယ်မရွေးပါဝင်ကြ
ဆိုရလျှင် စတုတ္ထစက်မှုတော်လှန်ရေးခေတ်တွင် ဒစ်ဂျစ်တယ်ကဏ္ဍသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာသည့်အပြင် လူမှုအဖွဲ့အစည်းတွင် ကဏ္ဍအားလုံး တိုးတက်ပြောင်းလဲလာလျက်ရှိသည်။ နည်းပညာတိုးတက်မှုသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုလျက်ရှိသည်။ သို့သော် လက်ရှိအချိန်အထိ ကမ္ဘာ့ လူဦးရေထက်ဝက်ခန့်သည် အင်တာနက်ကွန်ရက် ချိတ်ဆက်နိုင်ခြင်း မရှိသေးပေ။ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် အင်တာနက်ကွန်ရက် ချိတ်ဆက်နိုင်မှု ၈၇ ရာခိုင်နှုန်းအထိ ရရှိသော်လည်း ဖွံ့ဖြိုးမှုနောက်ကျ သည့် နိုင်ငံများတွင် ၁၉ ရာခိုင်နှုန်းမျှသာရရှိသေး သည်။ အထူးသဖြင့် အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများသည် အခြားသောသူများထက် ဒစ်ဂျစ်တယ် သုံးစွဲနိုင်မှု အခွင့်အလမ်း ဆုံးရှုံးလျက်ရှိကြသည်။ ထို့ကြောင့် နည်းပညာကြောင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများကို လက်လွတ်ဆုံးရှုံးရလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် သက်ကြီးရွယ်အိုများ အပေါ် ဆိုက်ဘာမှုခင်းများ၊ လူ့အခွင့်အရေး၊ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ ဒစ်ဂျစ် တယ်နည်းပညာသည် နိုင်ငံအဆင့်၊ ဒေသအဆင့်မှ သည် ကမ္ဘာလုံးဆိုင်ရာ မူဝါဒနှင့် စီမံအုပ်ချုပ်မှုတို့ အပေါ် အလျင်အမြန် ကျော်တက်လျက်ရှိသည်။ သမားရိုးကျပုံစံများ၊ ဒစ်ဂျစ်တယ် အသုံးပြုမှုနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံမှုများကို ဖြေရှင်းရင်း လူမှုယဉ်ကျေးမှုဆိုင်ရာ စံနှုန်းများခံစားခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ချမှတ်နိုင်စေရန် သက်ကြီး ရွယ်အိုများအား ဒစ်ဂျစ်တယ်အသုံးပြုနိုင်ခွင့် ဖန်တီး ပေးရန်လိုအပ်ပေသည်။ ဒစ်ဂျစ်တယ်ခွဲခြားမှုသည် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၊ လူမှုအသိုက်အဝန်းများ နှင့် ပြည်သူများကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေလျက် ရှိသည်။ ထို့ကြောင့် ကမ္ဘာ့ပြည်သူများအားလုံး ဒစ်ဂျစ်တယ်သုံးစွဲနိုင်ခွင့်နှင့် ဒစ်ဂျစ်တယ်ကွာဟချက် သည် စိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေသဖြင့် ကိုင်တွယ်ဖြေရှင်းသွားရန် လိုအပ်နေဆဲပင်ဖြစ် သည်။ ။
- Log in to post comments