
မောင်သောင်းဝင်း(တမန်ဟောင်း)
===============
လူသားတို့နေထိုင်လျက်ရှိသော ဤကမ္ဘာမြေကြီး ဟန်ချက်ညီစွာရပ်တည်နေနိုင်ရန်အတွက် ဇီဝမျိုးစုံ မျိုးကွဲများစွာပါဝင်သောဂေဟစနစ်ဖြင့် ထိန်းသိမ်း ထားခြင်းဖြစ်သည်။ ထိုဂေဟစနစ်သည် လူသား တို့၏ပယောဂကြောင့် တဖြည်းဖြည်းယိုယွင်း ပျက်စီးလာနေပြီဖြစ်သည်။ အထူးသဖြင့် သစ်ပင် များကို လွန်ကဲစွာ ခုတ်ယူနေကြသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ရှားပါးမျိုးစိတ်များကိုပါ သတ်ဖြတ်ရောင်းချနေကြသဖြင့် ဂေဟစနစ်သည် တစ်နေ့တခြား ပိုမိုဆုတ်ယုတ်လာနေပြီဖြစ်သည်။ ဂေဟစနစ်တစ်ခုလုံးအတွက် အခြေခံအကျဆုံး သည် သစ်ပင်များပင်ဖြစ်သည်။ သက်ရှိသတ္တဝါ အားလုံးသည် သစ်ပင်များပေါ်တွင် မှီတည်နေကြ ရသည်။
သစ်ပင်၏ အကျိုးကျေးဇူးများ
ဤကမ္ဘာမြေပေါ်တွင် သစ်ပင်မရှိလျှင် သက်ရှိအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။ သစ်ပင်များသည် လူသားတို့ကို ဘေးအန္တရာယ် ဖြစ်စေနိုင်သော လေထုအတွင်းမှ ကာဗွန်ဒိုင် အောက်ဆိုက်၊ အနံ့သက်ဆိုးများ၊ အဆိပ် အတောက်ဓာတ်ငွေ့များ၊ အမှုန်အမွှားများကို စုပ်ယူပြီး အောက်ဆီဂျင်ထုတ်လွှတ်ပေးကြသည်။ ထို့အပြင် ပင်စည်နှင့် အမြစ်များသည် မိုးရေကို စုပ်ယူထားသဖြင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကို လည်း ကာကွယ်ပေးနိုင်သည်။ အထူးသဖြင့် မိုးရေ များကို မြစ်ချောင်းများအတွင်းသို့ တိုက်ရိုက်စီးဆင်း စေခြင်းမရှိဘဲ ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ ထို့ကြောင့် သစ်ပင်၊ သစ်တောပေါများသော ဒေသရှိ ပြည်သူများသည် မျှတသည့်ရာသီဥတုကိုသာ ကြုံတွေ့ခံစားကြရသည်။
သစ်ပင်စိုက်ပျိုးခြင်းသည် လတ်တလော အကျိုးကျေးဇူးများအပြင် အနာဂတ်မျိုးဆက်များ အတွက်လည်း များစွာသောအကျိုးတရားများကိုရရှိစေပါသည်။ သစ်ပင်များမှ လက်တွေ့ရရှိသော အကျိုးကျေးဇူးများအနက် တချို့မှာ-
(၁) အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ကာကွယ်နိုင်ခြင်း၊
(၂) လေထုကို သန့်စင်ပေးနိုင်ခြင်း၊
(၃) အောက်ဆီဂျင်ထုတ်လွှတ်ပေးခြင်း၊
(၄) စွမ်းအင်ထိန်းသိမ်းနိုင်ခြင်း၊
(၅) ပတ်ဝန်းကျင်ကိုအေးမြစေခြင်း၊
(၆) ရေထုညစ်ညမ်းမှုကိုကာကွယ်ခြင်း၊
(၇) ရေအရင်းမြစ်ကိုထိန်းထားနိုင်ခြင်း၊
(၈) မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ခြင်း၊
(၉) စီးပွားရေးအခွင့်အလမ်းများစွာကို ဖန်တီး ပေးနိုင်ခြင်း၊
(၁၀) စားနပ်ရိက္ခာဖန်တီးပေးခြင်း၊
(၁၁) ဆူညံသံများကိုလျှော့ချပေးနိုင်ခြင်း၊
(၁၂) ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ် ပေးနိုင်ခြင်း၊
(၁၃) လောင်စာနှင့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်နိုင်ခြင်း။
သစ်ပင်စိုက်ပျိုးသင့်သောအချိန်
မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်သော်လည်း သစ်ပင်တစ်ပင်ကို ချက်ချင်းစိုက်ပျိုးမည်ဆိုလျှင် ရှင်သန်ဖြစ်ထွန်းနိုင်စွမ်းရှိမည် မဟုတ်ချေ။ ပျိုးထောင်၊ ပေါင်းရှင်း၊ မြေညှိ၊ ကျင်းတူး၊ မြေဩဇာ ထည့် စသည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်များကိုစနစ်တကျဆောင်ရွက်သွားမှသာလျှင် စိုက်ပျိုးသော သစ်ပင်သည် ရှင်သန်ဖြစ်ထွန်းနိုင်စွမ်းရှိမည် ဖြစ်သည်။ သစ်ပင်တစ်ပင်ကို ပေါင်းမြက်များဖုံးလွှမ်း ပြီး ရေဝပ်နေသောနေရာများတွင် ချက်ချင်းကျင်းတူး ၍ စိုက်ပျိုးမည်ဆိုလျှင် ရှင်သန်နိုင်စွမ်းသည် အလားအလာနည်းပါးနေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇွန်လမှစ၍ စက်တင်ဘာလ လောက်အထိ မိုးဖြိုင်ဖြိုင်ရွာသွန်းသည်။ ထို့ကြောင့် မေလလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားသင့် သည်။ ထို့နောက် မိုးတွင်းကာလတစ်ခုလုံး အလျဉ်း သင့်သလို စိုက်ပျိုးသွားနိုင်မည် ဖြစ်သည်။ တတ်နိုင်ပါ က ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် တစ်လ တစ်ကြိမ်လောက်စိုက်ပျိုးသွားမည်ဆိုလျှင် သင့်တော် ပါသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားတိုင်းသည် မိုးတွင်းကာလတွင် အနည်းဆုံးသစ်ပင်တစ်ပင်လောက် တော့ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားသင့်ပါ သည်။
အမျိုးသားရေးအသွင်ဖြင့် သစ်ပင်စိုက်ပျိုးသင့်
မြန်မာလူမှုအသိုက်အဝန်းတွင် သစ်ပင်ကို တန်ဖိုးထားတတ်သည့် အလေ့အထသည် မရှိ သလောက်ပင် နည်းပါးနေပါသေးသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် မိုးရာသီတွင် သစ်ပင်စိုက်ပျိုး ရာ၌ ပြည်သူများ စိတ်ပါဝင်စားလာအောင် ပညာပေး စည်းရုံးဆောင်ရွက်လျက်ရှိသည်။ ပရဟိတအဖွဲ့ အစည်းများကိုလည်း တိုက်တွန်းအားပေးသင့်ပါ သည်။ သာဓကအနေဖြင့် မိုးရာသီတွင် ဦးစီးရုံးများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ပြုလုပ် ခြင်းဖြင့် ပြုန်းတီးသွားသောသစ်ပင်များနေရာတွင် အတိုင်းအတာတစ်ခုအထိ အစားထိုးနိုင်မည် ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံကို မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က ဦးဆောင်နေသည်ဖြစ်စေ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ကိုမူ လျစ်လျူ ရှုထား၍မရချေ။ မည်သို့ပင်ဆိုစေကာမူ နောင်လာ မည့်မျိုးဆက်သစ်များအတွက် အမျိုးသားရေးတာဝန် တစ်ရပ်လို သဘောထားကာ သစ်ပင်များ ရှင်သန် ဖြစ်ထွန်းအောင် စိုက်ပျိုးသွားရန်လိုအပ်ပါသည်။
စဉ်ဆက်မပြတ်စိုက်ပျိုး
အမှန်တော့ တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများသည် နှစ်စဉ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုး မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြုလုပ် လျက်ရှိသည်။ နိုင်ငံနှင့် ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ သက်ရှိလောက တည်မြဲရေး၊ ဇီဝမျိုးကွဲများရှင်သန်နိုင်ရေး၊ ဂေဟ စနစ်တည်မြဲရေး၊ ရေဝရေလဲဒေသ ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုမျှတရေးဆိုသည့် ကောင်းမွန်သော ရည်မှန်းချက်များဖြင့် စဉ်ဆက်မပြတ်စိုက်ပျိုးနေခြင်း ဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် အရိပ်ရပင်၊ လေကာ ပင်များအပြင် ရတနာတန်းဝင်ကျွန်းပင်များ၊ ပြည်ပ ဈေးကွက်ဝင် မျိုးကောင်း၊ မျိုးသန့်သရက်ပင်များ လည်း ပါဝင်နေသည်။ မည်သို့ပင်ဆိုစေကာမူ အနာဂတ်မျိုးဆက်များသည် ထိုအသီးအပွင့်များကိုခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။
ရှင်သန်ဖြစ်ထွန်းအောင်ပြုစုပျိုးထောင်
လူသားတို့သည် မိမိတို့ခုတ်လှဲဖြုန်းတီးခဲ့သော သစ်တော၊ သစ်ပင်များနေရာတွင် အစားထိုးသစ်ပင်၊ သစ်တောများ ရှင်သန်ဖြစ်ထွန်းအောင် ရည်မှန်းချက် ထား၍ စနစ်တကျစိုက်ပျိုးသွားရန် လိုအပ်ပါ သည်။ သစ်ပင်စိုက်ပျိုးမှုနှင့်ပတ်သက်၍ နှစ်စဉ် မိုးရာသီရောက်ရှိတိုင်း နိုင်ငံတစ်ဝန်း၌ သစ်ပင် စိုက်ပျိုးမှုများကို မီဒီယာများတွင် ဝေဆာစွာ ဖော်ပြလေ့ရှိကြ သည်။ ထိုသို့သစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်အရေအတွက်ကိုသာ ထုတ်ပြန်လေ့ ရှိကြပြီး နှစ်စဉ် ရှင်သန်မှုအပင်အရေအတွက်ကိုမူ မည်သည့်ဌာန၊ အဖွဲ့အစည်းကမျှ ထုတ်ပြန်လေ့ မရှိပေ။
ထိုသို့မထုတ်ပြန်နိုင်ခြင်းသည် မိမိတို့စိုက်ပျိုး ထားသောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းမှု ရှိ၊ မရှိ အပေါ် စစ်ဆေးကြပ်မတ်မှု၊ မြေဩဇာကျွေး၊ ရေလောင်း၊ ပေါင်းသင်ပြုစုပျိုးထောင်မှု စသည့် လုပ်ငန်းများကို အလေးတယူလုပ်ဆောင်ခြင်းမရှိ သည့် သက်သေသာဓကများပင် ဖြစ်သည်။ ထိုသို့နှစ်စဉ်စိုက်ပျိုးထားသည့်သစ်ပင်များ အမှန်တကယ် သာ ရှင်သန်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုဧရိယာသည် သိသာစွာတိုးတက်လာမည် မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
သစ်တောပြုန်းတီးမှု၏ဆိုးကျိုးများ
သစ်တောပြုန်းတီးမှုများကြောင့် လူသားတို့ အပေါ် များစွာသောဆိုးကျိုးများကို သက်ရောက်စေ နိုင်ပါသည်။ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်လိုက်သောအခိုးအငွေ့များကို စုပ်ယူ နိုင်စွမ်းမရှိတော့သဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများပြားလာခြင်း၊ ကမ္ဘာကြီးပူနွေး လာခြင်း၊ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လာသဖြင့် မိုးကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းထန်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများ ကျရောက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ သေကျေ ပျက်စီးကြသဖြင့် ဂေဟဟစနစ်ပျက်ယွင်းလာခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ ရေလျှံခြင်း၊ လေထု အတွင်း၌ ရေငွေ့ခန်းခြောက်လာခြင်း၊ စားနပ်ရိက္ခာ ရှားပါးလာခြင်း စသည့်များစွာသောဆိုးကျိုးများကို ဖြစ်ပေါ်လာစေပါသည်။
သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးကြပါစို့
ဆိုရလျှင် သစ်ပင်၊ သစ်တောများသည် သက်ရှိလောကတည်မြဲရေးအတွက် များစွာအရေး ပါလျက်ရှိသည်။ သစ်တောများပြုန်းတီးမှုသည် လူသားနှင့် သက်ရှိလောကအားလုံးကို ဆင့်ကဲ ဆိုးကျိုးများကိုသာ ဖြစ်စေနိုင်ပေသည်။ ထိုဆိုးကျိုး များကို ကာကွယ်နိုင်ရန်အတွက် လူသားအားလုံး သည် သစ်ပင်၊ သစ်တောများအပေါ် တန်ဖိုးထားတတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူသွား ရန် လိုအပ်ပါသည်။ လူသားတို့သည် လတ်တလော ကိုယ်ကျိုးစီးပွားကိုသာ ရှုမြင်လျက် သစ်ပင် သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲရောင်းချ ခြင်းမျိုးကို အထူးရှောင်ရှားသွားရန် လိုအပ်ပါသည်။ ထို့အပြင် အကျိုးမဲ့ပြုန်းတီးသွားသော သစ်ပင်၊ သစ်တောများနေရာတွင် အစားထိုးသစ်ပင်များကိုရှင်သန်ဖြစ်ထွန်းအောင် စီမံချက်ဖြင့်စနစ်တကျ စိုက်ပျိုးသွားရန်လည်း အရေးတကြီးလိုအပ်နေပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံသားအားလုံး သည် သစ်ပင်ချစ်မြတ်နိုးတတ်သည့်အလေ့အထကောင်းများကို မွေးမြူလျက် သက်ရှိလောက တည်မြဲရေးအတွက် သစ်ပင်များ ပိုမိုရှင်သန် ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြပါစို့ဟု စေတနာ ဖြင့် အကြံပြုတိုက်တွန်းလိုပါသည်။ ။
- Log in to post comments