သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့

 

ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ အကြားတွင် အိုဇုန်း ဓာတ်ငွေ့အလွှာရှိသည်။ လူသားတို့အသက်ရှင်သန်ရေးအတွက် အက်တမ်နှစ်ခုနှင့်   ဖွဲ့စည်းထားသည့်   အောက်ဆီဂျင်ဓာတ်ငွေ့ (O2)  သည် မရှိမဖြစ်လိုအပ်သကဲ့သို့ပင် အက်တမ်သုံးခုနှင့်ဖွဲ့စည်း ထားသည့် အောက်ဆီဂျင် (O3) ဖြစ်သော အိုဇုန်းကလည်း အရေး ကြီးသည်။ မိမိတို့ဦးခေါင်းအထက် ကောင်းကင်ယံတွင် ၁၀ ကီလို မီတာမှ ၂၀ ကီလိုမီတာထိ အထူရှိသည်။ အိုဇုန်းဓာတ်ငွေ့အလွှာက ကမ္ဘာကြီးကို   ထီးသဖွယ်မိုးကာ  သတ္တဝါတို့ကို ပျက်စီးစေသည့် ခရမ်းလွန်ရောင်ခြည်များ၏   ၉၇  ရာခိုင်နှုန်းမှ   ၉၉   ရာခိုင်နှုန်း အထိကို စုပ်ယူထားလိုက်သည်။

 


ကမ္ဘာမြေပြင်သို့ကျလာသော ကျန်သည့်ခရမ်းလွန်ရောင်ခြည် ရာခိုင်နှုန်းအနည်းငယ်မျှကလေးသည်ပင်    နှစ်စဉ်လူနှစ်သန်းမှ သုံးသန်းအထိ  အရေပြားကင်ဆာဖြစ်ပွားစေပြီး  ၆၆၀၀၀ ခန့် သေဆုံးစေသည်ဟု ယူအင်န်အီးပီအစီရင်ခံစာတစ်ရပ်ကဖော်ပြသည်။   အိုဇုန်းလွှာပျက်စီး၍   ကမ္ဘာမြေပြင်သို့    ခရမ်းလွန် ရောင်ခြည်များ အတားအဆီးမဲ့ကျဆင်းလာမည်ဆိုပါက လူတို့ တွင်  အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲရောဂါ၊ ကိုယ်ခံအား စနစ်ကျဆင်းသည့်    ရောဂါနှင့်   သီးနှံထွက်နှုန်းကျဆင်းသည့် ပြဿနာ၊ အဏ္ဏဝါဂေဟစနစ်ပျက်စီးသည့် ပြဿနာ၊ ရုပ်ဝတ္ထုများ ပျက်စီးသည့် ပြဿနာတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်ဟုဆိုသည်။ လူနှင့်သက်ရှိတို့အပေါ် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ် ပေးထားသည့်  အိုဇုန်းလွှာသည် လူတို့ပယောဂကြောင့် ပေါက်ပြဲ ပျက်စီးခဲ့ကြောင်း  ၁၉၈၅  ခုနစ်တွင် သုတေသီများက ထုတ်ပြန် ကြေညာခဲ့သည်။

 


အိုဇုန်းလွှာပျက်စီးမှုကို    ဝိုင်းဝန်းထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများ        ပူးပေါင်းဆောင်ရွက်ကြရန်     အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ၁၉၈၅ ခုနစ်တွင် လည်းကောင်း၊  အိုဇုန်းလွှာကိုပျက်စီးစေသော   ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ      မွန်ထရီရယ်နောက်ဆက်တွဲ      စာချုပ်ကို ၁၉၈၇   ခုနစ်   စက်တင်ဘာ  ၁၆    ရက်နေ့တွင်လည်းကောင်း အတည်ပြုချုပ်ဆိုကြပြီး မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်။ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ် အောင်မြင်စွာ စာချုပ်ဆိုနိုင်ခဲ့သည့် စက်တင်ဘာ ၁၆ ရက် နေ့ကို “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” ဟူ၍ သတ်မှတ်ထား ခြင်းဖြစ်သည်။

 


နိုင်ငံပေါင်း ၁၉၇ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏          ရည်ရွယ်ချက်မှာ အိုဇုန်းလွှာကာကွယ်ရေးပင်ဖြစ်ပြီး     အိုဇုန်းလွှာကို    ပျက်စီး စေသည့် အရာဝတ္ထုများ ထုတ်လုပ်ခြင်းကို ကန့်သတ်ထားသည်။ ယခုနှစ်သည် မွန်ထရီရယ်စာချုပ်၏ ၃၅ နှစ်ပြည့်မြောက်သော နှစ်ဖြစ်ပြီး မြေကမ္ဘာပေါ်ရှိ သက်ရှိများအား အကာအကွယ်ပေးနိုင် ရေးအတွက် တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ထားသည်။ လွန်ခဲ့သည့် ၃၅ နှစ်တာအတွင်း ပူးပေါင်းဆောင်ရွက် မှုများ၏ ရလဒ်ကောင်းများထွက်ပေါ်လာခဲ့ပြီဖြစ်ရာ လူသားတို့၏ ပယာဂကြောင့်    ယိုယွင်းခဲ့ရသည့်    သဘာဝပတ်ဝန်းကျင်ကို လူသားတို့၏    လုံ့လဥဿာဟဖြင့်သာ    ပြန်လည်တည်ဆောက် ကြရပါမည့်အကြောင်း။      ။