သက်တော်ရှည် သင်္ချာပါမောက္ခ ဆရာကြီးဦးဘတုတ်

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

သက်တော်ရှည် သင်္ချာပါမောက္ခ ဆရာကြီးဦးဘတုတ်

===============================

 

မြင့်မြင့်ခိုင်

 

ရန်ကုန်တက္ကသိုလ်တည်ထောင်နှစ် နှစ်တစ်ရာပြည့်မည့် ရက် နီးကပ်လာသည်နှင့်အမျှ သတင်းစာ၊ စာစောင် များတွင် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဆောင်းပါးများ ဝေဝေဆာဆာ ထွက်ရှိနေပါသည်။ တက္ကသိုလ်၏ နှစ်တစ်ရာအတွင်း မြင်ကွင်းအဖုံဖုံကို ရှုထောင့်အစုံစုံမှ ရေးသားထားကြသဖြင့် လွမ်းမောဖွယ် ပုံရိပ်များကို တွေ့မြင်သိရှိခွင့်ရနေကြပါသည်။

 

အသက်အရှည်ဆုံးပုဂ္ဂိုလ်

 

ယခုအချိန်တွင် တက္ကသိုလ် မောင်သင်္ချာသာ  အသက်ထင်ရှားရှိနေပါက မြန်မာနိုင်ငံသင်္ချာသမိုင်းတွင် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခ/ဌာနမှူးများ သမိုင်းတွင်လည်းကောင်း အသက်အရှည်ဆုံးပုဂ္ဂိုလ် ဖြစ်နေသည့် သင်္ချာပါမောက္ခ ဆရာကြီး ဦးဘတုတ် အကြောင်း ဆောင်းပါးတစ်ပုဒ် ထွက်ရှိလာမည်မှာ ဧကန် မလွဲ အသေအချာပဲ ဖြစ်ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အသက် ၁၀၀ တင်းတင်းပြည့်မည့် ဆရာကြီး ဦးဘတုတ်ကို ရန်ကုန်တက္ကသိုလ်ကြီး၏ ဖွားဖက်တော် သက်တော်ရှည်ဆရာကြီးအဖြစ် တက္ကသိုလ် မောင်သင်္ချာက “သင်္ချာပါမောက္ခ ဦးဘတုတ် ဖြတ်ကျော် ခဲ့သောဘဝခရီး” အမည်ရှိစာအုပ်တွင် ကင်ပွန်းတပ် ခဲ့ခြင်း ဖြစ်ပါသည်။ ဆရာကြီး အသက် ၉၀ ပြည့်မည့်နေ့ အမီ ထုတ်ဝေခဲ့သော အဆိုပါစာအုပ်တွင် ဆရာကြီး၏ကိုယ်ရေးအတ္ထုပ္ပတ္တိအဖြစ် ဆရာကြီး၏ ဘဝခရီး စ၊ လယ်၊ ဆုံးတို့ကို တက္ကသိုလ်မောင်သင်္ချာ (ဒေါက်တာ ခင်မောင်ဆွေ)က ပြည့်ပြည့်စုံစုံ စာပန်းချီရေးဖွဲ့၍ ရောင်စုံ ခြယ်မှုန်းပြခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် ဆရာကြီး ဦးဘတုတ် ယနေ့တိုင် သက်ရှိထင်ရှားရှိနေကြောင်းကိုမူ အများမသိရှိကြသေးသဖြင့် သိရှိအောင်ပြောပြပေးသော စာတစ်ပုဒ်ကို ဆရာဆွေ(ဒေါက်တာခင်မောင်ဆွေ)ကိုယ်စား ရေးသားပေးပါရန် မဝင်းကြည် (ဒေါက်တာဒေါ်ဝင်းကြည်)က ကျွန်မကို တိုက်တွန်းပြောကြားလာပါသည်။ ထို့ကြောင့် ကျွန်မ၏ ဆရာရင်း(သင်္ချာဂုဏ်ထူးတန်းမှ သင်္ချာမဟာ သိပ္ပံတန်းအထိ ပို့ချသင်ပြပေးခဲ့သောဆရာ) ဆရာကြီး ဦးဘတုတ်ကို ဂါရဝပြုမှုတစ်ခုအဖြစ်လည်းကောင်း၊ ကျွန်မ၏ခင်ပွန်း တက္ကသိုလ်မောင်သင်္ချာ (ဒေါက်တာ ခင်မောင်ဆွေ)ကို သတိရဂုဏ်ပြုမှု တစ်ခုအဖြစ် လည်းကောင်း ရည်ရွယ်ပြီး ဤစာစုကို ရေးသားလိုက် ရပါသည်။

 

ဘဝမှတ်တမ်းအကျဉ်း

 

ပထမဦးစွာ “သင်္ချာပါမောက္ခဦးဘတုတ် ဖြတ်ကျော် ခဲ့သော ဘဝခရီး” အမည်ရှိစာအုပ်ကို လက်လှမ်းမမီသူများ အတွက် ဆရာကြီး၏ ဘဝမှတ်တမ်းအကျဉ်းကို အထက်ပါ စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးပါမည်-

 

- ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် မန္တလေးမြို့ ရှမ်းပွဲရပ်၌ ဖွားမြင်သည်။ ဖခင် ဦးအောင်ကြွယ်၊  မိခင် ဒေါ်ဆင့်တို့၏ တတိယ မြောက်သား ဖြစ်သည်။

 

- ၁၉၃၁ ခုနှစ် မတ်လတွင် စတုတ္ထတန်း ဘရစ်စကော လားရှစ် (Bridge scholarship) စာမေးပွဲ အောင်မြင် သည်။

 

- ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို သင်္ချာ ဂုဏ်ထူးဖြင့် အောင်မြင်သည်။

 

- ၁၉၃၉ ခုနှစ် ဇွန်လတွင် ဒုတိယနှစ် သိပ္ပံတန်းကို မန္တလေး ဥပစာကောလိပ်မှ အောင်မြင်သည်။

 

- ၁၉၄၂ ခုနှစ် ဧပြီလတွင် သိပ္ပံသင်္ချာဂုဏ်ထူးတန်းဘွဲ့ စာမေးပွဲကို ပထမတန်း (first class) က အောင်မြင် သည်။

 

- ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် နိုင်ငံခြားရေးအရာရှိ ရာထူး ခန့်စာရသည်။ ။

- ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် (ကြာသပတေး) နေ့တွင် မန္တလေး၌ ဒေါ်ခင်မကြီးနှင့် လက်ထပ်သည်။

 

- ၁၉၄၅ ခုနှစ် မတ်လတွင် နိုင်ငံခြားရေးရုံးပိတ်လိုက် သဖြင့် ဂျပန်ခေတ်ဝန်ထမ်းဘဝပြီးဆုံးသည်။

 

- ၁၉၄၆ ခုနှစ် မတ်လတွင် ပြန်လည်တည်ဆောက်ရေး ဌာန၌ စာရင်းအင်းလက်ထောက်တာဝန် ထမ်းဆောင်သည်။ အမျိုးသားစီမံကိန်းဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းသည့်အခါ စာရင်းအင်းအရာရှိ ရာထူးသို့ တိုးမြှင့်ခံရသည်။

 

- ၁၉၄၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် စာရင်းအင်းအရာရှိရာထူးမှ နုတ်ထွက်ပြီး ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် သင်္ချာဌာန နည်းပြဆရာတာဝန် ထမ်းဆောင်သည်။

- ၁၉၄၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် လက်ထောက် ကထိကရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး မန္တလေး ယူနီဗာစီတီကောလိပ်သို့ ပြောင်းရွှေ့ရသည်။

- ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သင်္ချာဌာနသို့ လက်ထောက်ကထိကရာထူးဖြင့် ပြောင်းရွှေ့သည်။

 

- ၁၉၅၂ ခုနှစ် မတ်လတွင် ရန်ကုန်တက္ကသိုလ်မှ မဟာသိပ္ပံသင်္ချာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင် သည်။

 

- ၁၉၅၂ ခုနှစ် ဇွန်လတွင် သင်္ချာကထိကရာထူးသို့ တိုးမြှင့်ခံရသည်။

- ၁၉၅၃ ခုနှစ် ဇွန်လတွင် အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ် (Harvard University) သို့ သင်္ချာပါရဂူဘွဲ့ အတွက် ပညာသင်သွားရန် အရွေးခံရသည်။

- ၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ ဟားဗတ်တက္ကသိုလ်တွင် သင်တန်းများတက်ပြီး ဒုတိယနှစ်ပြီးဆုံးချိန်တွင် သင်္ချာမဟာဘွဲ့ (A.M.) (Master in Arts) ရသည်။

 

- မဟာဘွဲ့မှ ပါရဂူဘွဲ့ သုတေသနလုပ်ငန်းသို့ ကူးပြောင်းချိန် ကြားကာလတွင် ခေတ္တမြန်မာပြည် ပြန်ရန် လျှောက်ထားပြီး ၁၉၅၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ပြန်လာရာမှ ဟားဗတ်တက္ကသိုလ်သို့ ပြန်မသွားဖြစ်တော့။

 

- ၁၉၅၈ ခုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ် သင်္ချာ ဌာန၌ ပါမောက္ခရာထူး စတင်ထမ်းဆောင်

သည်။

 

- ၁၉၆၄ ခုနှစ် အောက်တိုဘာလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသော အိုလံပစ်အားကစားပြိုင်ပွဲ သို့ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်အဖြစ် စေလွှတ်ခြင်းခံရသည်။

 

- ၁၉၆၆ ခုနှစ် တတိယအကြိမ် လူရည်ချွန်စီမံကိန်း တွင် ငပလီလူရည်ချွန်စခန်းအဖွဲ့ စခန်းမှူးတာဝန် ပေးအပ်ခြင်းခံရသည်။

 

- ၁၉၆၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန် ပေးခြင်းခံရသည်။

 

- ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်အရ ၁၉၆၈ ခုနှစ် ဇွန်လ တွင် အထက်တန်းပညာရေးလေ့လာရန် ပြည်ပ ငါးနိုင်ငံ (ဆိုဗီယက်၊ ဂျာမန်၊ ချက်ကိုစလို ဗက်ကီးယား၊ ရိုမေးနီးယား၊ ဟန်ဂေရီ) သို့ စေလွှတ် သောအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါရသည်။

 

- မိသားစုပြန်လည်စုစည်းနေထိုင်ရန် လျှောက်ထား ချက်အရ ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ တွင် ခွင့်ပြုမိန့်ရသည်။

 

- ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ် တာဝန်စွန့်လွှတ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် သင်္ချာဌာနတွင် ပါမောက္ခတာဝန်များ လက်ခံ ဆောင်ရွက်သည်။

 

- ၁၉၈၁ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် သက်ပြည့် အငြိမ်းစားယူသည်။

- အငြိမ်းစားယူပြီးချိန် ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် ထိ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သင်္ချာဌာနတွင် အချိန်ပိုင်းကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီး မဟာသိပ္ပံ အပိုင်း ၂ သင်တန်းများကို သင်ပြပို့ချ သည်။

 

- ၁၉၉၃ ခုနှစ် မတ်လမှစ၍ ထိုင်းနိုင်ငံ ဗန်ကောက် မြို့ရှိ အေဘက်အင်ဂျင်နီယာ ကျောင်းတော်ကြီး (ABACSchool of Engineering) ၌ အင်ဂျင်နီယာ သင်္ချာဌာန ဒုတိယဌာနမှူးတာဝန် လက်ခံ ဆောင်ရွက်သည်။

- ၁၉၉၉ ခုနှစ် ဧပြီလတွင် အေဘက်မှ အနားယူပြီး မြန်မာနိုင်ငံသို့ အပြီးအပိုင်ပြန်လာသည်။

 

- ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အသက် ၈၀ အရွယ် ဇနီး ဒေါ်ခင်မကြီး ကွယ်လွန်သည်။

 

- ယခုအချိန်(၁-၁၁-၂၀၂၀)တွင် ဆရာကြီးသည် သား၊ သမီး၊ မြေးများနှင့်အတူ ရန်ကင်းမြို့နယ် ကျောင်းလမ်း အိမ်အမှတ် ၂၂ တွင် ကျန်းမာ ချမ်းသာစွာ နေထိုင်လျက်ရှိပါသည်။

 

ဆရာကြီးထံတွင် ပညာသင်ကြားခွင့်ရခဲ့

 

ယခု ဆရာကြီးနှင့် ကျွန်မတို့၏ ဆရာတပည့် ပတ်သက်ဆက်နွှယ်မှုများကို ဆက်လက်ပြောပြလိုပါ သည်။ ကျွန်မသည် ၁၉၆၁ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ သင်္ချာဂုဏ်ထူးတန်းကျောင်းသားအဖြစ်လည်းကောင်း၊ ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ မဟာသိပ္ပံကျောင်းသား အဖြစ်လည်းကောင်း ဆရာကြီးထံတွင် ပညာသင်ကြား ခွင့်ရခဲ့ပါသည်။ နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ကျွန်မကို ပထမဦးဆုံးတာဝန်ပေးခြင်းခံရသော ဌာနမှာလည်း ဆရာကြီး ပါမောက္ခအဖြစ် တာဝန်ယူနေသည့် ရန်ကုန် တက္ကသိုလ်သင်္ချာဌာန နည်းပြတာဝန် ဖြစ်နေပါသည်။ ထို့ကြောင့် ၁၉၆၃ ခုနှစ် ဇူလိုင်လမှစ၍ ၁၉၆၆ ခုနှစ် ဇွန်လအထိ (ဆရာကြီး ပါမောက္ခချုပ်ရာထူးဖြင့် မန္တလေးသို့ မပြောင်းရွှေ့မီအချိန်အထိ) ဆရာကြီးဌာနတွင် လုပ်ငန်း တာဝန် သင်ယူနိုင်ခွင့်ရခဲ့ပြန်သဖြင့် ဆရာကြီးထံမှ စာပေပညာ အမွေသာမက လုပ်ငန်းပညာအမွေပါ ရရှိခဲ့ပါသည်။ ထိုစဉ် ကာလအတွင်းက ဖြစ်ခဲ့သော ကျွန်မတစ်သက်တာ မေ့မရ နိုင်သည့် တာဝန်ပေးမှုတစ်ခုအကြောင်း ဖော်ပြလိုပါသည်။

 

ထိုနေ့သည် ကျွန်မတို့နည်းပြဆရာအသစ်များကို တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) သင်္ချာ အဖြေလွှာ စစ်ဆေးရန် ပထမဆုံးတာဝန်ပေးအပ်မည့် အစည်းအဝေး ကျင်းပချိန်ဖြစ်ပါသည်။ ထိုအချိန်က ကျွန်မတို့ မျှော်လင့် ထားသလို အမှတ်ပေးစည်းမျဉ်းများ ရှင်းလင်းပြောပြပြီး စစ်ဆေးရမည့် အဖြေလွှာစာအုပ်များ ထုတ်ပေးခြင်း မဟုတ်ဘဲ ကျွန်မတို့ကိုယ်တိုင်ဖြေဆိုရမည့် အဖြေလွှာ စာအုပ်အလွတ်များနှင့် မေးခွန်းများကို ဝေငှပေးချိန် ဖြစ်ပါသည်။ စာစစ်မှူးချုပ်ဆရာကြီး ဦးဘတုတ်က အစည်းအဝေးခန်းထဲရှိ ဆရာဆရာမအားလုံး စာဖြေရန် အချိန် သုံးနာရီပေးမည့်အကြောင်းနှင့် စာစစ်မှူးကထိက ဆရာကြီး သုံးဦးက စောင့်ကြပ်မည့်အကြောင်း ပြောကြားပြီး အခန်းမှထွက်ခွာသွားပါသည်။

 

ထိုတစ်ခဏအတွင်း ကျွန်မ များစွာထိတ်လန့် တုန်လှုပ်သွားပါသည်။ မိမိကိုယ်တိုင် ဆယ်တန်း စာမေးပွဲ ဖြေဆိုစဉ်က သင်္ချာဂုဏ်ထူးရအောင် ဖြေဆိုနိုင်ခဲ့သော်လည်း ယခုလို မည်သည့်ပြင်ဆင်မှုမျှမရှိသည့် စာမေးပွဲဖြေဆိုမှုကို ပြုလုပ်ရမည့်အခါ ရလဒ်ကောင်းမရရှိဘဲ နည်းပြရာထူး ကပင် ဖယ်ရှားခံရနိုင်သည်ဟူသော အတွေးကြောင့် လွန်စွာကြောက်ရွံ့သွားခြင်း ဖြစ်ပါသည်။ ကျွန်မတို့ခေတ်က နည်းပြရာထူးများကို တစ်နှစ်တစ်ခါ ပါမောက္ခက ပြန်လည် အတည်ပြုရသောစနစ် ဖြစ်ပါသည်။ ထိုစဉ်က ကျွန်မနှင့် ဆယ်တန်းအတူအောင် ဂုဏ်ထူးတန်းအတူတက်ပြီး နည်းပြ အလုပ်အတူရရှိခဲ့သည့် သူငယ်ချင်း မကြည်အောင် (ဒေါက်တာကြည်ကြည်အောင်)တွင် မောင်ငယ်၊ ညီမငယ် များရှိ၍ ဆယ်တန်းမေးခွန်းနှင့် စိမ်းမနေခဲ့ပါ။ ကျွန်မ ကတော့ ဆယ်တန်းသင်ရိုးနှင့် မထိတွေ့သည်မှာ ကြာပြီ ဖြစ်၍ ဖြေဆိုထားသော အဖြေများ မှန်၊ မမှန် သူငယ်ချင်းနှင့် အဖြေတိုက်ဆိုင်ကြည့်လိုသည့်စိတ်ကို တားမရခဲ့ပါ။

 

သင်ခန်းစာလည်း ကောင်းစွာရရှိခဲ့

 

သို့သော်လည်း ကျွန်မတို့အနားတွင် စာမေးပွဲခန်း စောင့်ကြပ်နေသည့် ဆရာကြီးဦးတင်မောင် (ဒေါက်တာ တင်မောင်) ရှိနေသောကြောင့် ကျွန်မဇောချွေးများပြန်ကာ အသက်ရှူပင်မှားရသည်အထိ ဖြစ်ခဲ့ရပါသည်။ သင်ခန်းစာ လည်း ကောင်းစွာရရှိခဲ့ပါသည်။ ပြင်ဆင်မှုမရှိဘဲ စာမစစ်ရ ဆိုသည်နှင့် စာဖြေသူများအပေါ် မိမိဖြေဆိုနေသကဲ့သို့ မှတ်ယူစစ်ဆေးပေးရမည်ဆိုသည့်အချက်များပင် ဖြစ်ပါ သည်။

 

စည်းကမ်းစနစ်ကြီးပြီး တိကျသေချာစွာ လုပ်ဆောင် တတ်သော ဆရာကြီးထံတွင် ကျွန်မ ပထမဦးဆုံး နိုင်ငံ့ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်ကျေးဇူးကြောင့် ကျွန်မ၏ ဝန်ထမ်းသက် ၄၃ နှစ်တိုင် အမှားအယွင်းမရှိ တာဝန် ကျေပွန်စွာ ထမ်းရွက်နိုင်ခဲ့ပါသည်။ ဤကျေးဇူးတရားကို ကျွန်မတစ်သက်မမေ့ပါဟု ပြောကြားရင်း ဆရာကြီးကို ယခုစာစုဖြင့် ပူဇော်ကန်တော့အပ်ပါသည်။ ။