သမိုင်းကောင်းကို ဖန်တီးနိုင်မည့် အခွင့်အရေးကောင်းကို အရယူ

 

ယနေ့သည်  ခရစ်နှစ်  ၂၀၂၃ ခုနှစ်  အစပြုသည့်  နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သည်။  ၂၀၂၂ ခုနှစ်သည်  ယမန်နေ့တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော အချိန် ကာလ ယန္တရားကြီးကို ပိုင်းခြားစိတ်ဖြာ၍ ယနေ့၊ ယမန်နေ့၊ နှစ်သစ်၊ နှစ်ဟောင်း စသည်ဖြင့် ဆိုကြစေကာမူ အချိန်ကာလ သည် တစ်ဆက်တစ်စပ်တည်းသာ ဖြစ်သည်။ ယမန်နေ့က ကျန်ရစ်ခဲ့သည့် ပြုဖွယ်ကိစ္စတို့ကို ယနေ့ဆက်လက်ဆောင်ရွက် ရဦးမည်။ အတိတ်ကာလ၏ ဆိုးမွေကောင်းမွေတို့ကို ပစ္စုပ္ပန် တွင် ခံယူ၍ အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက် ကြရဦးမည်။

 


၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့သည် မိမိတို့ နိုင်ငံနှင့် လူမျိုးတို့ သူတစ်ပါး နိုင်ငံ၊ သူတစ်ပါး လူမျိုးက  ကျူးကျော်သိမ်းပိုက်ကျွန်ပြုခံခဲ့ ရသည့်ဘဝမှ ပြန်လည်လွတ်မြောက်ခဲ့ရသည့် ၇၅ နှစ်ပြည့် မြောက်သောနေ့၊ တစ်နည်းအားဖြင့် စိန်ရတုလွတ်လပ်ရေး နေ့ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော   လူမျိုးဘဝကို    ပြန်လည်ရရှိခဲ့သည့်တိုင် သမိုင်းစဉ်တစ်လျှောက်     အတူတကွ    နေထိုင်ခဲ့ကြသည့် ညီအစ်ကိုမောင်နှမများအကြား တိုင်းတစ်ပါးသားတို့ ဖန်တီး ထားခဲ့သည့် ပြဿနာမှာ ထုထည်ပမာဏကြီးသည်ထက်   ကြီးမားလာပြီး လက်နက်စွဲကိုင် တိုက်ခိုက်ကြသည့်အဆင့်သို့  ရောက်ရှိခဲ့ရသည်။ စင်စစ်အားဖြင့်  မိမိတို့နိုင်ငံနှင့်  နယ်နိမိတ် ချင်း   ထိစပ်နေသော  အိမ်နီးချင်းနိုင်ငံများတွင်လည်း  လူမျိုး တစ်မျိုးတည်းရှိနေခြင်း    မဟုတ်ဘဲ   တိုင်းရင်းသားများ  စုပေါင်းနေထိုင်ကြသည့်တိုင်  မြန်မာနိုင်ငံကဲ့သို့  ပြဿနာ မဖြစ်ကြ။ ပြဿနာမဖြစ်၊ ပဋိပက္ခမဖြစ်သည့်အခါ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို  တစိုက်မတ်မတ်  ဇောက်ချလုပ်ကိုင်နိုင် သည့်အတွက်   နိုင်ငံနှင့် လူမျိုး   ဖွံ့ဖြိုးတိုးတက်ခြင်း၊   သာယာ ဝပြောခြင်းဟူသော အကျိုးတို့ကို ခံစားကြရသည်။

 


လက်နက်ကိုင်ပဋိပက္ခနွံအတွင်းမှ     ရုန်းမထွက်နိုင်ဘဲ    စစ်မီးတောက်လောင်နေသရွေ့  လွတ်လပ်ရေး၏  အရသာနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေဦးမည်ဖြစ်ရာ ယခု ၇၅ နှစ်တာ ကာလတွင်  ရပ်တန့်သင့်ကြပြီဖြစ်သည်။  “၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့် စိန်ရတု တိုင်ခဲ့ပြီဖြစ်သလို    တစ်နိုင်ငံလုံး    အတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့   ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားဖို့ အစပျိုးတဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို   တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့   နှစ်တစ်နှစ်ဖြစ်တာကြောင့်  ဒီအခွင့်အရေးကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု၍ နိုင်ငံတော်အကြီးအကဲက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင်  ဆိုထားသည်ကိုလည်း သတိမူကြရန်လိုသည်။

 


စစ်ရေးနည်းလမ်းဖြင့်  ၇၅ နှစ်  ကြာသည့်တိုင်  အဖြေ မထွက်သည့် နိုင်ငံရေးပုစ္ဆာအတွက် ငြိမ်းချမ်းစွာအဖြေရှာရန် နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့် တောင့်တနေကြသည်မှာ ကြာမြင့်လျက်ပင်ရှိနေပြီဖြစ်သည်။ လူ့ဘဝခဏတာတိုတိုလေးအတွင်းမှာ စိုးရိမ်ကြောင့်ကြနေရ သည့်ဘဝ၊ ငတ်မွတ်တောင့်တနေရသည့်ဘဝတို့ကို မည်သူမျှ မလိုချင်။ ကြောင့်ကြမှုမှ ကင်းဝေးခြင်း (Freedom of Fear)၊ တောင့်တမှုမှ ကင်းဝေးခြင်း (Freedom of Wants) တို့ဖြင့် ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကို တောင်ပေါ်မြေပြန့် နေ လူအားလုံးအတွက် အပြုသဘောဆောင်သော မေတ္တာ နှလုံးသားဖြင့် တက်ညီလက်ညီ တည်ဆောက်နိုင်ကြစေရေး နှစ်သစ်မင်္ဂလာအခါသမယတွင် ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း။          ။