
ကြည်ကြည်မြင့်(စာပေဗိမာန်)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ စာပေဗိမာန်သည် ပြည်သူလူထုအား ပညာမျက်စိပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာစာပေဖွံ့ဖြိုးရေးနှင့် အများပြည်သူများ အသိဉာဏ်ဖွံ့ဖြိုးစေမည့် စာအုပ်စာပေများ ထုတ်ဝေခြင်းနှင့် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသားစာပေဆုများ စိစစ်ရွေးချယ်ရေးနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ စာပေဗိမာန်ဆုကို ၁၉၄၈ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ပြီး ၁၉၅၆ ခုနှစ်မှစတင်ကာ အမျိုးသားစာပေဆုများအဖြစ် နှစ်စဉ်ချီးမြှင့်ခဲ့ပါသည်။ အမျိုးသား စာပေ တစ်သက်တာဆုကို ၂၀၀၁ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ပါသည်။
အမျိုးသားစာပေ တစ်သက်တာဆု ဟူသည်မှာ မိမိ၏ ဘဝတစ်သက်တာလုံး သုတစာပေ သို့မဟုတ် ရသစာပေများ ကို တစိုက်မတ်မတ် ရေးသားလျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများနှင့် သုတေသနဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ပညာရှင်ကြီး များအား ဂုဏ်ပြုချီးမြှင့် ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအခါ အမျိုးသား စာပေတစ်သက်တာဆု ရရှိသူ ဆရာ၊ ဆရာမကြီး ၃၁ဦး ရှိပြီဖြစ်ပါသည်။
တစ်သက်တာစာပေဆု ရရှိခဲ့သော ဆရာ၊ ဆရာမကြီးများထဲတွင် သုတ စာပေရေးသားသူ၊ ရသစာပေ ရေးသား သူ၊ ရှေးဟောင်းစာပေ ပြုစုရေးသားသူ၊ သုတေသနပြုလုပ်သူ၊ သိပ္ပံဝိဇ္ဇာဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်သူ စသည် ဖြင့် ပညာရှင်မျိုးစုံတို့လည်း ပါဝင်ပါ သည်။
၂၀၀၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိခဲ့သူမှာ ဘာသာ ပြန်၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ စာပေများကို ရေးသားခဲ့သည့် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ စည်သူ ဆရာကြီးဒေါက်တာ ခင်မောင်ညွန့် ဖြစ်သည်။
ဆရာကြီးသည် နိုင်ငံတကာမှ ပညာ ဆည်းပူးလေ့လာခဲ့သဖြင့် စာပေများကို ပုံဖော်ညွှန်းရာ၌ အင်္ဂလိပ်ဘာသာ အနေ ဖြင့်ရော မြန်မာဘာသာဖြင့်ပါကျွမ်းကျင် ပိုင်နိုင်စွာ ခြယ်မှုန်းနိုင်သော လေးစား ထိုက်သည့် စာပေပညာရှင်ကြီးတစ်ဦး ဖြစ်ပါသည်။ ဆရာကြီးသည် သမိုင်းနှင့် သုတေသနပညာရှင်ဖြစ်သည့် အားလျော် စွာ စာဖတ်သူများအတွက် တန်ဖိုး မဖြတ်နိုင်သော စာပေမြောက်မြားစွာကို ရေးသား ပြုစုခဲ့ပါသည်။ ဆရာကြီးသည် သမိုင်းဘာသာနှင့် ပတ်သက်၍ ကိုယ်တိုင် သုတေသနများပြုလုပ်ပြီး သုတေသန စာတမ်းများစွာကို ပြုစုရေးသားကာ မြန်မာ့သမိုင်းကြောင်းကို ကမ္ဘာက သိရှိ သည်အထိ စွမ်းဆောင်ခဲ့ပါသည်။
ဆရာကြီး၏ ငယ်ဘဝနှင့်
ပညာရေးခရီး
ဆရာကြီးကို ၁၉၂၉ ခုနှစ် မေလ ၁၃ ရက်တွင် မန္တလေးမြို့၌ အဖဦးသိန်း၊ အမိ ဒေါ်ကြည်တို့မှ မွေးဖွားခဲ့ပါသည်။
ဆရာကြီးသည် မန္တလေးမြို့ သံတဲ ကျောင်းတွင် ၁၉၃၅ ခုနှစ်မှစတင်ကာ မူလတန်းနှင့် အလယ်တန်းပညာတို့ကို သင်ကြားခဲ့ပါသည်။ စစ်အတွင်းကာလ တွင် ပညာသင်ကြားခြင်းကို ခေတ္တ ရပ်ဆိုင်းခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် မန္တလေးမြို့ စိန့်ပီတာ အင်္ဂလိပ်သာသနာပြုကျောင်း တွင် ပညာဆက်လက် သင်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့ပါသည်။ ထို့နောက် မန္တလေးကောလိပ် ဥပစာအထက်တန်း တွင် မြန်မာစာဆုနှင့် ဝိဇ္ဇာနောက်ဆုံးနှစ် တွင် သမိုင်းဘာသာရွှေတံဆိပ်ဆုတို့ကို ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၅၄ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့နှင့် ၁၉၅၅ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် အင်္ဂလန် နိုင်ငံ လန်ဒန်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ ကို ရရှိခဲ့သည်။
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်၊ အနောက်တိုင်းသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဌာနတွင် ၁၉၅၂ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ နည်းပြဆရာနှင့် လက်ထောက်ကထိက အဖြစ် အမှုထမ်းဆောင်လျက်မှပင် ဝိဇ္ဇာ ဂုဏ်ထူးနှင့် မဟာဝိဇ္ဇာဘွဲ့များကို ရယူခဲ့ ပါသည်။ ၁၉၅၆ ခုနှစ်တွင် နိုင်ငံခြား ပညာတော်သင်အဖြစ် ရွေးချယ်ခံရ၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ လန်ဒန်စီးပွား ရေးနှင့် နိုင်ငံရေးတက္ကသိုလ်သို့ ဘွဲ့လွန် ပညာဆည်းပူးရန် သွားရောက်ခဲ့ကာ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ဖြင့် ၁၉၆၀ ပြည့်နှစ်တွင် ဒေါက်တာဘွဲ့ကို ရယူဆွတ်ခူးခဲ့ပါသည်။
ဆရာကြီး၏ နိုင်ငံ့တာဝန်
ထမ်းဆောင်မှုများ
ဆရာကြီးသည် ရန်ကုန် တက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်၊ လုပ်သားများ ကောလိပ်၊ ပညာရေး တက္ကသိုလ်တို့တွင် ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၅ ခုနှစ် အထိ ဌာနမှူး၊ ကထိကအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနု ပညာဦးစီးဌာန၊ နိုင်ငံသမိုင်းသုတေသန ဦးစီးဌာနနှင့် ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် လည်းကောင်း၊ ၁၉၇၆ မှ ၁၉၈၁ ခုနှစ် အထိ မြန်မာသမိုင်းအဖွဲ့နှင့် တက္ကသိုလ် များသမိုင်း သုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ပူးတွဲ တာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၉ မှ ၁၉၉၃ ခုနှစ်အထိ မြန်မာ့သမိုင်းဖြစ်ရပ် အမှန် ပြုစုရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုအမှု ဆောင်ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဆရာကြီးသည် ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မန္တလေးတက္ကသိုလ် သမိုင်း ဌာနနှင့် နိုင်ငံတကာဆက်ဆံရေးပညာ ဌာန၏ ပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ ၁၉၈၉ ခုနှစ် အထိ ရှေးဟောင်းသုတေသန ဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ အမှုထမ်းခဲ့ပါသည်။ ၁၉၈၉ တွင် ယင်းဌာနမှ သက်ပြည့် အငြိမ်းစား ယူခဲ့ပြီးနောက် မြန်မာ့သမိုင်း ဖြစ်ရပ် အမှန်များ ပြုစုရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်က တာဝန်ပေးအပ်ခြင်း ခံခဲ့ရ ပါသည်။ ထို့ပြင် ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) ၏ တက္ကသိုလ်ကောင်စီဝင်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာ ပြုတက္ကသိုလ် သမိုင်းဌာန၏ ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ယခု တိုင် စာပေများကို သင်ကြားဆဲဖြစ်ပါ သည်။ ဆရာကြီးသည် မဟာဘွဲ့များနှင့် ဒေါက်တာဘွဲ့များအတွက် သမိုင်းပညာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာနှင့် ရှေး ဟောင်းသုတေသနပညာဆိုင်ရာ ဘွဲ့ယူ ကျမ်းများကိုလည်း ကြီးကြပ်နေဆဲဖြစ် သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် မြန်မာ့နိုင်ငံခြားရေးဝါဒ၊ သံတမန် ရေးရာနှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တို့ကို ပို့ချနေဆဲဖြစ်ပါသည်။
ဆရာကြီးသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ အဖွဲ့ခွဲ (၈) တွင် အဖွဲ့ဝင်အဖြစ်နှင့် ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲ ရေးကော်မရှင်အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် စတင် ကျင်းပသည့်နှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ အတိုင်ပင်ခံအကြံပေးနှင့် ဦးစီးကော်မတီ ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှစတင်၍ အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး၊ အမျိုးသား ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အစိုးရက တာဝန်ပေးအပ်ခဲ့သည်။ ထို့ပြင် မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ တွင် သမိုင်းပညာ၊ ယဉ်ကျေးမှုပညာနှင့် ရှေးဟောင်းသုတေသန ပညာရပ်များ အကြောင်းကို အသံလွှင့်ဟောပြောခဲ့ပြီး Myanmar Perspectives နှင့် Internet Magazine တို့၏ စာတည်းမှူးချုပ်အဖြစ် လည်း ဆောင်ရွက်ခဲ့ပါသည်။
ဆရာကြီး၏ စာပေဆောင်ရွက်မှုများ
ဆရာကြီးသည် ကလေးဘဝကပင် စာပေ၌မွေ့လျော်ကာ ကျောင်းသားဘဝ တွင် နံရံကပ်စာစောင်များ ရေးသားခဲ့ပြီး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည့် တက္ကသိုလ်များနှင့် ဌာနများတွင်လည်း စာတမ်းများပြုစုခြင်း၊ နှစ်ပတ်လည် မဂ္ဂဇင်းများ၌ ရေးသားခြင်းတို့ကိုဆောင် ရွက်ခဲ့ပါသည်။ ကောလိပ်ကျောင်းသုံး စာအုပ်များ၊ လမ်းညွှန်စာအုပ်များ၊ သုတေ သန စာတမ်းများ၊ စာနယ်ဇင်းများတွင် ဆောင်းပါးပေါင်း ၂၀၀၀ ကျော်နှင့် စာအုပ် ပေါင်း ၁၀၀ နီးပါး ရေးသားခဲ့ပါသည်။ စာပေများရေးသားရာ၌ ရွှေမန်းမောင်၊ မောင်ကျော်ဇော၊ မောင်လူဇော်၊ ငွေခြည် နှင့် Moon Beam စသည့်ကလောင်ခွဲ များဖြင့်လည်း ရေးသားခဲ့သည်။ သမိုင်း နှင့် သုတေသနဆိုင်ရာ ဆောင်ရွက်ချက် များကိုသာမက ဒေသန္တရဆိုင်ရာ ဗဟု သုတများကိုပါ ရှာမှီးကာ တိုင်းရင်းသား ဓလေ့များ၊ ခရီးသွားစာပေများကိုလည်း ရေးသားခဲ့ပါသည်။ ဆရာကြီးသည် ခရီး သွားခြင်းကို ဝါသနာပါကာ ပညာသင် ကာလမှစတင်၍ ဝန်ထမ်းဘဝ တာဝန် ထမ်းဆောင်စဉ်ကာလအထိ တွေ့ကြုံခဲ့ ရသည်များအား ရေးသားခဲ့သည်များကို လည်း ဖတ်ခဲ့ရပါသည်။ ဆရာကြီးသည် လမ်းစဉ်ပါတီ၏ တာဝန်ပေးချက်အရ တိုင်းရင်းသားဓလေ့ထုံးစံများ(ချင်း)နှင့် တိုင်းရင်းသားဓလေ့ထုံးစံများ(ရှမ်း) တို့ ကိုလည်း လက်တွေ့သွားရောက် လေ့လာကာ ပြုစုရေးသားခဲ့ ပါသည်။
ငယ်စဉ်ဘဝ မန္တလေးမြို့၌ နေစဉ် ကပင် လူထုသတင်းစာ၌ ရေးသားခဲ့ပြီး ရှုမဝ၊ ပညာတန်ဆောင်၊ ပညာလောက၊ မြဝတီ၊ ငွေတာရီ၊ နေ့စဉ်သတင်းစာနှင့် Myanmar Time တို့တွင် ဆောင်းပါး များ၊ ဝတ္ထုများ၊ စုံထောက်နှင့် လျှို့ဝှက် သည်းဖိုများကို ရေးသားခဲ့ပါသည်။
မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် နိုင်ငံတကာ ရေးရာဆိုင်ရာ ဟောပြောသင်ကြားပို့ချ ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသန ပြုခြင်းတို့ကို ပြည်တွင်းပြည်ပတို့တွင် ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် ဌာနဆိုင်ရာတာဝန်များ၊ အပြည်ပြည် ဆိုင်ရာ ညီလာခံများနှင့် စာတမ်း ဖတ်ပွဲများ တက်ရောက်ရန် နိုင်ငံပေါင်း ၆၀ ကျော်သို့ သွားရောက်ခဲ့ပါသည်။ ဂျီနီဗာ၊ ဘာလင်၊ ရောမ၊ ပါရီ၊ ဘေကျင်း၊ မော်စကို၊ နယူးဒေလီ၊ တိုကျို၊ ဆိုးလ်၊ မနီလာ၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ဘာလီ၊ နန်နင်း၊ နီပေါ၊ သီဟို၊ ရုရှ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် နှင့် အမေရိကားတို့တွင် ကျင်းပသော နိုင်ငံတကာ ညီလာခံများ၊ အာဆီယံ ဆိုင်ရာ ဆွေးနွေးပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများသို့ နိုင်ငံတော်မှ တာဝန်ပေးချက်အရ စာတမ်းများ တင်သွင်းကာ ဖတ်ကြား ဆွေးနွေးခဲ့သည်။
ဆရာကြီး ပြုစုထုတ်ဝေခဲ့သည့် စာ အုပ်များအနက် ထင်ရှားသော စာအုပ် များမှာ ‘ကျွန်တော် မစ္စတာဘားမား’ (၁၉၈၆)၊ The Seventh Myanmar Traditional Cultural Regatta Festival (1996)၊ ‘An Outline History of Myanmar Literature’ (1999)၊ Sule Pagoda = Kyaik Athok Ceti (2000)၊ ‘An Anthology of Conference Paper’s’ (2002-2003)၊ ‘Selected Writings’ (2004)၊ ‘Radio Talks on Myanmar Culture’ (2006)၊ ‘Myanmar Tradi-tional Monthly Festivals’ (2005)၊ ‘Myanmar Gems’ (2008)၊ ‘Myanmar Superlatives’ (2012)၊ ‘The Historic Bells of Yangon’ (2016) စသည်တို့ ဖြစ်ပါသည်။
အမျိုးသားစာပေ
တစ်သက်တာစာပေဆုနှင့်
အမျိုးသားစာပေဆုအပါအဝင်
ထူးချွန်ဆုများရှင်
ဆရာကြီးသည် နိုင်ငံတော်မှ ချီးမြှင့်သည့် အေးချမ်းသာယာ ဝန်ထမ်း ကောင်း လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်- ၁၉၉၂)၊ စီမံထူးချွန်တံဆိပ်(ပထမဆင့်- ၂၀၀၁)၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယ ဆင့်- ၂၀၀၃)နှင့် မဟာသဒ္ဓမ္မ ဇောတိက ဓဇဘွဲ့ (၂၀၀၆) တို့ကို နိုင်ငံတော်က ချီးမြှင့်ခဲ့ပြီး ဆရာဝန်တင်ရွှေ စာပေဆု (၂၀၀၅)နှင့် သုတစွယ်စုံ တစ်သက်တာ စာပေဆု(၂၀၀၇)၊ ဆရာဝန်တင်ရွှေ စာပေဆု(၂၀၁၂)၊ စည်သူဘွဲ့ (၂၀၁၂)၊ အမျိုးသားစာပေဆု(၂၀၁၆)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ်(ပထမဆင့်-၂၀၂၁)နှင့် ပညာတန်ဆောင် ထပ်ဆင့်ဂုဏ်ပြုဆု (၂၀၂၁)တို့ကို ရရှိခဲ့သည်။
အမျိုးသားစာပေ တစ်သက်တာစာပေဆု နှင့် အမျိုးသားစာပေ ဆုရွေးချယ်ရေး
အဖွဲ့ဝင်များ၏ အစီရင်ခံစာနှင့်
ဆရာကြီး၏ မုဒိတာစကားများ
ပြည်ထောင်စု မြန်မာနိုင်ငံတွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင် မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များ ကို နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့် ဆရာကြီးအား ၂၀၀၉ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုကို ချီးမြှင့်ခဲ့ပါသည်။
ကြေးမုံသတင်းစာတွင် ဆရာကြီးက “ကျွန်တော့်တစ်သက်တာမှာ အခြား ဆုတွေလည်း ရခဲ့ဖူးတယ်။ အခု ရတဲ့ဆု ကတော့ တစ်သက်မှာ တစ်ခါပဲရတဲ့ဆု ဖြစ်တဲ့အတွက် ပြီးတော့ နိုင်ငံတော်က ချီးမြှင့်တာဖြစ်တဲ့အတွက် အထူး ဝမ်း မြောက်မိပါတယ်။ ပိုက်ဆံနဲ့ အခုလိုဆု ဘယ်ဟာကိုရွေးမလဲဆိုရင် နိုင်ငံတော် က ချီးမြှင့်တဲ့ဆုကိုပဲ ကျွန်တော် ရွေးပါ မယ်။ အဲဒီဆုလက်မှတ်က သား၊ သမီး၊ မြေး၊ မြစ်တွေအထိ ပြသလို့ရတယ်။ အဲဒီ ဂုဏ်က အတိုင်းမသိတဲ့ဂုဏ်လို့ ခေါ်နိုင် ပါတယ်။ မြန်မာအကြောင်းကို ရေးမယ် ဆိုလျှင် မြန်မာဘာသာနဲ့ပဲ ရေးရေး၊ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးရေး၊ မြန်မာ့ ယဉ်ကျေးမှုအကြောင်းနဲ့ မြန်မာဓလေ့ စရိုက်ကို ပံ့ပိုးပေးတာမျိုး ဖြစ်သင့်တယ်။ ရေးသမျှက အနှစ်သာရရှိအောင် အမြဲ ကြံဆနေဖို့လည်းလိုတယ်”ဟု မုဒိတာ စကား ပြောကြားခဲ့ပါသည်။
ထို့ပြင် ဆရာကြီးသည် ၂၀၁၆ ခုနှစ် အတွက်(အင်္ဂလိပ်ဘာသာ-သုတ)ဆုကို THE HISTORIC BELLS OF YANGON ဖြင့် ရရှိခဲ့သည်။
“THE HISTORIC BELLS OF YANGON စာအုပ်သည် သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ လိုအပ်ချက်ကွက်လပ်ကို ဖြည့် ဆည်းပေးထားပါသည်။ ခေါင်းလောင်း စာသည် ကျောက်စာလောက် အရေးမပါ ဟု ယူဆတတ်သူများအား ခေါင်းလောင်း စာများ၏ အရေးပါပုံကို သိမြင်စေသည်။ စာရေးသူသည် ရန်ကုန်မြို့၏ ဘုရား ပုထိုး စေတီဝင်းများတွင် ချိတ်ဆွဲထား သည့် သမိုင်းဝင် ခေါင်းလောင်းများ၏ သမိုင်းဝင် ခေါင်းလောင်းစာများကို လေ့လာဆန်းစစ် တင်ပြထားသည်ကို တွေ့ရှိရသည်။ ရွှေတိဂုံစေတီတော်ရှိ စဉ့်ကူးမင်း ခေါင်းလောင်းကြီးနှင့် သာယာဝတီမင်း ခေါင်းလောင်းကြီးကို အသေးစိတ် တင်ပြထားပြီး ဆူးလေ စေတီတော်မှ ခေါင်းလောင်းများနှင့် ကိုးထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရား၊ ကျိုက္ကဆံဘုရား၊ ကျိုက်ဝိုင်းဘုရား၊ ကျိုက္ကလို့ဘုရားတို့၏ ပရဝဏ်များတွင် ချိတ်ဆွဲပူဇော်ထားသော ခေါင်းလောင်း များ၏ စာများကိုပါ ဝန်းရံရှင်းလင်းထား သည်။ အထူးသဖြင့် အေဒီ ၁၇၇၉ ခုနှစ် တွင် အပြီးသတ်သွန်းလုပ်ခဲ့သော သမိုင်း တန်ဖိုးမြင့်သည့် စဉ့်ကူးမင်းခေါင်းလောင်း တော်နှင့် အေဒီ ၁၈၄၃ ခုနှစ်တွင် သွန်း လုပ်တော်မူခဲ့သော သာယာဝတီမင်း ခေါင်းလောင်းတော်တို့ကို အသေးစိတ် တင်ပြထားသည်။ ခေါင်းလောင်းစာဟူ သည် လှူဒါန်းသူ၏ ကောင်းမှုကုသိုလ် မှတ်တမ်းဟု ဆိုရသော်လည်း ခေတ် စနစ်တစ်ရပ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့မှအစ မြန်မာမှု အထွေထွေကို စာရေးသူက ထင်ဟပ် ဖော်ပြထားသည်။ သမိုင်း အထောက် အကူပြု တစ်နည်းအားဖြင့် သမိုင်းဖြည့် ကွက်ဟု ဆိုကြရပါသည်။
စာရေးသူကိုယ်တိုင်က သမိုင်းပညာ ရပ်ကို အထူးတလည် လေ့လာလိုက်စား ပြီး ကိုယ်တိုင်ရေးအင်္ဂလိပ်စာဖြင့် မြန်မာ မှုကို ဖော်ထုတ်ထားပါသည်။ အင်္ဂလိပ်စာ အရေးအသားတွင်လည်း ပညာရပ်ပိုင်း ကို ပညာရပ်ဆန်ဆန် တင်ပြခြင်းမဟုတ် ဘဲ သာမန်စာဖတ်သူတစ်ဦး နားလည် ခံစားနိုင်စေသည့် အရေးအသားဖြစ်သည်။ မြန်မာမှု မြန်မာ့ရေးရာကို အင်္ဂလိပ် ဘာသာဖြင့် နိုင်ငံတကာသို့ ထိုးဖောက် နိုင်စွမ်းရှိသည်” ဟု ဆုရွေးချယ်ရေးအဖွဲ့ က သုံးသပ်ထားပါသည်။
ဆုရရှိခဲ့သည့်အပေါ် ဆရာကြီးက မုဒိတာစကားပြောကြားရာတွင် “အခု လို စာပေဆုရတာ ဝမ်းသာပါတယ်။ အရင်တုန်းကလည်း စာပေဆုတွေ ရခဲ့ တယ်။ ဒါက သုတေသနလုပ်တာ တော်တော်ကြာတယ်။ ခဲရာခဲဆစ် လုပ်ခဲ့ရတာ။ ခေါင်းလောင်းစာက စာတွေဖတ်ဖို့ ငြမ်းဆင်ထားတဲ့အပေါ် တွေတက်ပြီး မှန်ဘီလူးနဲ့ကို ဖတ်ခဲ့ ရတယ်။ သိပ်မထင်တဲ့ စာတွေကို ရေဆေးပြီး ဖတ်ခဲ့ရတာ။ တချို့ဆို ထူးထူးဆန်းဆန်း အင်းကွက်တွေ ပါတယ်။ အင်းကွက်တွေကလည်း သူ့ အဓိပ္ပာယ်နဲ့သူရှိနေတော့ ဒီစာအုပ်ထဲ မှာ မပါဘူး။ ဒါတွေကိုတော့ နားလည် ပေးပါလို့ ပြောချင်တယ်။ အခုလို ဆုရတဲ့အတွက်လည်း ဝမ်းသာတယ်။ ဆရာလည်း စာတွေဆက်ရေးဖို့ ရှိနေ ပါတယ်။ ကျွန်တော်က သမိုင်းဌာန မှာ တာဝန်ထမ်းဆောင်နေတဲ့အချိန် ရွှေတိဂုံဘုရားပေါ် ရောက်တဲ့အခါနဲ့ ကျိုက္ကလို့၊ ကျိုက္ကလဲ့ဘုရားတို့ကို ရောက် တဲ့အခါမှာ လျှောက်ပြီး ကြည့်တယ်။ ကျောက်စာတွေဖတ်တယ်။ ခေါင်း လောင်းစာတွေ ဖတ်တယ်။ ခေါင်း လောင်းစာတွေထဲမှာ အလှူအတန်း တွေအကြောင်းကို တွေ့ရတယ်။ အထူး သဖြင့် အင်္ဂလိပ် - မြန်မာစစ်ပွဲတွေ အကြောင်းလည်း တွေ့ရတယ်။ အင်္ဂလိပ် နဲ့မြန်မာ စစ်မဖြစ်မီက မြန်မာရဲ့ အင်ပါယာဟာ အကြီးကြီးဆိုတာ သိရ တယ်။ ခေါင်းလောင်းစာတွေမှာ လှူဒါန်း တဲ့ အလှူရှင်တွေရဲ့ ရည်ရွယ်ချက် အမျိုးမျိုးကို တွေ့ရတယ်။ ဆုတောင်းစာ တွေလည်း ပါတယ်။ လှူဒါန်းတဲ့ ကြေး ဈေးနှုန်းက ဘယ်လောက်ရှိတယ်။ ပိဿာချိန်က ဘယ်လောက်ရှိတယ် ဆိုတာကို တွေ့ရတယ်။ ပန်းတဉ်း ပညာရှင်က ဘယ်သူဆိုတာတွေလည်း ပါတယ်။ ပန်းတဉ်း ပညာရှင်၊ ကြေး ပညာရှင်တွေကတော့ မန္တလေးက များ တယ်။ ဒါတွေဟာ စီးပွားရေးစစ်တမ်း ကောက်လို့ရတဲ့အထိ အရေးပါတာ တွေ့ရတယ်။ ခေါင်းလောင်းတွေမှာ အလှူရှင်တွေရဲ့ နတ်လူသာဓုခေါ်ပါ စေသော်၊ နိဗ္ဗာန်ရောက်ရပါလို၏ ဆိုတာ လောက် မဟုတ်တော့ဘဲ ခေတ်ရဲ့ နိုင်ငံ ရေး၊ စီးပွားရေးတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။ ခေါင်းလောင်းတွေမှာ ပါဠိ လိုရေးတာ ရှိတယ်။ သက္ကတဘာသာနဲ့ ရေးတာရှိတယ်။ သင်္ကေတတွေနဲ့ ထိုးထားတာလည်းရှိတယ်။ သုတေသန ပြုလုပ်ရတာ အတော်ကြာခဲ့ပါတယ်။ စဉ့်ကူးမင်း ခေါင်းလောင်းကြီးကတော့ အထင်ရှားဆုံးဖြစ်ပါတယ်။ အင်္ဂလိပ်က စစ်အောင်တဲ့အထိမ်းအမှတ်နဲ့ လန်ဒန် ကိုယူသွားဖို့ ကြိုးစားခဲ့ပေမယ့် ဒေါပုံ မြစ်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ အင်္ဂလိပ်တွေ မဆယ်နိုင်တဲ့ ဒီခေါင်း လောင်းကြီးကို မြန်မာ့နည်း မြန်မာ့ ဟန်နဲ့ ဆယ်ယူပြီး ရွှေတိဂုံဘုရားမှာ ပြန်လည်ချိတ်ဆွဲထားခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments