
(ယမန်နေ့မှအဆက်)
ဆရာကြီး၏ ထင်ရှားကျော်ကြားသည့်
စာအုပ်အချို့
ကျွန်တော် မစ္စတာဘားမား စာအုပ်သည် ဆရာကြီး၏ ၁၉၅၆ ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ် ကာလက နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ဆု ရ၍ လန်ဒန်တက္ကသိုလ် လန်ဒန်စီးပွား ရေးနှင့် နိုင်ငံရေးသိပ္ပံ ကောလိပ် (London School of Economics and Political Science) တွင် နိုင်ငံတကာ ဆက်ဆံရေးပညာ ဘာသာရပ်အတွက် သွားရောက်စဉ်က ပညာတော်သင် မှတ်တမ်းစာအုပ် ဖြစ်ပါသည်။ ဆရာကြီးသည် လန်ဒန်၌ လေးနှစ်ကြာ သွားရောက်ပညာသင်ကြားခဲ့ရပါသည်။ ထိုသို့ ပညာသင်ကြားရင်း လန်ဒန် တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်း သားများ၊ ဗြိတိသျှလူမျိုးစုများနှင့် ရင်းနှီးကျွမ်းဝင်စွာ ပေါင်းသင်းဆက်ဆံ မိခဲ့ပုံများ၊ သူတို့၏ ဘဝဓလေ့များ၊ အားလပ်ချိန်တွင် အသံလွှင့်ခြင်း၊ ပါဆယ်ပို့ခြင်း၊ စားပွဲထိုးဝင်လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပုံများ၊ နွေရာသီ ကျောင်းပိတ်ရက်များတွင် လန်ဒန်ပြင်ပရှိ မြို့ရွာများက ဖိတ်ကြား ၍ မြန်မာ့ယဉ်ကျေးမှုသမိုင်းကြောင်းကို သွားရောက်ဟောပြောခဲ့ပုံများ၊ ရန်ကုန်မှ လစ်ဗာပူးဆိပ်ကမ်းသို့ သင်္ဘော ဖြင့် အသွားအပြန် သွားရောက်ခဲ့သည့် အတွေ့အကြုံများ၊ ပညာသင်ကြားရေး အတွေ့အကြုံများနှင့် ဒေသန္တရဗဟု သုတများကို စိတ်ဝင်စားဖွယ် မှတ်တမ်းတင် ရေးသားထား သည်။
A POT-POURRI OF MYANMAR CULTURE စာအုပ်တွင် ဆောင်းပါးပေါင်း ၅၀ ပါဝင်ပြီး ယင်းဆောင်းပါးတို့သည် စနေနေ့ ညနေတိုင်း မြန်မာ့အသံမှ အင်္ဂလိပ်ဘာသာအစီအစဉ်တွင် ထုတ် လွှင့်ခဲ့သည့် ဆရာကြီး၏ ရေဒီယိုဟော ပြောချက်များဖြစ်သည်။ ဆောင်းပါးများ တွင် မြန်မာ့သဘာဝပတ်ဝန်းကျင် ဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ရှေးဟောင်း သုတေသနဆိုင်ရာ၊ ဗုဒ္ဓဘာသာဆိုင်ရာ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ဆိုင်ရာ၊ စာပေအနုပညာဆိုင်ရာ၊ လူမှု ထုံးတမ်းဓလေ့ဆိုင်ရာ စာပေများ စသည်ဖြင့် ရသစုံလင်စွာ ပါဝင်သည်။ ထိုစဉ်က ဆရာကြီး၏ ဟောပြောချက် များကို နားထောင်သူ မြန်မာပရိသတ် များ သာမက နိုင်ငံခြားသားများက လည်း နှစ်ခြိုက်အားပေးခဲ့ကြပါသည်။
AN OUTLINE HISTORY OF MYANMAR LITERATURE စာအုပ်သည် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အတွင်း မြန်မာစာပေသမိုင်းကို အင်္ဂလိပ်ဘာသာ ဖြင့် အကျဉ်းရေးသားထားခြင်း ဖြစ်ပါ သည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝ ခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ် နှင့် ကုန်းဘောင်ခေတ်အတွင်း မြန်မာ စာပေ နှင့် မြန်မာစာပေ ပညာရှင်ကြီးများ အကြောင်းကို အနှစ်ချုပ်တင်ပြထားပြီး ဆရာကြီး ဦးဖေမောင်တင်၏ “မြန်မာ စာပေသမိုင်း”ကို အခြေပြုရေးသားထား သော စာအုပ်ဖြစ်ပါသည်။ မြန်မာစာပေ ကို လေ့လာ သုတေသနပြုနေကြသော နိုင်ငံတကာ သုတေသီတို့အတွက် တန်ဖိုး ရှိလှသည့်စာအုပ် ဖြစ်ပါသည်။ ယင်း စာအုပ်ကို စာပေဗိမာန်က ပြန်လည် ပုံနှိပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။
ကျွန်မသည် ယခင်က ဆရာကြီး၏ နေပြည်တော်သမိုင်း စာတမ်းကိုသာ ဖတ်ခဲ့ဖူးသော်လည်း စာပေဗိမာန်သို့ စာတည်းတာဝန်ဖြင့် ရောက်ရှိချိန်တွင် ဆရာကြီး၏ စာတမ်းများနှင့် အင်္ဂလိပ် စာအုပ်၊ မြန်မာစာအုပ်များကို သိရှိခွင့် ရရှိခဲ့ပါသည်။
စာပေဗိမာန်သို့ ကျွန်မ အယ်ဒီတာ အဖြစ် အလုပ် ဝင်ရောက်သောအခါ ဆရာကြီးနှင့် ရင်းနှီးမှုမရှိသော်လည်း စာပေဗိမာန်မှ ထုတ်ဝေသော သုတ ပဒေသာ စာစောင်တွင် စာမူလာရောက် ပေးပို့ခြင်းနှင့် ကြုံဆုံခဲ့ဖူးပါသည်။ ၂၀၂၀ ပြည့်နှစ်အထိ စာမူများပေးပို့ခဲ့ပြီး စာမူ များကို ဆရာကြီးကိုယ်တိုင် လက်ရေး ဖြင့် ရေးသားကာ Reference အဖြစ် မူရင်းစာအုပ်မှ စာရွက်အပိုင်းအစလေး များကို ဖြတ်ယူ၍ ပေးပို့တတ်ပါသည်။ အယ်ဒီတာများ မူရင်းစာမူနှင့်တိုက်ကာ စစ်ဆေးနိုင်ရန်နှင့် လိုအပ်ပါက သရုပ် ဖော်ပုံအဖြစ် အသုံးပြုနိုင်ရန်ဟု အမှာစာ ပါတတ်ပါသည်။ တိကျ စေ့စပ်သော ပညာရှင်များ၏ နည်းနာများကို အတုခိုး မှတ်သားမိပါသည်။
၁၉၇၂ ခုနှစ်တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာစာအုပ်နှစ် အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့သည့် ဆရာကြီး မောင် ဆုရှင်နှင့် ဆရာကြီး မောင်ပေါ်ထွန်းတို့ ပြုစုခဲ့သောစာအုပ်ဟူသည့် စာအုပ်တွင် ဆရာကြီး ဒေါက်တာခင်မောင်ညွန့်က “အလိမ္မာစာမှာရှိသည်”ဆိုသော မြန်မာ့ ဆိုရိုးစကားသည် မှန်၏။ သို့သော် စာအုပ် များကို အရိုးများ၊ လိပ်ခွံများ၊ ဂူနံရံများ၊ စက္ကူလိပ်များ၊ ရွှံ့ပြားများ၊ ကျောက်ပြား များ၊ သစ်ပြားများ၊ ပေပုရပိုက်များ စသည်တို့အပေါ်တွင် ခေတ်အဆက် ဆက်က ထုထွင်းရေးခြစ်ခဲ့ရာ စာအုပ်၌ ရှိသောအလိမ္မာသည် လူထုထံသို့ မရောက် နိုင်ခဲ့ချေ။ စာအုပ်တွင်ရေးသားပုံ ဖြစ် လာသောအခါမှာ လူထုထံသို့ အလိမ္မာ ရောက်နိုင်ပါသည်။ ထို့ကြောင့် “စာအုပ် သည် လူထုထံသို့ အလိမ္မာပေးပို့သော အထိရောက်ဆုံးယာဉ် ဖြစ်ပါသည်” ဟူ၍ “အလိမ္မာယာဉ်”ဟု ခေါင်းစည်းတပ်ကာ စာအုပ်၏ ဂုဏ်ရည်ကို ရေးသားခဲ့ရာ စိတ်နှလုံးတွင် စွဲမြဲစွာ မှတ်မိလျက်ရှိပါ သည်။
ဆရာကြီးသည် စာပေဗိမာန်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံမှု ရှိခဲ့ပါ သည်။ စာပေဗိမာန်၏ အခမ်းအနားများ သို့ အသက် ၉၀ နားအထိ မပျက်မကွက် တက်ရောက်အားပေးလျက်ရှိပါသည်။ အမျိုးသားစာပေ စိစစ်ရွေးချယ်ရေး အဖွဲ့ ဝင်နှင့် မြန်မာ့ရည်ညွှန်းကျမ်း စိစစ်ရေး အဖွဲ့ဝင်တို့အဖြစ် ဆောင်ရွက်ခဲ့ပြီး စာပေ ဗိမာန်ကကျင်းပသော စာတမ်းဖတ်ပွဲ များတွင် သဘာပတိအဖွဲ့ဝင်နှင့် စာတမ်းရှင်တို့အဖြစ် ပါဝင်ကူညီ ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ ဆရာကြီး သည် အမျိုးသားစာပေဆုပေးပွဲအခမ်းအနားနှင့် စာတမ်းဖတ်ပွဲများသို့လည်း တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
ဆရာကြီးသည် စာပေဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည့် စာရေးဆရာမကြီး ဒေါ်ကြန်(မကြန်)၏ ရာပြည့် အခမ်း အနားသို့ တက်ရောက်အားပေးခဲ့ပါသည်။ ထို့ပြင် ဆရာမကြီး၏ ရာပြည့် အထိမ်း အမှတ် စာအုပ်တွင်လည်း အမှတ်တရ ဆောင်းပါးရေးသားခဲ့သည်ကို ဖတ်ရှုရပါ သည်။
ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိ
ဆရာကြီးသည် ယခုအခါ အသက် ၉၂ နှစ်ရှိပြီး ဇနီးဒေါ်လှလှခင်၊ သားသမီး ၅ ယောက်၊ မြေး ၄ ယောက်တို့နှင့်အတူ အမှတ်(၄၉၉/X)၊ မိုးမခလမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့၌ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပြီး စာပေလုပ်ငန်းများကို ဆောင်ရွက်နေဆဲ ပင် ဖြစ်ပါသည်။ ကျွန်မသည် ဆရာကြီး နှင့် လူချင်းတွေ့ကာ စကားမပြောဖူးခဲ့ သော်လည်း ဆရာကြီးအား ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ရပါသည်။ ဆရာကြီး သည် အသက် ၉၂ နှစ်ရှိပြီဖြစ်သော်လည်း အသံကြည်လင်စွာဖြင့် ပြောဆိုဆွေးနွေး နိုင်ဆဲ ဖြစ်ပါသည်။ ကျွန်မအနေဖြင့် လည်း ဆရာကြီးအား အသက်ရာကျော် တိုင်အောင် သားသမီး မြေးမြစ်များဖြင့် ကျန်းမာအသက်ရှည်စွာ နေထိုင်လျက် ရာပြည့်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂါရဝပြု ရေးသားလိုက်ပါသည်။ ။
ကြည်ကြည်မြင့် (စာပေဗိမာန်)
- Log in to post comments