သမိုင်းထဲက သင်ခန်းစာ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် သွေးစွန်းခဲ့သည့်နေ့ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးတို့ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးကြိုးပမ်းမှုများကို အကြမ်းဖက်လူသတ်ဝါဒက ယုတ်မာရက်စက်စွာ     အစွမ်းကုန်    ဖျက်ဆီးခဲ့သောနေ့လည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ရချိန်တွင် ၎င်းတို့၏ အသက်အရွယ်များကို ကြည့်ပါက ငယ်ရွယ်သူများဖြစ်ပြီး နိုင်ငံအတွက် ကာလကြာရှည် စွာ   တာဝန်ထမ်းရွက်နိုင်သေးသည့်    လူငယ်လူရွယ်များသာ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းသည် ကျဆုံးသည့်အချိန်တွင် အသက် အားဖြင့် ၃၂ နှစ်မျှသာ ရှိသေးသည်။ ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလာပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဘဝ၊ သခင် လူငယ်ဘဝတို့မှ အစပြု၍ မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာကာ    လွတ်လပ်ရေးအတွက်   ဦးဆောင်ကြိုးပမ်းခဲ့သည့် စွမ်းဆောင်မှုများမှာ   ရာစုနှစ်များစွာတွင်မှ    တစ်ယောက် ထွန်းပေါက်လာခြင်းလည်း ဖြစ်သည်။   ဗိုလ်ချုပ်သည်     သူ၏ တိုတောင်းလှစွာသောဘဝတာအတွင်း      ဉာဏ်အမြော်အမြင် ကြီးမားမှု၊   စွန့်လွှတ်အနစ်နာခံမှု၊  လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံမှုတို့ဖြင့်    ပြည်သူလူထုကို   ခေါင်းဆောင်မှုပေးကာ  လွတ်လပ်ရေးအတွက် မနားမနေ ကြိုးပမ်းအားထုတ်သွားခဲ့သည်။ အိန္ဒိယခေါင်းဆောင် ဂျဝါဟလာနေရူးက “ဦးအောင်ဆန်းသည် လူငယ်ပင်ဖြစ်စေကာမူ ကျွန်ုပ်၏  ရဲဘော်မိတ်ဆွေဖြစ်၍ မြန်မာ လူထု၏ ပြိုင်ဘက်မဲ့ခေါင်းဆောင်နှင့် မြန်မာ့လွတ်လပ်ရေးကို ဖန်တီးမည့်ပုဂ္ဂိုလ်ဖြစ်၍ များစွာဝမ်းနည်းကြောင်း” ပြောကြား ခဲ့သလို ဂန္ဒီကလည်း   “မြန်မာနိုင်ငံ ခေါင်းဆောင် ဂျင်နရယ် အောင်ဆန်းသည် ခေတ်သစ်မြန်မာနိုင်ငံကို မွေးဖွားသူဖြစ်ပြီးလျှင် မြန်မာနိုင်ငံကို လွတ်လပ်ရေးတံခါးဝ၌ ထားပစ်ခဲ့သည်။ ဂျင်နရယ် အောင်ဆန်းသည် သူရဲကောင်း  လုလင်ဖြစ်သည်။ သူ့ကြောင့် ယနေ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတော့မည်”ဟု ဆိုခဲ့သည်။


ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တောင်ပေါ် မြေပြန့်မကျန် ထူးထူးခြားခြား စည်းလုံးညီညွတ်ခဲ့ သည်။ ဗိုလ်ချုပ်နှင့် ပြည်သူလူထုမှာ ခွဲမရလောက်အောင်ပင် ဖြစ်ခဲ့ကြောင်းကိုလည်း သမိုင်းမှတ်တမ်းများက ထင်ထင်ရှားရှား ပြဆိုသည်။ ဆန့်ကျင်ဘက်အားဖြင့်မူ တစ်နိုင်ငံလုံးက လွတ်လပ် ရေးအတွက် ကြိုးပမ်းနေချိန်တွင် မိမိအာဏာရရေးနှင့် ပုဂ္ဂိုလ်ရေး သံသယမှ စသည့် အာဃာတအငြိုးအတေးတို့ တဟုန်းဟုန်း တောက်လောင်နေသူလည်း ရှိနေခဲ့သည်။ သူသည် ရက်စက်သူ၊ သွေးဆာသူ၊ ကောက်ကျစ်သူ၊ သိုသိပ်သူ။ သို့သော်  လူကြီး လူကောင်း မျက်နှာဖုံးကိုစွပ်ကာ မျိုးချစ်စိတ်ရှိသူ၊ လွတ်လပ်ရေး အတွက် ကြိုးပမ်းသူဟူသော အရေကိုခြုံလျက် ၎င်း၏ဩဇာခံ နောက်လိုက်တပည့် လူငယ်လူရွယ်များကို ရှာကြံမွေးမြူကာ ၎င်း၏ အလိုရမ္မက်အတွက် အသုံးချခဲ့သူဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ   နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံရန်အတွက် ဂဠုန် ဦးစောက ခိုင်းစေခဲ့သည့် နောက်လိုက် နောက်ပါများတွင် အသက် ၁၆ နှစ်အရွယ်၊ အသက် ၂၀ အရွယ် လူငယ်လေးများ ပါဝင်ခဲ့သည်။ သူတို့သည် မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေးကြိုးပမ်းနေသည်ကို မျက်စိမှောက်ခဲ့ကြသည်။ သူတို့၏ ခေါင်းဆောင်သည်သာ မျိုးချစ်ပုဂ္ဂိုလ်ဟု မြင်ခဲ့ကြသည်။ တကယ့်တကယ် တရားခွင်သို့ရောက်၍ ဥပဒေနှင့် ရင်ဆိုင်ကြရ သည့်အခါ သူတို့၏ခေါင်းဆောင်က  ကိုယ်လွတ်ရုန်းသွားသည်ကို လည်း ကြုံခဲ့ရသည်။ လူငယ်တချို့သည် ရက်သတ္တပတ် အနည်း ငယ်မျှနှင့် နိုင်ငံတော်လုပ်ကြံမှု အမှုတွဲကြီးတွင်ပါခဲ့ရပြီး ကြီးလေး လွန်းသည့် အပြစ်ဒဏ်နှင့် ကြုံခဲ့ကြရခြင်းဖြစ်သည်။ ကိုယ်ကျိုးရှာ လူလည်နိုင်ငံရေးစားဖားကြီးများ၏    လူငယ်လူရွယ်များကို အသုံးချ  စတေးခဲ့သည့်   ဖြစ်ရပ်သင်ခန်းစာကို   ယူနိုင်ကြပါ စေကြောင်း။   ။