
ဒေါက်တာလှိုင်လှိုင်ကြီး ဌာနမှူး(စာကြည့်တိုက်) တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အဦကို မြန်မာပြည်ဘုရင်ခံနှင့် ရန်ကုန်တက္ကသိုလ် အဓိပတိလည်းဖြစ်သည့် ဆာဟာကုတ်ဘတ္တလာ (Sir Hercourt Butler) က ၁၉၂၇ ခု ဒီဇင်ဘာလ(၈) ရက်နေ့တွင် အုတ်မြစ်ချပေးခဲ့ပါသည်။ စာကြည့်တိုက်အဆောက်အဦအတွက် ရူပီးငွေ (၂) သိန်းကို စေတနာရှင် ရေးဗဟာဒူးအက်စ် ရာမာနသာရေဒီယာ (Rao Bahudur S. Ramanatha Reddier) က လှူဒါန်းခဲ့ပါသည်။ ၁၉၃၁ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး ထိုစဉ်က မြန်မာပြည်ဘုရင်ခံဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အဓိပတိလည်းဖြစ်သည့် ဆာချား အလက်ဇင်းဒါးအင်းနစ် (Sir Charles Alexander Innes) က ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်ယူနီဗာစီတီကောလိပ် ကျောင်းအုပ်ကြီး မစ္စတာဒီဂျေစလော့စ် (Mr. D.J.Sloss) က ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၏ စာကြည့်တိုက် ကော်မတီဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
ခံ့ခံ့ညားညား တည်ရှိခဲ့သော ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်
ယနေ့ ခံ့ခံ့ညားညား တည်ရှိနေသော သမိုင်းဝင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ကို ဗိသုကာပညာရှင် T.O Foster က ဒီဇိုင်း ရေးဆွဲခဲ့ပြီး အဆောက်အဦကြီး၏ ပုံစံမှာ အင်္ဂလိပ်စာလုံး “L” ပုံစံ (၂) ထပ်ဖြစ်ပြီး စာအုပ်ထားသိုခန်း (Book Stack Room) ကို အထပ်(၄) ထပ်ဖြင့် ဖွဲ့စည်းထားခဲ့ပါသည်။ အဆောက်အအုံအကျယ်အဝန်းမှာ (၁၂၀ x ၃၆) ပေနှင့် အမြင့် (၇၂) ပေရှိ ပြီး မြေအောက် ခန်း ပါရှိပါသည်။ ဒေါင်လိုက်ပြတင်းပေါက် (Vertical Windows) များ လုံလောက်စွာ ဖောက်ထားသဖြင့် လေဝင်လေထွက်နှင့် အလင်းရောင်ကို ကောင်းမွန်စွာရရှိပါသည်။ စာအုပ်ထားသိုခန်း (Book Stack Room) မှာ(၄)ထပ်ဖြစ်ပြီး စာအုပ်စင်များ၏ ကြမ်းခင်း များမှာ မြေညီထပ်မှလွဲ၍ ကွန်ကရစ် ကြမ်းခင်းမဟုတ်ဘဲ ခိုင်မာသော သံဆန်ခါ ပေါက် ကြမ်းခင်း (Perforated Floor) ဖြစ်ပါ သည်။
စစ်ဘေးဒဏ်ခံခဲ့ရမှု
ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅ ခုနှစ် ဧပြီလတွင် ဂျပန်စစ်တပ်သည် ရန်ကုန်မြို့မှ ဆုတ်ခွာသောအခါ စာကြည့်တိုက်အဆောက် အဦကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ရာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်အဆောက် အဦ၏ အမိုးပျက်စီးကာ စာအုပ်ထားသိုခန်း၊ စာအုပ်စင်များ မီးဒဏ်ကြောင့် ပျက်စီးခဲ့ပါ သည်။
စစ်ကြီး၏ရလဒ်အဖြစ် ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်အဆောက်အဦ ပျက်စီးသွားသည် သာမက စုဆောင်းထားသမျှ အားလုံးနီးပါး ဆုံးရှုံးသွားရလေသည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အတွင်း အဝင်ဝတွင် စစ်ဘေးဒဏ်ခံခဲ့ရသည့် အင်္ဂတေကိုင်၍ စိုက်ထူထားသော အမြင့် ၇ ပေကျော်နှင့် အနံ ၃ ပေ ကျော်ရှိသည့် သမိုင်း ဝင် ရှေးဟောင်း ကျောက်စာတိုင်ကြီးတစ်တိုင် ရှိပါသည်။ ယင်းကျောက်စာတိုင်သည် ၁၉၃၀ ပြည့်နှစ် မတိုင်မီက ရန်ကုန်ဆေးရုံကြီး နေရာ တွင် တိရစ္ဆာန်ရုံနှင့်အတူ ဖယ်ယာပြတိုက် (Phayre Museum) ရှိခဲ့ပါသည်။ တိရစ္ဆာန်ရုံကို ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့ပြီး ဖယ်ယာ ပြတိုက်(Phayre Museum) တွင် ထားရှိခဲ့ သော ကျောက်စာတိုင်ကြီးကို အတွင်းဝန်များ ရုံးတွင် ခေတ္တထားရှိခဲ့ကြောင်း၊ ၁၉၃၃ ခန့် တွင် ရန်ကုန်တက္ကသိုလ် အာဏာပိုင်များက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက် အဦသို့ ပြောင်းရွှေ့ သယ်ယူထားရှိခဲ့ကြောင်း သိရပါသည်။
ထိုကျောက်စာတိုင်ကြီးသည် စစ်ဒဏ်ကို ခံခဲ့ရသော်လည်း အလွန်ရှေးကျသော ရှေးမွန် ဘာသာဖြင့် ရေးထိုးထားသော ပုဂံခေတ် ကျောက်စာတိုင်ကြီး တစ်တိုင်ဖြစ်ပြီး စာသား အများစုမှာ အကောင်းပကတိ ရှိနေပါသည်။၁ ယခုအခါတွင် လေ့လာသူ သုတေသီများ အားထား လေ့လာနိုင်သော ကျောက်စာတိုင် ကြီးမှာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အဦအတွင်းရှိ စာငှားကောင်တာ ဘေးတွင် တည်ရှိလျက်နေပါသည်။ (၁။ ဒေါက်တာအောင်မြင့်ဦး၊ ကျိုက်တလန်း မွန် ကျောက်စာလေ့လာချက်၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ၂၀၁၆၊ စာ ၁။
အဆင့်ဆင့်ထူထောင်လာခဲ့သော ယနေ့ အခြေအနေ
စစ်ပြီးကာလမှ ယနေ့ခေတ် ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်သည် ပြာပုံဘဝ အဖြစ်မှနေ၍ အဆင့်ဆင့် ပြန်လည် ထူထောင်လာသော စာကြည့်တိုက်ဖြစ်လေ သည်။ စစ်ပြီးခေတ်တွင် ထူးခြားချက် တစ်ချက်မှာ ပြည်ထောင်စု ပါလီမန်က ပြဋ္ဌာန်းပေးခဲ့သော ပုံနှိပ်တိုက် အက်ဥပဒေ (ပြင်ဆင်ချက်) အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများကို ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်က ထိန်းသိမ်းပေးနိုင်ခွင့် ရှိလာခြင်းပင်ဖြစ်ပါ သည်။ စစ်မဖြစ်မီကအရှေ့တောင် အာရှတွင် ခေတ်မီသော စာကြည့်တိုက်တစ်ခုဖြစ်သည့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ရှိ စာအုပ် များ စုဆောင်းထားရှိသော (၄) ထပ်စာအုပ် ထားသိုခန်းတွင် စစ်မဖြစ်မီကာလက လေအေးပေးစက်ကို ပိုက်လိုင်းဖြင့် အထပ် တိုင်း ချိတ်ဆက်ထားရှိခဲ့ပါသည်။ ထိုလေအေး ပေးစက်သည် စစ်အတွင်းတွင် ပျက်စီးခဲ့ပြီး နောက် စစ်ပြီးကာလတွင် ပြန်လည် ပြုပြင် အသုံးပြုနိုင်ခဲ့သည်ဟု သိရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်း ကာလများတွင် လေအေးပေးစက် ကို အကြိမ်ကြိမ် ပြုပြင်ခဲ့သော်လည်း အသုံးပြု ၍ မရတော့ပါ။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၏ ပံ့ပိုးမှုနှင့်အတူ MARGA LANDMARK DEVELOPMENT CO., LTD နှင့် MARGA YOUTH FOUNDATION တို့က စာအုပ် ထားသိုခန်းဖြစ်သည့် (၄)ထပ် စာအုပ်စင်ရှိ စာအုပ်များ၊ ဘွဲ့အတွက် တင်သွင်းသော ကျမ်းစာအုပ်တို့ကို ကြာရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် လေအေးပေး စက်နှင့် အစိုဓာတ်ထိန်းစက် (Dehumidifier) တို့ကို တပ်ဆင်လှူဒါန်းပေးခဲ့ပါသည်။
စာကြည့်တိုက်မှူးများ
တစ်ခေတ်ပြီး တစ်ခေတ် ဦးဆောင် စာကြည့်တိုက်မှူးများအဖြစ် ဆောင်ရွက်ခဲ့သူ များမှာ ၁၉၃၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်ထိ မြန်မာအမျိုးသားထဲမှ ပထမဆုံး စာကြည့် တိုက်ဘွဲ့ရ ဆရာဦးခင်ဇော် (pen-name K) သည် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး အမြဲတမ်းစာကြည့်တိုက်မှူး ဖြစ်ခဲ့ပါသည်။ ဆရာ ဦးခင်ဇော် စုဆောင်းထားရှိသော စာပေ ရတနာသိုက်ကြီးသည် စစ်ကြီးအတွင်း ဖျက်ဆီးခံလိုက်ရပါသည်။ ဒုတိယကမ္ဘာစစ် ကြီးပြီးသောအခါ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကြီးကို ပြန်လည် တည်ထောင် ခဲ့သူမှာ ဆရာ ဦးသိန်းဟန် (ဆရာဇော်ဂျီ)ဖြစ်ပြီး ၁၉၄၆ ခုနှစ်မှ စတင်၍ စာကြည့်တိုက် မှူး တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ဆရာ ဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် လက်ထောက် စာကြည့်တိုက်မှူး ဆရာ ဦးသန်းထွတ် (ဆရာ တိုက်စိုး) အကူအညီဖြင့် စာအုပ်စာတမ်းများကို ပြန်လည် စုဆောင်းထားရှိခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စနစ်သစ်ပညာရေး မူဝါဒအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ စာကြည့်တိုက် ကဏ္ဍတွင် ဆရာဦးသိန်းဟန် (ဆရာဇော်ဂျီ) လက်ထက် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို မြန်မာနိုင်ငံရှိ တက္ကသိုလ် ကောလိပ်များ အားလုံးအတွက် ကိုယ်စား ပြုသော စာကြည့်တိုက်ကြီးတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း တည်ထောင်လျက် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဟု အမည် ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
၁၉၄၆ ခုနှစ်မှ စတင်၍ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် မှူးတာဝန်ကို ထမ်းဆောင်လာခဲ့သော ဆရာ ဦးသိန်းဟန် (ဆရာဇော်ဂျီ) သည် ၁၉၆၄ ခုနှစ် တွင် ပေါ်ထွန်းလာသော တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှူးတာဝန်ကိုရယူ၍ ၁၉၆၈ ခုနှစ်ထိ ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ ဆရာ ဦးသိန်းဟန်(ဆရာဇော်ဂျီ) အငြိမ်းစား ယူပြီးနောက်တွင် ဆရာကြီး စည်သူ ဒေါက်တာ ဦးသော်ကောင်းသည် တက္ကသိုလ် များ ဗဟို စာကြည့်တိုက် စာကြည့်တိုက်မှူးကြီး တာဝန်ကို ၁၉၆၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ ထမ်းဆောင်ခဲ့ပါသည်။ ဆရာကြီးသည် ခေတ်မီစာကြည့်တိုက် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် တိုးချဲ့လုပ်ကိုင်ဆောင်ရွက် ပေးခဲ့ပါသည်။ ဆရာကြီးသည် စာအုပ်စာတမ်း များ စုဆောင်းမှုတွင် အထူးပင် ပြည့်စုံတိုး တက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နည်းတူ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၏ စာကြည့်တိုက်မှူးကြီး တာဝန်မှ အငြိမ်းစား ယူပြီး ဖြစ်ပါသော်လည်း စာကြည့်တိုက်များ၊ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်ပညာ တိုးတက်မှုတို့အတွက် ယနေ့တိုင် မနားမနေ ဆောင်ရွက် ပံ့ပိုးပေးလျက်ရှိပါသည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်အဖြစ်ဖြင့် ၁၉၆၄ ခုနှစ်မှစ၍ ၂၃ နှစ်ကြာ ရပ်တည်လာ ခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ဟူ၍ စာကြည့်တိုက် နှစ်ခု အဖြစ် ပြုပြင်ဖွဲ့စည်းမှုအရ သီးခြားယှဉ်တွဲ လျက် ပေါ်ပေါက်လာခဲ့ပါသည်။ ဆရာကြီး ဦးသော်ကောင်းသည် တက္ကသိုလ်များ ဗဟို စာကြည့်တိုက်၏ စာကြည့်တိုက်မှူးကြီး တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အတွက် အသစ်တစ်ဖန်ပြန်လည်၍ သီးခြား ဖွင့်လှစ်ပေးလိုက်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ဦးစွာပထမ ဒေါ်မြင့်မြင့်ခင် က စာကြည့်တိုက်မှူးအဖြစ် ၁၉၉၄ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဦးမြတ်စိုး သည် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ အထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ဦးကျော်ဝင်းသည် ၂၀၀၂ မှ ၂၀၀၃ အထိ လည်းကောင်း၊ ဒေါ်ခင်နှင်းဦးသည် ၂၀၀၃ မှ ၂၀၁၁ အထိနှင့် ဒေါက်တာ လှိုင်လှိုင်ကြီးသည် ၂၀၁၂ မှ ၂၀၁၉ အထိ စာကြည့်တိုက်မှူးတာဝန်ကို အသီးသီး ထမ်းဆောင်ခဲ့ရာ လက်ရှိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၏ စာကြည့်တိုက်မှူးမှာ ဒေါ်သင်းသင်းစိုး ဖြစ်ပါသည်။
စာကြည့်တိုက်၏ ဝန်ဆောင်မှု
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၏ ဝန်ဆောင်မှုသည် ယခင်က သမားရိုးကျ ဝန်ဆောင်မှုများအနေဖြင့် စုဆောင်းထားရှိ သော ပြည့်စုံလုံလောက်သည့် စာအုပ်စာတမ်း များ၊ ရှားပါးရည်ညွှန်း စာအုပ်များဖြင့် ဝန်ဆောင်မှုပေးခဲ့ပါသည်။ ယခုအခါတွင် ခေတ်မီဝန်ဆောင်မှုများဖြင့် တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် အပိုင်း (၄) ပိုင်းခွဲ၍ ဝန်ဆောင်မှုပေးလျက်ရှိ ပါသည်။ ယင်းတို့မှာ-
(၁) စာအုပ်စာတမ်းများ စုဆောင်းပေးမှု (Library Collections)
( ၂ ) နည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦများ ဖြည့်ဆည်းပေး မှု (ICT Infrastructure)
( ၃ ) သုတေသန အထောက်အကူပြု ဝန်ဆောင်မှု (Research Support Service)
( ၄ ) စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်း (Library Services) တို့ ဖြစ်ပါသည်။
(၁) စာအုပ်စာတမ်းများ စုဆောင်းပေးမှု (Library Collections)
စာအုပ်စာတမ်း စုဆောင်းရာတွင် သင်ကြားသင်ယူမှုကို အထောက်အကူပြုစေ မည့် Printed Sources ဖြစ်သည့် ပညာရပ် ဆိုင်ရာ စာအုပ်များ၊ ရည်ညွှန်းစာအုပ်များနှင့် သုတ၊ ရသ စာအုပ်များ အပြင်လစဉ်၊ အပတ် စဉ် မဂ္ဂဇင်း၊ ဂျာနယ်များ၊နေ့စဉ်ထုတ်သတင်း စာများ၊ ပညာရပ်ဆိုင်ရာ သုတေသနဂျာနယ် များကို စုဆောင်းထားရှိပါသည်။ စာအုပ် စာတမ်းများကို စုဆောင်းရာတွင် (Printed Sources) များ သာမက Non Printed Sources ဖြစ်သည့် Academic Online eRecources များဖြစ်သည့် ပညာရပ်ပေါင်းစုံ ပါဝင်သော Online Database ကိုလည်း Online Library ကဲ့သို့ လေ့လာအသုံးပြုနိုင် ပါသည်။
(၂) နည်းပညာဆိုင်ရာ အခြေခံအဆောက် အအုံများ ဖြည့်ဆည်းပေးမှု (ICT Infrastructure)
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သည် ICT Infrastructure များ တတ်နိုင်သမျှ ပြည့်စုံစွာ တပ်ဆင်ဖြည့်ဆည်းထားခြင်းနှင့် e-Library, Online Library နှင့် Website များ ထူထောင်မှုတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ စာဖတ်သူတို့ကို ကွန်ပျူတာများ၊ Laptop များ၊ Scanner များ၊ Printer များ နှင့် မိတ္တူကူးစက်များ အသုံးပြုနိုင်ရန် ပံ့ပိုးပေး ထားသည့်ပြင် မြန်နှုန်းမြင့် အင်တာနက်လိုင်း များနှင့် Wifi Access Points များကို စာကြည့် တိုက်ဝန်းကျင်အတွင်း အသုံးပြုနိုင်ရန် ချိတ်ဆက်ထားရှိပါသည်။
ခေတ်နှင့်အညီ ပြောင်းလဲလာသော ICT အခြေပြု ဝန်ဆောင်မှုဖြစ်သည့် Online Public Access Catalogue (OPAC) က စာကြည့်တိုက်ရှိ အင်္ဂလိပ်၊ မြန်မာစာအုပ် များနှင့် ဘွဲ့အတွက် တင်သွင်းသော ကျမ်း စာအုပ်များ၏ ကက်တလောက်တို့ကို စာကြည့်တိုက်အတွင်း မည်သည့်နေရာမှမဆို အချိန်တိုအတွင်း ရှာဖွေနိုင်ရန်network ချိတ်ဆက်ထားရှိသည့်အပြင် ရန်ကုန် တက္ကသိုလ် website ၏ online catalogue (https://www. uy.edu.mm/ e-library/) မှလည်း အချိန်မရွေး ရှာဖွေအသုံးပြုနိုင်ပါ သည်။ ရှားပါးစာအုပ်စာတမ်း (Printed Format) များမှ Digital Format အဖြစ်သို့ ပြောင်းလဲလုပ်ဆောင်ပေးခြင်းနှင့် ထို Digital Format တို့ကို စာဖတ်သူများ အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ရန် email တို့မှ လိုအပ် သလို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
(၃) သုတေသနအထောက်အကူပြု ဝန်ဆောင် မှု (Research Support Service)
သုတေသီတို့အတွက် သုတေသနစာတမ်း များ ရေးသားရာတွင် ရည်ညွှန်းကိုးကားချက် များဖော်ပြရာ၌ Citation Manager အသုံးပြုပုံ များကို သင်တန်းပေးခြင်း၊ ထို့ပြင် နိုင်ငံတကာ အဆင့်မီသုတေသနစာတမ်းများ ပေါ်ထွက် နိုင်ရန် Plagiarism Checker- “URKUND” ကို အသုံးပြုပြီး သုတေသနစာတမ်းများ စစ်ဆေးပေးခြင်းစသည့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးပါသည်။ ကျောင်းသား၊ ကျောင်းသူ၊ နိုင်ငံတကာ သုတေသီများ လေ့လာနိုင်ရန်အတွက် Open Access Repository (အခမဲ့ အသုံးပြုနိုင်သော e-resources များ စုဆောင်းထားခြင်း)ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ကြီးအနေဖြင့် သုတေသီတို့အတွက် သုတေသနရေးသားမှု စွမ်းရည်၊ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်တို့ကို နိုင်ငံတကာအဆင့်မီ ရင်ပေါင်တန်းနိုင်ရန် ပံ့ပိုးဝန်ဆောင်မှုပေးလျက်ရှိပါသည်။
(၄) စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်း (Library Services)
ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်၏ စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် ဝန်ဆောင်မှုအနေဖြင့် အပတ်စဉ်၊ လစဉ် ကျောင်းသား ကျောင်းသူနှင့် စာပေလေ့လာသူ များအတွက် အထောက်အကူဖြစ်စေမည့် သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များ၊ ပညာရပ်ဆိုင် ရာ စာအုပ်များ၊ သုတ၊ ရသစာအုပ်များကို ဖြည့်ဆည်းပေးခဲ့ပြီး အသစ်ထွက်ရှိသော စာအုပ်များကို Social media ဖြစ်သည့် Facebook နှင့် website တို့တွင် ကြော်ငြာ ပေးခြင်းတို့ဖြင့် စာဖတ်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အချိန်မရွေး လေ့လာဖတ်ရှုနိုင်ပြီး ခေတ်မီ သင်ရိုးညွှန်းတမ်းတို့ကို အထောက်အကူပေး သည့် Online Library ကဲ့သို့သော Electronic Database တို့ဖြင့် ပံ့ပိုးပေးခြင်းများ၊ ပုံမှန် Library Orientation Programme များ ပြု လုပ်ခြင်း၊ ကျောင်းသား ကျောင်းသူများ တောင်းဆိုသည့် ဖတ်လိုသော (စာကြည့်တိုက် တွင် မရှိသော) စာအုပ်များကို အဆိုပြုစေပြီး ဝယ်ယူ ဖြည့်ဆည်းပေးခြင်းနှင့် စာဖတ်သူတို့ (လိုအပ်သည့်) အချက်အလက်များကို သက်ဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ပေးခြင်း၊ စာကြည့်တိုက်၏ ဝန်ဆောင်မှုများ အဆင့်မြှင့်တင် ပြောင်းလဲနိုင်ရေးအတွက် စာကြည့်တိုက်အချင်းချင်း စာပေပစ္စည်းခွဲဝေ သုံးစွဲမှုစနစ် (Resource Sharing System) အရ ငှားရမ်းဝန်ဆောင်မှုပေးခြင်းနှင့် စာကြည့် တိုက်၏ ဝန်ဆောင်မှုအချိန်ကို တိုးမြှင့်ဖွင့်လှစ် ပေးခြင်း ၊ စာဖတ်သူများ မေးမြန်းချက်များကို တယ်လီဖုန်း၊ e-mail၊ facebook နှင့် website တို့မှ ပြန်လည်ဖြေကြားပေးခြင်း စသည်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန် တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်မှစ၍ ရန်ကုန် တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်း အမှတ်ထိ သမိုင်းဝင်ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကြီး၏ ဘက်ပေါင်းစုံမှ ဝန်ဆောင်မှုများကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်ထားရှိခဲ့ကြပါသည်။ ရန်ကုန် တက္ကသိုလ်သည် နိုင်ငံတကာစံချိန်မီအောင် ဦးတည်ချီတက်လျက်ရှိရာ ပထမရာပြည့် သဘင်မှ ရာပြည့်ပေါင်းများစွာကို ဖြတ်သန်း ရောက်ရှိကာ နှစ်ပေါင်းထောင်ချီ တည်တံ့ လျက် အမိနိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်ကြမည့် သားကောင်း သမီးမွန် ရတနာများ မွေးထုတ်ပေးခြင်းကို ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်အနေဖြင့် တစ်တပ်တစ်အား ပါဝင်၍ အဓိကကျသော ဝန်ဆောင်မှုပေးမည်မှာ မလွဲဧကန်ပင်ဖြစ် ပါတော့သည်။ ။
ရည်ညွှန်း
၁။ မင်းသုဝဏ်၊ “တက္ကသိုလ်စစ်ဒဏ်၊ ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင် အပိုင်း (၂) ၊ ၁၉၇၀ ၊ စာ ၉−၁၁။
၂။ မြတ်စိုး၊ “တက္ကသိုလ်များ၏ ဗဟို ရတနာသိုက်ကြီး”၊ ရန်ကုန် တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် စာစောင်(၁၉၂၀-၁၉၉၅)၊ အပိုင်း(၁)၊ ရန်ကုန်၊ ရန်ကုန်တက္ကသိုလ်၊ စာ ၁၈၃−၁၉၂။
၃။ အောင်မြင့်ဦး၊ ဒေါက်တာ။
ကျိုက်တလန်း မွန်ကျောက်စာ လေ့လာချက်၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ၂၀၁၆၊
စာရေးသူ၏
ကိုယ်ရေးအကျဉ်း
-----------------
အမည်ရင်း - ဒေါက်တာ လှိုင်လှိုင်ကြီး
ဇာတိ - ရန်ကုန်မြို့
ပညာ - သိပ္ပံဘွဲ့ (၁၉၈၇)
အရည်အချင်း မဟာသိပ္ပံဘွဲ့ (၁၉၉၆)
စာကြည့်တိုက်နှင့်သုတ
ပညာဒီပလိုမာဘွဲ့
(၁၉၉၉)
မဟာဘွဲ့ (၂၀၀၁)
မဟာသုတေသနဘွဲ့
(၂၀၀၂) ပါရဂူဘွဲ့ (၂၀၁၄)
အခြား - ထူးချွန်အာဆီယံ
စာကြည့်တိုက်မှူးဆု
(၂၀၁၈) တွင် ချီးမြှင့်ခံခဲ့ရ
ပါသည်။
တာဝန် - ရန်ကုန်တက္ကသိုလ်
ထမ်းဆောင် စာကြည့်တိုက်တွင်
ခဲ့မှုများ ၁၉၉၆ မှ စတင်၍
စာကြည့်တိုက် တာဝန်
များကို အဆင့်ဆင့်
ထမ်းဆောင်ခဲ့ပါသည်။
စာကြည့်တိုက်မှူး
(၂၀၁၂ မှ ၂၀၁၉ အထိ)
ယခု - ဌာနမှူး (စာကြည့်တိုက်)
လက်ရှိတာဝန် တက္ကသိုလ်များ
ဗဟိုစာကြည့်တိုက်
- Log in to post comments