
တင်ကိုကို
====
အချိန်ရေစီးကြောင်းရဲ့ ပြန်ကျော့မှုကြောင့် ဒီဇင်ဘာလကို ရောက်လာခဲ့ပြန်ပါပြီ။ ဒီဇင်ဘာ လရဲ့ အေးမြမှုဟာ ကမ္ဘာသူကမ္ဘာသားတွေရဲ့ ရင်ထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ တစ်နှစ်ထက် တစ်နှစ် ခက်ခဲလာနေပါတယ်။ လူသားတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ကမ္ဘာသူ ကမ္ဘာသားတွေအတွက် နေ့စဉ်နဲ့အမျှ စိန်ခေါ်မှု တွေ တိုးပွားလျက်ရှိပါတယ်။ ဆင်းရဲမွဲတေမှုမှစ၍ လက်နက်ကိုင်ပဋိပက္ခအလယ် ကမ္ဘာကြီးပူနွေး လာမှုအပါအဝင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence - AI ) ဆိုင်ရာ ခြိမ်းခြောက်မှုတွေ အဆုံး အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေက ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ စိတ်နှလုံးကို ညှိုးငယ် စေလျက်ရှိပါတယ်။ အဆိုပါ အန္တရာယ်များတဲ့ အခြေအနေတွေဟာ လူသားမျိုးနွယ်ကို ပျက်စီး ခြင်းလမ်းကြောင်းပေါ်ကို တွန်းပို့နိုင်တယ်ဆိုတာ ကို ကျွန်ုပ်တို့ရဲ့ဘိုးဘွားတွေက ကြိုတင်သိမြင် နားလည်ခဲ့ကြပါတယ်။ ယင်းအခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့အလို့ငှာ ကမ္ဘာ့ငြိမ်းချမ်း ရေး၊ လူသားမျိုးနွယ်တွေရဲ့ သာယာဝပြောရေး ကိုရှေးရှုတဲ့ စဉ်းစားချက်တွေ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ကမ္ဘာ့ကုလသမဂ္ဂစင်မြင့်ထက်မှာ ရှိခဲ့ ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ (၇၃) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး နေ့ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှမှုရှိရေးဆိုတဲ့ အခြေခံစဉ်းစားချက်တွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့နေ့ကိုပင်လျှင် နောင်အနာဂတ် မျိုးဆက်တွေ အမှတ်ရစေဖို့နဲ့ ကမ္ဘာ့လူ့အခွင့် အရေး ကြေညာစာတမ်းပါ အခြေခံအခွင့်အရေး တွေကို တန်ဖိုးထားစိမ့်သောငှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါ တယ်။
တကယ်တော့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံး အသုံးအနှုန်းကို ကမ္ဘာ့စင်မြင့်ထက်မှာ တရားဝင် ကြေညာခဲ့ပေမယ့် တကယ့်လူသားတွေရဲ့ အခွင့် အရေးတွေကတော့ ကမ္ဘာဦးအစ လူသားရယ်လို့ ပညတ်အခေါ်အဝေါ် မစတင်မီကတည်းက ကမ္ဘာ ပေါ်ရှိ သတ္တဝါတိုင်းမှာ အခြေခံအခွင့်အရေးဆိုတာ မွေးရာပါအခွင့်အရေးအဖြစ် ပါလာပြီးသားဖြစ် ပါတယ်။ အဲဒီအခြေခံအခွင့်အရေးကတော့ အသက် ရှင်သန်ခွင့်ပါ။ ဒါဟာ သတ္တဝါတိုင်းမှာ အခြေခံ အကျဆုံး အခွင့်အရေးဖြစ်ပါတယ်။ လူသားတွေ မှာတော့ ဒီထက်ပိုတဲ့အခွင့်အရေးတွေရှိတယ်ဆိုတဲ့ စဉ်းစားတွေးခေါ်ချက်တွေရှိပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းဟာလည်း လွယ်လွယ်ကူကူပေါ်ပေါက် လာခဲ့တာတော့ မဟုတ်ပါဘူး။ ကမ္ဘာဦးကတည်းက ရှိခဲ့တဲ့အခွင့်အရေးတွေဟာ ယခုမျက်မှောက် ကာလတိုင်အောင် စိန်ခေါ်မှုတွေ ရှိနေဆဲပါ။
လူ့အခွင့်အရေးဆိုတဲ့အဓိပ္ပာယ်ကို နားလည်မှု လက်ခံမှုမရှိသေးတဲ့ ကာလတွေဖြစ်တဲ့ ရှေးခေတ် ဘုရင့်နိုင်ငံတွေမှာတောင် ၎င်းအဓိပ္ပာယ်နဲ့ ဆင်တူတဲ့ အသုံးအနှုန်းတွေနဲ့ လူသားတွေဟာ ၎င်းတို့ရဲ့ အခွင့်အရေးတွေကို သတိပြုမိကြပါတယ်။ အဲဒီအသုံးအနှုန်းတွေကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားခြင်း၊ ကိုယ်ချင်းစာတရား ထားရှိခြင်း၊ မေတ္တာထားခြင်း၊ ညီမျှခြင်းဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေဟာ အမှောင်ခေတ်လို့ ဆိုရမလိုပါပဲ။ အုပ်ချုပ်သူတွေဟာ အုပ်ချုပ်ခံပြည်သူ တွေရဲ့ အခွင့်အရေးကို လျစ်လျူရှုမှုတွေ များခဲ့ပါ တယ်။ ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်တောင် တစ်ခါတစ်ရံ ခေါင်းစဉ် အမျိုးမျိုးတပ်ခံရပြီး ဆုံးရှုံးခဲ့ရတာတွေရှိခဲ့ပါတယ်။ ဒါတွေဟာ သက်ဦးဆံပိုင်ဘုရင်တွေ အုပ်ချုပ်တဲ့ ကာလတွေမှာ အထင်အရှားသာဓကတွေရှိပါတယ်။ အခုကာလမှာလည်း အလားတူ သာဓကတွေကို အခြေခံ လူ့အခွင့်အရေးချိုးဖောက်မှုတွေအဖြစ် တွေ့မြင်နေရဆဲဖြစ်ပါတယ်။
သို့ပေမယ့် လူသားတွေအနေနဲ့ အသိဉာဏ် ဖွံ့ဖြိုးလာတာကတစ်ကြောင်း၊ ဘာသာရေးကျင့်ဝတ် အဆုံးအမတွေကို သိရှိလိုက်နာလာတာက တစ်ကြောင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှုကြောင့် ဖြစ်ပေါ် လာတဲ့ လူမှုတိုးတက်မှု (Civilization) အခြေအနေကို ရရှိလာတာကတစ်ကြောင်း မိမိတို့မှာရှိတဲ့ အခြေခံ အခွင့်အရေးတွေသာမက အခြားသောအခွင့်အရေး တွေကိုလည်းပဲ ရရှိခံစားပိုင်ခွင့်ရှိတယ်ဆိုတာကို နားလည်လာကြပါတယ်။ ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစတွေမှာ လူသားတွေအနေနဲ့ ပိုမိုပွင့်လင်း လွတ်လပ်လာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း အပေါ် အခြေခံပြီး ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေနဲ့ စပ်လျဉ်းတဲ့ အခွင့်အရေးတွေကိုပါ တောင်းဆိုလာနိုင် ပါတယ်။ ဥပမာ မကြာသေးမီက ဆွီဒင်နိုင်ငံသူတစ်ဦး ဖြစ်သူ အသက် (၁၈) နှစ်အရွယ် Greta Thunberg ရဲ့ ရာသီဥတုပြောင်းလဲလာမှုအရေးအတွက် တောင်းဆို ဆန္ဒပြတဲ့ကိစ္စပဲဖြစ်ပါတယ်။ ၎င်းရဲ့လုပ်ဆောင်ချက် ကြောင့် တစ်ကမ္ဘာလုံးရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါ တယ်။
အကျိုးကျေးဇူးများ
အခြေခံအခွင့်အရေးတွေဟာ လူသားတွေ အတွက် ဘဝရပ်တည်ရေးမှာ မရှိမဖြစ်အရေးပါတယ် ဆိုတာကို နားလည်လာကြပါတယ်။ သမိုင်းကလည်း လူသားတွေကို သင်ခန်းစာအတွေ့အကြုံကောင်းတွေ ပေးပါတယ်။ ဒီလိုနားလည်လာခဲ့တာကြောင့် လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ပထမအချက်ကတော့ လူသားတွေ ရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို အပြည့်အဝ ခံစားခွင့်ရှိမယ်ဆိုရင် ၎င်းအခွင့်အရေးတွေဟာ လူသား တွေရဲ့ ဘဝနေထိုင်မှုကို အကာအကွယ်ပေးနိုင်တယ် ဆိုတဲ့ အသိကို ခံစားရစေပါတယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ မိမိဘဝရှင်သန်မှုတောင်မှ အာမခံချက်မရှိရင် အခြားအခွင့်အရေးတွေ တောင်းဆိုခံစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ဒုတိယအချက်ကတော့ ၎င်းအခွင့်အရေးတွေ ဟာ တန်ဖိုးထားအပ်တဲ့ သမိုင်းစဉ်ဆက် အခွင့်အရေး ဖြစ်နေတယ်ဆိုတဲ့အချက်ပါ။ လူသားတွေအနေနဲ့ မိမိတို့ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို မိမိကိုယ်တိုင် တန်ဖိုးထားကြရမှာဖြစ်ပါတယ်။ မိမိရဲ့အခွင့်အရေး တွေကို မိမိတို့ကိုယ်တိုင်တောင် မသိရှိနားမလည်လို့ တန်ဖိုးမထားနိုင်ရင် ၎င်းအခွင့်အရေးတွေကတစ်ဆင့် ရရှိမယ့်အကျိုးကျေးဇူးတွေကို ခံစားနိုင်ဖို့မဖြစ်နိုင် ပါဘူး။ ဒီလို မိမိတို့ရဲ့ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေနဲ့ စပ်လျဉ်းပြီး တန်ဖိုးထားစေတဲ့အလေ့အထကို မိမိတို့ လူ့အဖွဲ့အစည်းမှာ ကျင့်ဝတ်ဓလေ့တစ်ခုလို လိုက်နာ ကျင့်ကြံနိုင်ပြီး နောင်မျိုးဆက်တွေကို လက်ဆင့် ကမ်းနိုင်မယ်ဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လူ့အဖွဲ့ အစည်းက ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
တတိယအချက်ကတော့ ယနေ့ခေတ်နဲ့ ပိုမို ဆက်စပ်မှုရှိတယ်လို့ဆိုနိုင်ပါတယ်။ ကမ္ဘာကြီးမှာ စစ်အေးကာလအပြီး ဒီမိုကရက်တိုက်ဇေးရှင်း ကာလလို့ခေါ်ဆိုနိုင်တဲ့ ၁၉၈၉ ခုနှစ်နောက်ပိုင်းကစလို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအကြောင်းကို ပိုမိုတွင်တွင်ကျယ်ကျယ် ပြောလာပါတယ်။ ယနေ့ခေတ်မှာတော့ လူမျိုး တစ်မျိုးရဲ့ ဂုဏ်သိက္ခာ၊ ထိုမှတစ်ဆင့် ထိုလူမျိုးတို့ နေထိုင်ရာ နယ်မြေသတ်မှတ်ထားတဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဆိုတာ အရေးပါ လာပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို တိုင်းတာတဲ့ ပေတံတွေထဲမှာ အဆိုပါနိုင်ငံဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မည်မျှတန်ဖိုးထားလေးစားသလဲဆိုတဲ့ အချက်ဟာ လည်း အရေးပါတဲ့အချက်တစ်ချက်အဖြစ် ပါဝင်ပါ တယ်။ ဒါဟာ လူသားတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုထက် မိမိတို့ရဲ့ သမိုင်းစဉ်ဆက်လက်ခံရရှိခဲ့တဲ့ စံတန်ဖိုးတွေကို မည်မျှတန်ဖိုးထားသနည်းဆိုတဲ့ စဉ်းစားချက်အပေါ် အခြေခံပါတယ်။ ယင်းကဲ့သို့ မိမိတို့ရဲ့ ရပိုင်ခွင့်နဲ့အတူ တာဝန်ယူမှုပါ တစ်ပါတည်း ပါရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားမှု မြင့်မားလေလေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာ ရှိတဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်လေ ဖြစ်ပါ တယ်။ နိုင်ငံသားတိုင်း မိမိတို့ရဲ့နိုင်ငံကို ကမ္ဘာ့ အလယ်မှာ ဂုဏ်သိက္ခာရှိတဲ့နိုင်ငံအဖြစ် မြင်ချင်ကြမှာ မလွဲဧကန်ပါပဲ။ လူ့အခွင့်အရေးဆိုင်ရာ စံတန်ဖိုး တွေကို လိုက်နာတာဟာ နိုင်ငံအတွက်သာမက နိုင်ငံသားတိုင်းအတွက်ပါ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာမြင့်မားစေမှာဖြစ်ပါတယ်။
စတုတ္ထအချက်ကတော့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေစိုးမိုးမှုကို ထောက်ပံ့အားပေးတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာ မှုဟာ ဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောဖြစ်ပါ တယ်။ လူ့အခွင့်အရေးကို လေးစားမှုမရှိရင် တရား ဥပဒေစိုးမိုးမှုမရှိနိုင်ပါဘူး၊ တရားဥပဒေစိုးမိုးမှု မရှိရင် ဒီမိုကရေစီစနစ်အားကောင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတိုင်းလူတိုင်း မိမိရဲ့ရပိုင်ခွင့်နဲ့ တာဝန်တွေကို လေးစားတန်ဖိုးထားမယ်ဆိုရင် ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင် ပါလိမ့်မယ်။ ဒါဟာ လူသားတိုင်းအတွက် ကျင့်ဝတ် ဆိုင်ရာ အခွင့်အရေးဖြစ်ပါတယ်။ မိမိတို့ရဲ့ အခွင့်အရေးကို စဉ်းစားသကဲ့သို့ အခြားသူတွေရဲ့ အခွင့်အရေးအတွက် စဉ်းစားပေးမှုဟာ လူနဲ့ တိရစ္ဆာန်ကြား ကွာခြားချက်ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါကျင့်ဝတ်ကို တန်ဖိုးထားမှုအပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေစိုးမိုးမှု၊ ငြိမ်းချမ်းမှု အပေါ် သက်ရောက်မှုရှိပါတယ်။
ပဉ္စမအချက်ကတော့ ဘာသာတရားနဲ့ သက်ဆိုင်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းမှာ မိမိတို့ နဲ့ သက်ဆိုင်တဲ့ ကိုးကွယ်ယုံကြည်မှုတွေရှိကြ ပါတယ်။ ဟိန္ဒူဘာသာအစ နတ်ကိုးကွယ်မှု အဆုံးဖြစ်ပါတယ်။ ကိုးကွယ်မှုတွေ ကွဲပြားမှု ရှိပေမယ့် လူသားဆိုတဲ့ ဖြစ်တည်မှုကတော့ ကွဲပြားမှုမရှိပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး စံတန်ဖိုးတွေကို လေးစားလိုက်နာခြင်းအားဖြင့် ဘာသာတရားအချင်းချင်းကြား မတူကွဲပြားမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးကို လမ်းပြပေးပါတယ်။
နောက်ဆုံးအချက်ကတော့ ရှေ့မှာတင်ပြခဲ့ သလိုပဲ လူ့အခွင့်အရေးစံတန်ဖိုးတွေဟာ လူ့အဖွဲ့ အစည်းရဲ့ အခြေခံအကျဆုံးသော တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ လူသားတွေအတွက် မရှိမဖြစ် အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်း မွေးရာပါဂုဏ်သိက္ခာအတိုင်း နေထိုင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ လူ့ဂုဏ်သိက္ခာဆိုတဲ့အရာဟာ လူသားတွေအတွက် အသက်ရှင်သန်စဉ်ကာလ တစ်လျှောက်လုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ လူသားတစ်ဦးအတွက် ဂုဏ်သိက္ခာ မဲ့စွာ အသက်ရှင်သန်ရတာဟာ အသက်ရှင်သန်မှုရဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်စရာဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်လူသားတွေဟာ ဘဝကို ဂုဏ်သိက္ခာနဲ့ တည်ဆောက်ကြတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်းရဲ့ အပိုဒ် (၁) မှာ “လူသား တိုင်းဟာ လွတ်လပ်ပြီး တန်းတူညီတဲ့ ဂုဏ်သိက္ခာ နှင့် အခွင့်အရေးများနဲ့ မွေးဖွားလာသူများ ဖြစ်ပါ တယ်”လို့ ဦးဦးဖျားဖျားဖော်ပြထားတာ ဖြစ်ပါ တယ်။ အင်မတန် အဓိပ္ပာယ်ရှိလှပါတယ်။
l စာမျက်နှာ ၁၂ မှ
သမိုင်းဝင်အခွင့်အရေးများ
ကမ္ဘာကြီးက စက္ကန့်မလပ် ပြောင်းလဲနေတယ် ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့်လည်း နယ်ပယ်အသီးသီးဟာ ရှေးယခင်နဲ့မတူ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေပါတယ်။ အခွင့်အရေးတောင်းဆိုမှုနဲ့ သက်ဆိုင်တဲ့ ယူဆချက်တွေဟာလည်း ယခင်ကာလနဲ့မတူ ပိုမိုကျယ်ပြန့်တဲ့ အမြင်တွေရှိလာပါတယ်။ ပညာရှင်တွေကတော့ မျိုးဆက်အနေနဲ့ သတ်မှတ် ပါတယ်။ အခွင့်အရေးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေကတော့ ၁၈ ရာစုလောက်မှာ စတင်ပေါ်ပေါက်လာပါတယ်။
၁၈ ရာစုဟာ ကမ္ဘာမှာ ကိုလိုနီဝါဒအားကောင်း ချိန်ဖြစ်လို့ ကမ္ဘာသူ ကမ္ဘာသားတွေအနေနဲ့ အဲဒီကာလ နိုင်ငံရေးစနစ်တွေရဲ့ လွှမ်းမိုးမှု အောက်မှာ ၎င်းတို့ရဲ့ရပိုင်ခွင့်တွေကို တောင်းဆို ရတာဖြစ်ပါတယ်။ ၎င်းတို့တောင်းဆိုတဲ့ အခွင့် အရေးတွေကတော့ လူမှုဘဝအခွင့်အရေး၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သီးသန့်တည်ရှိခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်များ၊ လက်ထပ် ပိုင်ခွင့်၊ နိုင်ငံရေးလုံခြုံရေးအခွင့်အရေး၊ လူတိုင်း လိုချင်သည့် ကလေးအရေအတွက်ရယူခွင့်၊ တရားဝင်လုံခြုံရေးဆိုင်ရာ အခွင့်အရေး၊ ကျွန်စနစ် ပယ်ဖျက်ရေး စတာတွေပဲဖြစ်ပါတယ်။
ပညာရှင်တွေကတော့ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုတွေရဲ့ ပထမမျိုးဆက်အဖြစ် သတ်မှတ် ကြပါတယ်။ ဒါတွေအများစုက ဥရောပတိုက်မှာ ဖြစ်ပါတယ်။ ထိုအချိန်ထိုကာလက ဥရောပတိုက် အတွင်း သဘာဝအခွင့်အရေး Natural Rights ဆိုတဲ့ အယူအဆ ပေါ်ထွန်းနေချိန်လည်းဖြစ်ပါတယ်။ “လူသည် လူသားဖြစ်သည်ဆိုသော သဘာဝတရား ကြောင့် အခွင့်အရေးရပိုင်ခွင့်ရှိတယ်” ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ယင်းသို့ အခွင့်အရေးတွေကို တောင်းဆိုလာမှုကြောင့် ရှေးယခင်နဲ့မတူ နိုင်ငံ အုပ်ချုပ်သူတွေဟာ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးတွေအတွက် ကြေညာစာတမ်းများ ထုတ်ပြန်ခြင်း၊ ဥပဒေများရေးဆွဲပေးခြင်းတွေ ပြုလုပ် ပေးလာကြပါတယ်။ ယင်းကာလမတိုင်ခင်အထိတော့ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုတွေကို အသိအမှတ် ပြုမှုတွေ၊ လိုက်လျောမှုတွေ သိပ်များများစားစား မရှိခဲ့ပါဘူး။ ဒါကြောင့် ၁၈ ရာစုကို လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့ ပထမမျိုးဆက်အဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။
၁၉ ရာစုကိုတော့ ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ကြပါတယ်။ ၁၉ ရာစုဟာလည်းပဲ ကိုလိုနီ ဝါဒရဲ့အရိပ်အောက်မှာ ကမ္ဘာကြီးက ကျရောက်နေ တာကြောင့် တောင်းဆိုချက်တွေက သိပ်မကွာခြား လှပါဘူး။ ဒါပေမဲ့ ၁၈ ရာစုတုန်းကထက်ပိုတဲ့ အခွင့်အရေးတွေလည်း ပါဝင်လာပါတယ်။ ၁၉ ရာစု ဟာ စက်မှုထွန်းကားတဲ့ကာလဖြစ်လို့ အများအားဖြင့် အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့အခွင့်အရေးတွေကို တောင်းဆိုကြပါတယ်။ ဒါတွေကတော့ လူမှုဖူလုံရေး ခံစားခွင့်၊ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ခွင့်၊ မျှတပြီး ကျေနပ်ဖွယ်ကောင်းသော အခြေအနေများတွင် အလုပ်လုပ်ခွင့်၊ မျှတသော လစာခံစားခွင့်၊ နေအိမ်ပိုင်ခွင့်၊ ပညာရေးဆိုင်ရာ အခွင့်အရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခွင့်အရေး စတာတွေဖြစ်ပါတယ်။
တတိယမျိုးဆက်ကတော့ ၂၀ ရာစုမှာ စတင် ပါတယ်။ သို့ပေမယ့် ပညာရှင်တွေကတော့ ၂၀ ရာစုရဲ့ အခွင့်အရေးတောင်းဆိုမှုတွေဟာ ၂၁ ရာစုအထိပါ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။ စည်းလုံး ညီညွတ်မှုဆိုင်ရာ အခွင့်အရေးတွေလို့လည်း ခေါ်ဆို ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ဒေသ အသီးသီးရှိ လူအများကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ဖို့နဲ့ တစ်ဦးချင်းကြား အပြုသဘောဆောင် သော ငြိမ်းချမ်းသော ဆက်ဆံရေးကို တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။ တောင်းဆိုချက်တွေကတော့ ငြိမ်းချမ်း ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင် ရရှိပိုင်ခွင့်၊ နည်းပညာတိုးတက်မှုကို အသုံးပြုရန်အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အမျိုးသား ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာများ အခွင့် အရေး၊ နိုင်ငံရေးနှင့် စီးပွားရေးလွတ်လပ်မှု အခွင့် အရေးတို့ပဲ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေ က ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့တာနဲ့ အတူ စိန်ခေါ်ချက်တွေကလည်း ပိုပြီးတိုးလာ ပါတယ်။
နိဂုံးချုပ်ဆိုရသော် လူသားတွေရှိနေသမျှ လူ့အခွင့်အရေးတွေဟာ ခွဲခြားမရ တစ်ပါတည်း တည်တံ့နေမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးကို တန်ဖိုးထားထိန်းသိမ်းတာဟာ ကမ္ဘာ့ငြိမ်းချမ်း ရေးကို ထိန်းသိမ်းခြင်းမည်ပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ ဓလေ့ထုံးတမ်း ထွန်းကားစေဖို့မှာ ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ လူ့အခွင့်အရေးအယူအဆတွေကို သိရှိနားလည် ကျင့်ကြံကာ ငြိမ်းချမ်းရေးအစဉ်တည်တံ့နိုင်ဖို့ ထိန်းသိမ်းနိုင်ပါစေကြောင်း မျှော်လင့်လျက် သမိုင်းဝင်အခွင့်အရေးနှင့် အကျိုးကျေးဇူးများ အကြောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ကို ဂုဏ်ပြုကြိုဆိုလျက် ရေးသားလိုက် ရပါတယ်။ ။
- Log in to post comments