
ဆိုဖီယာ
သမဝါယမဝန်ကြီးဌာနကို ၁၉၅၁ ခုနှစ် ဧပြီ ၅ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမဝါယမနှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာနအမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ် မတ် ၁၉ ရက်နှင့် ၂၆ ရက်နေ့များတွင် ထောက်ပံ့ရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာန ဖြစ်လာခဲ့သည်။ ၁၉၆၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေညာချက်(၆၆) အရ ကုန်သွယ်ရေးဝန်ကြီးဌာန သီးခြားဖွဲ့စည်းတည်ထောင်သောအခါ သမဝါယမဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းကျန်ရစ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ လေ့လာခဲ့ရသည်။
မြန်မာနိုင်ငံသည် ရှေးယခင်က ပဒေသရာဇ်စနစ် ဖြင့် အုပ်ချုပ်သော ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံဖြစ်ခဲ့ သည်။ ဗြိတိသျှမြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပြီးနောက် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက်ကျရောက်ခဲ့သည်။ ၁၈၉၇ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ် လက်အောက်၌ လက်ထောက်ဘုရင်ခံအုပ်ချုပ်သော ပြည်နယ်တစ်နယ်အဖြစ် အိန္ဒိယအင်ပါယာအတွင်း သို့ သွတ်သွင်းခံခဲ့ရသည်။ အိန္ဒိယနိုင်ငံ၌ ၁၈၇၁ ခုနှစ် အလယ်ပိုင်းတွင် အရင်းရှင်မြေရှင်စနစ် ပိုမို ကြီးထွားလာပြီး ဆင်းရဲကျပ်တည်းမှုနှင့်အတူ မတန်တဆအတိုးနှုန်းများဖြင့် ငွေထုတ်ချေးသူ အရင်းရှင်များ ပေါများလာခဲ့သည်။ ၁၈၇၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်များနှင့် ဒက္ခိဏကုန်းပြင်မြင့်ဒေသတစ်ဝိုက်တွင် ကျပ်တည်းမှုများ ပိုမိုဖြစ်ပေါ်လာခဲ့ပြီး အိန္ဒိယနိုင်ငံ တောင်သူ လယ်သမားဆင်းရဲသားများမှာ ငွေကြေးကျပ်တည်း မှုကြောင့် ငွေချေးခြင်း၊ မြေပေါင်ခြင်း ပြုလုပ်ခဲ့ကြ ရသည်။ ငွေတိုးချေးစားသူများကယူသော ငွေတိုး နှုန်းမှာ ကြီးမြင့်လွန်းသဖြင့် တောင်သူလယ်သမား များ ကြွေးတင်ကျွန်ဖြစ်ရသည့်ဘဝ ဆိုက်ရောက်ခဲ့ရ သည်။ ငွေရှင်၊ မြေရှင်၊ အရင်းရှင်များက ကြွေးမဆပ် နိုင်သည့် တောင်သူလယ်သမားများ၏ လယ်ယာ မြေများကို ကြွေးနှင့် အဓမ္မသိမ်းယူသဖြင့် ဆင်းရဲ သားလယ်သမားများ မြေမဲ့၊ ယာမဲ့ဘဝ ရောက်ခဲ့ ရသည်။
ကျပ်တည်းနိမ့်ကျလှသော စီးပွားရေးအခြေ အနေကို ဗြိတိသျှအစိုးရကဖြေရှင်းပေးရန် နည်း အမျိုးမျိုးကြံဆခဲ့သည်။ ၁၈၈၂-၁၈၈၃ ခုနှစ်တွင် ဆာဝိလျှံဝတ်ဒါဗန်းက ကျေးရွာဘဏ်ကလေးများ တည်ဆောက်ပေးရန် အဆိုပြုခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံဗဟိုအစိုးရက လယ်ယာ လုပ်ကိုင်သူများသို့ အမတော်ငွေများ ချေးငှားရေး အက်ဥပဒေထုတ်ပြန်ခဲ့သည်။ သို့သော် လယ်သမား များ၏ ပြဿနာများ ဖြေရှင်းနိုင်စွမ်းမရှိခဲ့ပါ။ ၁၈၉၂ ခုနှစ် မဒရပ်ပြည်နယ်အစိုးရက လယ်သမား အကျိုးရှိမည့် စီမံကိန်းတစ်ရပ်ရေးဆွဲရန် မစ္စတာ ဖရက်ဒရစ်နီကိုလ်ဆန်အား တာဝန်ပေးခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် နီကိုလ်ဆန်က အစီရင်ခံစာ တင်သွင်းခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် မဒရပ်ပြည်နယ် အစိုးရလက်ဝယ်ရောက်ရှိခဲ့သည်။ မစ္စတာအမ်ချ်ဒူ ပါနက်စ်က အိန္ဒိယပြည်မြောက်ပိုင်း ပြည်သူ့ဘဏ် အကြောင်း စာအုပ်ထုတ်ဝေပြီး သမဝါယမအသင်း တချို့ကို စတင်တည်ထောင်ခဲ့ရာ သမဝါယမစနစ်ကို အိန္ဒိယဗဟိုအစိုးရက စိတ်ဝင်စားခဲ့သည်။ မစ္စတာ ဖရက်ဒရစ်နီကိုလ်ဆန်၏ အစီရင်ခံစာနှင့် မစ္စတာ အမ်ချ်ဒူပါနက်စ်၏စာအုပ်ပါ အချက်အလက်များ ကို အိန္ဒိယဗဟိုအစိုးရက ၁၉၀၀ ပြည့်နှစ်တွင် ဆင်းမလားမြို့၌ အသေးစိတ်လေ့လာပြီး ၁၉၀၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် “သမဝါယမ ငွေစု ငွေချေးအသင်းများဆိုင်ရာအက်ဥပဒေ” တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း လေ့လာခဲ့ရသည်။
သမဝါယမအက်ဥပဒေသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်ဖြစ်သော မြန်မာနိုင်ငံသို့ တရားဝင် ရောက်ရှိလာပြီး သမဝါယမအမည်နာမကို စတင် ခဲ့သည်ဟုဆိုပါသည်။
v “ကို”(Co) = အတူတကွ= သမဟု လည်းကောင်း၊
v “အော့ပရေးတစ်” = ဆောင်ရွက်သော = ဝါယမ ဟုလည်းကောင်း၊
v ထိုအချိန်မှစ၍“သမဝါယမ” ကို ဝေါဟာရ ပြုကာ ပါဠိဘာသာကို အကြောင်းပြု၍ မြန်မာများ အသုံးပြုခဲ့ရာ ယနေ့တိုင် ဖြစ်ကြောင်း၊
v အကယ်၍မြန်မာစကားအရ “အတူတကွ ဆောင်ရွက်သောအသင်း” ဟုအမည်တွင် ခဲ့ပါက အရိပ်မည်းဖြစ်ခဲ့သည့် “သားဝ မယားဝ” ဟူသောစကားလုံး မပေါ်ပေါက် ခဲ့နိုင်ကြောင်း စာရေးသူအတွေးပေါ်ခဲ့ပါ သည်။
သမဝါယမ၏ အခြေခံသဘော
“သဘော” ဆိုသည်မှာ “ပါဠိဘာသာ” “သဘာဝ” မှ ဆင်းသက်လာသော စကားဖြစ်သည်။ “ သဘာဝ” မှာ ဖြစ်ခြင်းဟူသော အနက်ရှိသည်၊ အလိုလို ဖြစ်ခြင်း သို့မဟုတ် ဖြစ်နေခြင်းကို “ သဘာဝ ”ဟု ခေါ်သည်။ သတ္တဝါများ-အစုလိုက်-အအုံလိုက် အသင်းအဖွဲ့ဖွဲ့စည်းပြီး နေလိုခြင်းသည် သတ္တဝါ တို့၏ သဘာဝဖြစ်သည်။ သတ္တဝါများ အတူတကွ နေထိုင်ရာတွင် တစ်ဦးကိုတစ်ဦးက ကူညီရိုင်းပင်း လိုခြင်းဖြစ်သည်လည်း သတ္တဝါတို့၏ သဘာဝ တစ်ခုပင်ဖြစ်သည်။ မြန်မာ့ကျေးလက်ဒေသများ တွင် ပူးပေါင်းဆောင်ရွက်ကြသည့် ဓလေ့ထုံးတမ်း များ တွေ့နိုင်ပါသည်။ ကျေးလက်တောင်သူ လယ်သမားများသည် အလှည့်ကျ နွားကျောင်းခြင်း၊ လက်စားလိုက်၍ သီးနှံစိုက်ပျိုးခြင်း၊ စုပေါင်း ရိတ်သိမ်းခြင်း၊ စုပေါင်းတလင်းနယ်ခြင်း၊ စုပေါင်း၍ ရေတွင်း၊ ရေကန်တူးဖော်ခြင်း၊ တံတားဆောက်ခြင်း၊ အိမ်ဆောက်ခြင်း၊ စာသင်ကျောင်းဆောက်ခြင်း၊ ဘုရားတည်ကျောင်းဆောက်ခြင်း စသည့် စီးပွား ရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းနှင့် လူမှုရေး လုပ်ငန်းများ စုပေါင်းဆောင်ရွက်လေ့ရှိကြသည်။ ဤသို့ ဝိုင်းဝန်းဆောင်ရွက်ကြခြင်းသည် အများ ကောင်းစားရေးအတွက် တစ်ဦးစီက ဝိုင်းဝန်း ဆောင်ရွက်ကြခြင်းဖြစ်သည်။ မြန်မာတိုင်းရင်းသား များ၌ ရွာထဲ၊ အရပ်ထဲ၌ အတူနေထိုင်သူ တစ်ဦး၏ သာရေး၊ နာရေးကိစ္စပေါ်ပေါက်လျှင် ရပ်သူရွာသား များသည် ၎င်းသာရေးနာရေးကိစ္စများတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်လေ့ရှိကြသည်။ ဤအလေ့အထ သည် မြန်မာတို့၏ သဘာဝယဉ်ကျေးမှုတစ်ရပ် ဖြစ်သည်။ ဤသို့ တစ်ဦးစီ၏ အကျိုးကို အများက ဆောင်ရွက် အများ၏အကျိုးကို တစ်ဦးစီက ဆောင်ရွက်လိုခြင်း သဘောတရားသည် မြန်မာတို့ ၏စိတ်ရင်းတွင် ရှိပြီးဖြစ်သည်။ ထိုသဘောတရားကို အနောက်နိုင်ငံပညာရှိများက “ကိုအော့ပရေးရှင်း” ဟူ၍ အမည်ပေးကြသည်။ မြန်မာတို့က ပါဠိဘာသာ အကြောင်းပြု၍ “သမဝါယမ” ဟူ၍ ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည်။
သမဝါယမ၏အဓိပ္ပာယ်
“အတူတကွဆောင်ရွက်မှု ” ကို သမဝါယမဟူ၍ ခေါ်ဝေါ်ကြသည်၊ တစ်ဦးစီ၏ အကျိုးကို အများက ဆောင်ရွက် အများ၏အကျိုးကို တစ်ဦးစီက ဝိုင်းဝန်းဆောင်ရွက်လိုသော ဓမ္မတာသည် သမဝါယမသဘောပင်ဖြစ်သည်။ ဗြိတိန်နိုင်ငံသား မစ္စတာကိုးလ်အုပ်အမည်ရှိ ပုဂ္ဂိုလ်ကြီးက “ရော့က ဒေးလ်ရှေ့ဆောင်များ (Radhcale Pioneers)အမည်ရှိစာအုပ်တွင် “ ရောင်းဝယ်ဖောက်ကားရေး လုပ်ငန်းတစ်ခုတွင် သက်ဆိုင်သူအားလုံးတို့သည် သာတူညီမျှစွာ စီမံအုပ်ချုပ် အလုပ်လုပ်ကြခြင်းဖြင့် ဖြစ်ပေါ်လာသော အကျိုးအပြစ်ကို ခံစားကြရန် ညီညွတ်ကြလျှင် ထိုညီညွတ်မှုသည် သမဝါယမ ဖြစ်သည်” ဟု ရေးသားဖော်ပြသည်။
“မစ္စတာကားလ်ဗတ်” အမည်ရှိပုဂ္ဂိုလ်ကြီးက “လူ့ဘဝကိုအခြေပြု၍ လူတန်းစားမခွဲခြားဘဲ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိတို့စီးပွားရေးအခြေအနေများကို တိုးတက် အောင် မြှင့်တင်ရန်အလို့ငှာ ဖြစ်ပေါ်လာသော အကျိုးအပြစ်များကို သာတူညီမျှခံစားကြလျက် မိမိတို့ဆန္ဒအလျောက် အတူတကွ ဆောင်ရွက် ကြသော လူတို့၏ အစည်းအရုံးကို သမဝါယမဟု ခေါ်သည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ ထုတ်ဝေသော သမဝါယမစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု ပညာစာအုပ်တွင် “သမဝါယမဆိုသည်မှာ ငွေကြေး ချို့တဲ့သော လူတစ်စုသည် ၎င်းတို့၏ ဆန္ဒ အလျောက်တူညီသော စီးပွားရေးရလဒ်ကို ရရှိရန် မျှော်ကိုး၍ အများစုပေါင်းထိန်းချုပ်ထားသော စီးပွားရေးအဖွဲ့အစည်းအား ဖွဲ့စည်းပြီး ယင်းအဖွဲ့ အစည်းအတွက် လိုအပ်သော ရင်းနှီးငွေရရှိရန် တူညီသောအစုငွေများ ထည့်ဝင်ရန် ပေါ်ထွက်လာ သော အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို တရား မျှတစွာလက်ခံခြင်းကို ဆိုလိုသည်” ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။
အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA) မှ ၁၉၉၅ခုနှစ်တွင် ကျင်းပခဲ့သည့်(၃၁) ကြိမ်မြောက် ကမ္ဘာ့သမဝါယမညီလာခံကြီးမှ အဖွဲ့ဝင်များ သဘောတူညီမှုဖြင့် “သမဝါယမဆိုသည်မှာ ဆန္ဒအလျောက်ပူးပေါင်းကြသူများက မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာလိုအပ် ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန် အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ ယနေ့အချိန်အထိ ကျင့်သုံး လျက်ရှိသည်။
သမဝါယမ သဘောတရားများ
လူသည် မိမိဘဝရပ်တည်မှုအတွက် မိမိကဲ့သို့ သော အခြားလူများနှင့် ဆက်ဆံပေါင်းသင်း လုပ်ကိုင်ကြရသည်။ ထိုသို့ဆက်ဆံပေါင်းသင်းလာရသောအခါတွင် မိမိအပေါင်းအသင်း၏ အကျိုး စီးပွားရေးတည်းဟူသော ပရဟိတကိစ္စများကိုလည်း မလွှဲမရှောင်သာ ဆောင်ရွက်လာရသည်။ ထို့ကြောင့် လူသည် မိမိအကျိုး အတ္တဟိတအတွက် လုပ်ဆောင် ရသကဲ့သို့ အများ၏အကျိုး ပရဟိတအတွက်လည်း လုပ်ဆောင်ကြရသည်။ လူအသီးသီးတို့တွင် ကိုယ်စီ ကိုယ်ငရှိကြသော လိုအင်ဆန္ဒပြည့်ဝမှုအတွက် အချင်းချင်းရိုင်းပင်းကူညီမှုနှင့် အတူတကွပူးပေါင်း ဆောင်ရွက်တတ်သည့် ဓလေ့ထုံးတမ်းသည် သမဝါယမစနစ်မပေါ်မီကတည်းကပင် ရှိခဲ့သော သမိုင်းအစဉ်အလာတစ်ခုဖြစ်သည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရာတွင် တစ်ရပ်တည်း၊ တစ်ရွာ တည်းနေ လူတို့၏ ရပ်ရေးရွာရေးနှင့် သာသနာရေး ကိစ္စများတွင် ဓလေ့ထုံးစံအရ တစုတဝေးတည်း၊ တညီတညွတ်တည်းစုပေါင်း၍ ဆောင်ရွက်ကြ သကဲ့သို့ ရွာလမ်း၊ ရွာတံတားပျက်၍ စုပေါင်း ပြင်ဆင်ခြင်း၊ သုံးရေ၊ သောက်ရေမလုံလောက်၍ ရေတွင်းရေကန်စုပေါင်းတူးကြခြင်း၊ ဆည်မြောင်း ဖောက်ခြင်း၊ ရေကာတာများ ဆောက်လုပ်ခြင်း၊ လမ်းများဖောက်ခြင်းစသည့် မြို့ရွာစည်ပင်သာယာရေးလုပ်ငန်းများ၊ ရောဂါအန္တရာယ် စုပေါင်းကာကွယ် ခြင်းစသည့် အကြောင်းပေါ်ပေါက်ပါက စုပေါင်း ဆောင်ရွက်ခြင်းများလည်း ရှိခဲ့ကြသည်။ ဓလေ့ထုံးစံ အရ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွင်ဖြစ်စေ အကြောင်းပေါ်၍ အတူတကွပူးပေါင်းဆောင်ရွက် မှုတွင် သူတစ်ပါးအား မလိုမုန်းထားသောစိတ် မထားဘဲ သန့်ရှင်းမွန်မြတ်သည့် စေတနာသည် အရင်းခံဖြစ်သကဲ့သို့ စီးပွားရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သော သမဝါယမလုပ်ငန်းသည် လည်း ဤစေတနာမျိုးပေါ်မှာပင် အခြေတည်ခဲ့ သည်။
အတူတကွပူးပေါင်းဆောင်ရွက်သည့် သမဝါယမ လုပ်ငန်းဟု အဓိပ္ပာယ်ရသော ကိုအော့ပရေးရှင်း (Co-operation)ဟူသော ဝေါဟာရကို တီထွင်သူမှာ အင်္ဂလန်ပြည် ဝေလနယ်သား ရောဘတ်အိုဝင် (Rebert Owner) (၁၇၇၁-၁၈၅၈) ဖြစ်သည်။ လူတစ်စု၏ စီးပွားရေးအောက်တန်းကျအောင် ဖန်တီးနေသော စီးပွားရေးစနစ်ကိုမူ ရောဘတ် အိုဝင်က “ကွန်ပီတီးရှင်း-(Competition)” ဟု ခေါ်ခဲ့ သည်။ မြန်မာဘာသာအားဖြင့် “အပြိုင်အဆိုင်စီးပွား ရေးစနစ်”ဖြစ်သည်။ ထို့ကြောင့် လူများ အလုပ် လက်မဲ့ဖြစ်ကြခြင်း၊ အလုပ်ရှိသောလူများ ရရှိသော အခကြေးငွေမှာလည်း အလွန်နည်းပါးခြင်း၊ နေ့စား ကလေးများရနိုင်ရန် တစ်နေ့ ၁၇ နာရီ အလုပ် လုပ်ရခြင်း၊ အလုပ်လုပ်သူများနေထိုင်ရန် သန့်ရှင်းလုံခြုံသော နေရာထိုင်ခင်းမရှိခြင်း၊ အလုပ်ခွင်ကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အလုပ်ရှင်က တစ်စုံတစ်ရာစီမံထားမှုမရှိခြင်း၊ အစာရေစာ များမှာ မသန့်ရှင်းသည့်အပြင် ဈေးနှုန်းကြီးမြင့်ခြင်း၊ ဝတ်ဆင်ရန်လည်း လုံလောက်သော အဝတ်အထည် မရှိခြင်းစသည့် အလွန့်အလွန် လူတန်းစေ့အောင် ချို့တဲ့စေသည့်စနစ်မှာ တစ်ကိုယ်ကောင်းကျိုး အတွက် တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်ပြီး တစ်ဦးထက် တစ်ဦးက ပိုမိုချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက် နေကြသော “ကွန်ပီတီးရှင်း” စီးပွားရေးစနစ် ဖြစ်ကြောင်း ရောဘတ်အိုဝင်က ယူဆခဲ့သည်ဟု ဆိုသည်။ ယင်းစနစ်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်မှု “ကိုအော့ပရေးရှင်း”နှင့် အစားထိုး ရမည်ဟု ရောဘတ်အိုဝင်က ယူဆခဲ့သည်။
အလားတူ ရွာများ၊ မြို့များသည် နိုင်ငံအတွင်း အနှံ့အပြားအထမြောက်ခဲ့သော် တစ်နိုင်ငံလုံး၏ အခြေအနေသည် အလွန်သာယာစည်ပင်လျက် လူအများလည်း ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ကြ လိမ့်မည်ဟု မျှော်မှန်းခဲ့သည်။ ၁၉ ရာစု ကုန်ခါနီးမှ စ၍ သမဝါယမခေါင်းဆောင်များသည် သမဝါယမ သဘောတရားများကို လက်တွေ့အဖြစ် အပျက်များ တွင်သာ အခြေတည်ခဲ့သည်။ သမဝါယမဖြစ်ပေါ်မှုကို အရင်းခံ၍ ပေါ်ပေါက်လာသော လူထုလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာတွေ့ရသည်။ အလုပ်သမားလူတန်းစားများ ကြုံတွေ့ခံစားနေကြ သည့် အလုပ်လုပ်သလောက် တန်ရာတန်ဖိုး၊ လုပ်ခ မရကြသည့်ဒုက္ခ၊ ပင်ပန်းကြီးစွာ လုပ်ကိုင်ရသဖြင့် ကျန်းမာရေးနှင့် စိတ်ဓာတ်ရေး ထိခိုက်လာသည့် ဒုက္ခစသည့် လူမှုရေးနစ်နာချက်ဒုက္ခများကို ကိုယ်တိုင်မြင်တွေ့ကြရသဖြင့် ရောဘတ်အိုဝင် ကဲ့သို့ ကိုယ်ချင်းစာတရားရှိသော ကမ္ဘာ့သမဝါယမ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများဖြစ်သည့် ဗြိတိန်နိုင်ငံမှ ဒေါက်တာဝီလျှံကင်းနှင့် ရော့ခ်ဒေးလ် ရှေ့ဆောင် လမ်းပြများ၊ ပြင်သစ်နိုင်ငံမှ ရှားလ်ပူရီယေ-စိန့်စီမွန်နှင့် ဖိလစ်ဘူချေး၊ ဂျာမနီနိုင်ငံမှ ရဖိုက်ဆင် နှင့် ရှူးလ်(စ်)တို့အပြင် အီတလီနိုင်ငံမှ လူဇာတ္တိ တို့သည် ထင်ရှားသောအဖွဲ့အစည်းများ ပေါ်ပေါက် ခဲ့သည်။ ကမ္ဘာ့သမဝါယမသမိုင်းတွင် အောင်မြင်မှု အများဆုံးနှင့် အထင်ရှားဆုံးမှာ အင်္ဂလန်နိုင်ငံမှ ရော့ခ်ဒေးရှေ့ဆောင်လမ်းပြများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ရော့ခ်ဒေးလ်သမဝါယမအသင်းသည် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများ လက်တွေ့ခံစားနေရ သော ပြဿနာများအနက် အဓိကပြဿနာများကို ဦးစားပေး၍ ဖြေရှင်းနိုင်ရန် ချမှတ်ခဲ့သော ရည်ရွယ် ချက်များကို အကောင်အထည်ဖော်ရာတွင် အသင်း က လိုက်နာဆောင်ရွက်ရမည့် အခြေခံမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ရော့ခ်ဒေးလ်သမဝါယမအသင်း၏ အခြေခံမူ ရှစ်ချက်သည် ထိုခေတ်အခြေအနေကို သုံးသပ်၍ ချမှတ်ခဲ့သောမူများ ဖြစ်သော်လည်း ယနေ့အချိန် တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်မှ အခြေခံမူခုနစ်ချက်ကိုချမှတ်၍ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံရှိ သမဝါယမ အသင်းများအနေဖြင့် အခြေခံမူ ၁၀ ချက် ချမှတ်၍ ဆောင်ရွက်နေပါကြောင်း သိရှိရပါသည်။
အချုပ်ဆိုရသော် “ကို(Co)” စကားလုံးသည် (အတူတကွ)တစ်ဖြစ်လဲ (သမ)ဟု လည်းကောင်း၊ “အော့ပရေးတစ်” စကားလုံးသည် (ဆောင်ရွက် သော) တစ်ဖြစ်လဲ (ဝါယမ)ဟု လည်းကောင်း “သမဝါယမ” ကို ဝေါဟာရပြုကာ ပါဠိဘာသာကို အကြောင်းပြု၍ ပေါ်ပေါက်လာပါကြောင်း အမည် နာမသည် အဓိကမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက် ခြင်းသည် အောင်မြင်ရာ၏ ဆိုသည့်အတိုင်း တစ်ဦး စီ၏ အကျိုးကို အများကဆောင်ရွက် အများ၏ အကျိုးကို တစ်ဦးစီက ဆောင်ရွက်လိုခြင်း သဘော တရားအတိုင်း “အတူတကွဆောင်ရွက်သော အသင်း”ဟု သဘောပေါက်နားလည်စေချင်ကြောင်း ထပ်လောင်း၍ တင်ပြလိုက်ရပါသည်။ ။
b b b
- Log in to post comments