သံဃာတော်များနေ့

 

တန်ဆောင်မုန်းလ  ည၏ ကောင်းကင်သည်  ဆီးနှင်းမြူတိမ်တို့  ပကတိကင်းစင်လျက် ကြည်လင်၍နေသည်။ လပြည့်ည ဝန်းစက် သော   လမင်းသည်လည်း   ကြယ်နက္ခတ်အပေါင်းတို့   ခြံရံကာ မြေကမ္ဘာကို အလင်းဓာတ်တို့ ဖြန့်ကြက်ပေးနေသည်။ ညသည် ကြည်လင်နေသည်။ ညသည် အေးမြနေသည်။ ညသည် တောက်ပ နေသည်။  ညသည် တိတ်ဆိတ်နေသည်။  အာဏာကို အာသာ ငမ်းငမ်းရယူလိုသည့် ရမ္မက်မီးတို့ တညီးညီးတောက်လောင်လျက် မိမိ၏လိုဘကို  ဖြည့်ရန်အလို့ငှာ  အဖအရင်းကို  သတ်ခဲ့သော ဘုရင်  အဇာတသတ်အား  ထိုလပြည့်ညက   ညှို့ယူဆွဲဆောင် နေလေသည်။   သူသည်    ရာဇပလ္လင်ပေါ်ထိုင်နေရသည်တိုင် မင်းစည်းစိမ်တို့ကို မခံစားနိုင်ဘဲ  အဖကို သတ်ခဲ့မိသော ပဉ္စာ နန္တရိယကံကြီးက ခြောက်လှန့်မှုကြောင့် အချိန်တိုင်းမှာ ပူပန်နေရ သလို   ညတိုင်းမှာလည်း   ခြောက်အိပ်မက်များနှင့်   အိပ်ပျက် ရပေါင်း များခဲ့ပြီဖြစ်သည်။ 

 


လသာနေသည့်အခါသမယ ရှုမငြီးဖွယ်တင့်တယ်လှပသော ဤသို့သော အမှတ်ရဖွယ်ရာ ညမျိုးတွင် အဘယ်သို့သော သမဏ ဗြဟ္မဏထံ ဆည်းကပ်လျှင် ကောင်းမည်နည်းဟု အဇာတသတ် မင်းက အမတ်တို့ထံ မေးမြန်းသည့်အခါ ပူရာဏကဿပ၊ မက္ခလိ ဂေါသာလ၊  အဇိတကေသ ကမ္ဗလ၊  ပကုဓကစ္စာယန၊  သဉ္ဇယ ဗေလဋ္ဌပုတ္ထ၊ နိဂဏ္ဌ နာဋပုတ္တအမည်ရှိသော တိတ္ထိဆရာခြောက်ဦး တို့၏ တပည့်အမတ် ခြောက်ဦးတို့က ၎င်းတို့၏ ဆရာများကို ချဉ်းကပ်ကြရန် အသီးသီး လျှောက်ထားကြသည်။ အဇာတသတ် သည် ၎င်းတို့၏ ဆရာများကို သဘောမကျ၍ ဆိတ်ဆိတ်နေခဲ့ကာ သမားတော်ဇီဝက  တင်လျှောက်သည့်   ဗုဒ္ဓမြတ်စွာဘုရားထံ ဆည်းကပ်ရန်ဟူသော အဆိုကို လက်ခံ၍ ဗုဒ္ဓဘုရားရှင် စံနေတော် မူသော  ဇီဝကသရက်ဥယျာဉ်သို့  မိဖုရား၊ မင်း၊ ပရိသတ်များနှင့် တကွ ကြွချီပြီး ဘုရားရှင်အား ဆည်းကပ်လေသည်။ 

 


အဇာတသတ်သည်  မြတ်စွာဘုရားနှင့်တကွ  သံဃာတော် ၁၂၅၀ တို့ ခြံရံပြီး အေးချမ်းငြိမ်သက် တိတ်ဆိတ်စွာ သီတင်းသုံး စံပါယ်တော်မူနေသည်ကို  တွေ့မြင်ခဲ့ပြီးသည့်နောက် အတတ် ပညာ    တတ်မြောက်သူများသည်     ထိုအတတ်ပညာဖြင့် မျက်မှောက်ဘဝအတွက် အကျိုးရရှိသကဲ့သို့ ရဟန်းဖြစ်ရခြင်း၏ လက်ငင်းမျက်မှောက်  အကျိုးကျေးဇူးသည် အဘယ်နည်းဟု မေးလေသည်။   မြတ်စွာဘုရားကလည်း   ရဟန်းဖြစ်ရခြင်း၏ ယခုဘဝ၌ လက်ငင်းရရှိသော အကျိုးကျေးဇူးများအဖြစ် လူ့ဘဝ က  မင်းခစားအမှုထမ်းတစ်ဦး  ရဟန်းပြုလျှင်  ဘုရင်သည်ပင် လျှင် ထိုရဟန်းအား ဝတ်ကြီးဝတ်ငယ်ပြုစု၍ ရိုသေလေးစားကြ ခြင်း ဟူသော သာမန်လောကီအကျိုးနှင့် စိတ်ကိုလေ့ကျင့်ခြင်း၊ အကျင့် သီလဆောက်တည်ခြင်းတို့ကြောင့် ရရှိသော အကျိုးထူး၊ အာသဝေါ ကုန်ခန်းကာ မဂ်ဖိုလ်ရခြင်းဟူသော ထူးကဲမွန်မြတ် သည့် အကျိုးတို့ကိုရရှိနိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းကာ အဇာတသတ်မင်း၏ အမေးပုစ္ဆာပြဿနာကို ရှင်းလင်းဖြေကြား တော်မူခဲ့သည်။

 


သာမညဖလသုတ်သည်   အဇာတသတ်မင်း၏    အပူမီးကို ငြိမ်းစေခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့မိသည့်အပြစ်ကို ဝန်ခံခဲ့ပြီး မြတ်စွာဘုရားထံ တောင်းပန်ခဲ့သည်။ ဘုရား၊ တရား၊ သံဃာ ရတနာ မြတ်သုံးပါးထံ ခိုလှုံကာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့သည်။ မိမိအမှားကို မိမိကိုယ်တိုင် သိမြင်ကာ မှားယွင်းကြောင်း ဝန်ခံ ခြင်း၊ တောင်းပန်ခြင်းတို့အားဖြင့် သမိုင်းတင်ကျန်မည့် အမည်း စက်ကို အဇာတသတ်သည်  ကိုယ်တိုင်ပင် တိုက်ချွတ်ဆေးကြော ကာ သာသနာပြုမင်းအဖြစ် အပြစ်ကြွေးတို့ကို ပေးဆပ်ခဲ့သည်။ သာမညဖလဒေသနာတော်သည်  ရဟန်းပြုရခြင်း၏   အကျိုး ကျေးဇူးများကို   ပြဆိုခြင်းဖြစ်သည့်အလျောက်   သာမညဖလ အခါတော်နေ့သည်လည်း    သံဃာတော်များနေ့အဖြစ်    ကုသိုလ် တရားထူးတို့  ဆည်းပူးနိုင်ကြပါစေကြောင်း။          ။