လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးအတွက် စာတတ်မြောက်ရန် အရေးကြီးသည်ဟူသော အချက်ကို လူတိုင်းအလေးအနက်ထား ရှိလာစေရန် နှိုးဆော်သည့်အနေဖြင့် နိုင်ငံတကာစာတတ်မြောက် ရေးနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ၁၉၆၇ ခုနှစ် မှ စတင်ကာ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့တိုင်း ကျင်းပလာ ခဲ့ကြသည်။ နိုင်ငံနှင့်လူ့အဖွဲ့အစည်းများစွာတို့တွင် စာမတတ်သူ ပပျောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စာတတ်မြောက် သည့်အခြေအနေများ တိုးတက်ဖြစ်ပေါ်လာသည့်တိုင်အောင် ကမ္ဘာတစ်ခွင်ရှိနေဆဲဖြစ်သည့် ၇၇၁ သန်းသော စာမတတ်သူ အရေအတွက်က စိန်ခေါ်မှုအဖြစ် ဆက်လက်တည်ရှိနေသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကျရောက် မှုက အခြေခံစာရေးစာဖတ် မတတ်မြောက်သော အမျိုးသမီး အများစုအပါအဝင် စာမတတ်သူပပျောက်ရေး အားထုတ်ကြိုးပမ်း မှုများကို တုံ့နှေးသွားစေခဲ့သည်။
မြန်မာနိုင်ငံသည် စာပေသင်ကြားမှုကို အလေးထားသော တိုင်းပြည်ဖြစ်ပြီး ရှေးဘုရင်များလက်ထက်တွင် ဘုန်းတော်ကြီး သင်ကျောင်းစနစ်ဖြင့် စာပေတတ်မြောက်မှုနှုန်း မြင့်မားခဲ့သော် လည်း ကိုလိုနီခေတ်တွင် ကျဆင်းသွားခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးတွင် စာမတတ်မြောက်သူ အများအပြားဖြစ်ပေါ်လာသည်။ ၁၉၆၄ ခုနှစ်မှစတင်ကာ နိုင်ငံတစ်ဝန်း စာတတ်မြောက်ရေး “အရေး၊ အဖတ်၊ အတွက် ” အခြေခံ အ-သုံးလုံးသင်တန်းများကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆယ်စုနှစ်များနှင့်ချီ၍ ဆောင်ရွက်ခဲ့ရာ ကုလသမဂ္ဂအဖွဲ့ကြီးကပင် အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံ၏ စာမတတ်သူပပျောက်ရေး အ-သုံးလုံးလှုပ်ရှားမှုကို ဂုဏ်ပြု သည့်အနေဖြင့် ယူနက်စကိုက ၁၉၇၁ ခုနှစ်တွင် “မိုဟာမက်ရီဇာ ပါလဗီ”ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၃၃ ဒသမ ၉ သန်းရှိသည့်အနက် ၃၀ ဒသမ ၃၇ သန်းမှာ စာတတ် မြောက်ကြသည့်အတွက် စာတတ်မြောက်မှု ရာခိုင်နှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ဤတွင် စာမတတ်သူဦးရေ ၃ ဒသမ ၅၅ သန်းရှိနေသည့် ပမာဏမှာ မိမိတို့နိုင်ငံတွင် လူတိုင်း စာတတ်မြောက်ရေး လူထုလှုပ်ရှားမှု စဉ်ဆက်မပြတ် ပြုလုပ်နေ ရန် လိုအပ်ကြောင်းပြသနေသည့် အချက်ပင်ဖြစ်သည်။
နိုင်ငံ၏ အမျိုးသားပညာရေး နိမ့်ကျနေမှုကို မြှင့်တင်ခြင်းနှင့်အတူ စာမတတ်သူပပျောက်ရေးကိုပါ တစ်ပါတည်းဆောင်ရွက်သွားရန် လိုသည်။ ကမ္ဘာ့နိုင်ငံများနည်းတူပင် မိမိတို့နိုင်ငံသည်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုဒဏ်ကို ခံစားနေရခြင်းက နိုင်ငံသူနိုင်ငံသားတို့၏ စာတတ်မြောက်မှုနှင့် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းတို့အပေါ် ကြီးမားစွာ ထိခိုက်နိုင်သည်သာ ဖြစ်သည်။
ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ် မှာ “သင်ယူမှုဝန်းကျင်များ၊ ချဲ့ထွင်သင်ယူကြပါစို့” ဟူ၍ ဖြစ် သည်။ ကမ္ဘာတစ်ဝန်းတွင် ကျောင်းသူကျောင်းသား ကလေးငယ် ၂၄ သန်းတို့ စာသင်ခန်းကို စွန့်ခွာသွားခဲ့ကြသည့်နည်းတူ မိမိတို့ နိုင်ငံတွင်လည်း ပညာသင်ကြားမှု၊ သင်ယူမှု အနှောင့်အယှက် အဖျက်အဆီးများကြောင့် ကလေးငယ်မည်မျှတို့ ပညာသင်ကြား မှု အခွင့်အလမ်းဆုံးရှုံးခဲ့ရသည်ကို သုတေသနပြုရန်နှင့် စာတတ် မြောက်ရေးနှင့် ပညာသင်ယူမှု အခွင့်အလမ်းများ မြှင့်တင် ချဲ့ထွင်ပေးနိုင်ရန် အားလုံးက ကြိုးပမ်းဆောင်ရွက်ကြရပါမည် ဖြစ်ကြောင်း။ ။