သန်းခေါင်စာရင်းကောက်ယူလုပ်ငန်း အောင်မြင်ရန် ဝိုင်းဝန်းကြိုးပမ်း

 

(၁၀) နှစ်လျှင်တစ်ကြိမ်   ကောက်ယူရမည့်  လူဦးရေနှင့်  အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် တစ်လကျော် ခန့်သာ   အချိန်ကျန်ရှိနေပြီဖြစ်သည်။    သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁) ကြိုတင်ပြင်ဆင်ခြင်း၊ (၂) စာရင်း ကောက်ယူခြင်း၊ (၃) စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာ ခြင်း၊ (၄) အစီအရင်ခံစာထုတ်ပြန်ခြင်း   ဟူသည့်   လုပ်ငန်းစဉ် (၄)   ရပ်ဖြင့်    ဆောင်ရွက်နေခြင်းဖြစ်ရာ     လပေါင်းများစွာ ဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြီးဆုံးရန် နီးကပ်လာ ချိန်ဖြစ်သည်။


မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်လွှမ်းခြုံ၍ သန်းခေါင်စာရင်း ကောက်ယူမှုကို ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် ၁၈၉၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်လျှင်တစ်ကြိမ် ကောက်ယူခဲ့ခြင်းဖြစ် သည်။ လွတ်လပ်ရေးရပြီးနောက် ကာလအတန်ကြာ ကောက်ယူ နိုင်ခြင်းမရှိခဲ့ဘဲ ၁၉၇၃ နှင့် ၁၉၈၃ ခုနှစ်တို့တွင် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းများ ကောက်ယူခဲ့ရာ လွှမ်းခြုံနိုင်မှုနှင့် ပတ်သက် ၍ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။ ယင်းနောက်ပိုင်း သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့ခြင်းကြောင့် နှစ်ပေါင်း ၃၀ ကျော်ကြာ တိကျမှန်ကန်ပြီး အချိန်နှင့်တစ်ပြေးညီ ဖြစ်သော သန်းခေါင်စာရင်းအချက်အလက်များ ကင်းမဲ့နေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏   နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊       အမျိုးသားဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ အမျိုးသား ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် အစီအစဉ်များ ချမှတ်ရာတွင် လိုအပ်သော နိုင်ငံ၏ လူဦးရေအရွယ် အစား၊ ပျံ့နှံ့မှုနှင့်  သွင်ပြင်လက္ခဏာများကို သိရှိရန် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။ ယခုအခါ  ၁၀ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် အဆိုပါ သန်းခေါင်စာရင်း   အချက်လက်များမှာ   ပြောင်းလဲခဲ့ပြီဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ မှန်ကန်သည့်အချက်အလက်များရရှိရန် လိုအပ်လာပြီဖြစ်သည်။


၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကို လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူ သွားမည်ဖြစ်ပြီး ရှေ့ပြေးအစီရင်ခံစာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။   ဆန်းစစ်လေ့လာခြင်းနှင့် နေပြည်တော်၊   တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက် အစီရင်ခံစာများမှာ ၂၀၂၅ ခုနှစ်အတွင်း ပြုစုထုတ်ပြန်သွားမည် ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်း ယူနစ်(Census Unit) ၈၀၀၀၀ ခန့်၊ စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ကို စာရင်းစစ်၊ စာရင်းကောက် ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူသွားမည်ဟု သိရသည်။ ယင်းသို့ ကောက်ယူရာတွင် ကွန်ပျူတာ အထောက်အကူပြုနည်းပညာကို အသုံးပြုသွားမည် ဖြစ်ရာ စာရင်းများကောက်ယူပြီးစီးသည်နှင့် အချိန်တိုအတွင်း လူဦးရေဆိုင်ရာ အချက်အလက်များ ထုတ်ပြန်နိုင်မည်ဖြစ်သည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံ အတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုမေးမြန်းသွားမည်ဖြစ်ရာ ပြည်သူများက မဖြစ်မနေ ဝိုင်းဝန်း ပါဝင်ကူညီကြရန်လိုသည်။


စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် အခြေခံအကျဆုံး ဖြစ်သည့် တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးအခြေ အနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်အထိ ရရှိ နိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရခြင်းဖြစ်ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက် အကူပြုမည့် သန်းခေါင်စာရင်းကောက်ယူရေး အမျိုးသားရေး တာဝန်ကြီး အောင်မြင်အောင် ကြိုးပမ်းထမ်းဆောင်ကြရပါမည့် အကြောင်း။       ။