ဝေဖြိုးအောင်
မျက်မှောက်ခေတ်ကမ္ဘာလုံးဆိုင်ရာ မြို့ပြအသွင်ကူးပြောင်းမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိရာ လူဦးရေထူထပ်လာခြင်းနှင့်အတူ မြို့ပြစီမံခန့်ခွဲရေးဆိုင်ရာ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်လာရပါသည်။
အထူးသဖြင့် ပြည်သူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု၊ အခြေခံအဆောက်အအုံလိုအပ်ချက်နှင့် လုံခြုံရေးဆိုင်ရာပြဿနာများသည် ခေတ်သစ်မြို့ပြများ၏ အဓိကအတားအဆီးများဖြစ်လာပါသည်။ ဤပြဿနာများကို ကျော်လွှားနိုင်ရန်အတွက် ရိုးရာစီမံခန့် ခွဲမှုပုံစံများမှသည် ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော Clean၊ Green and Smart City မဟာဗျူဟာသို့ မဖြစ်မနေကူးပြောင်းကြရမည်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် စည်ပင်သာယာရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခေတ်မီနည်းပညာများ အချိုးကျကျပေါင်းစပ်ထားသည့် ဘက်စုံလွှမ်းခြုံသော မြို့ပြစီမံခန့်ခွဲ မှုအယူအဆများကို အသေးစိတ် သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
သန့်ရှင်းသောမြို့ပြနှင့် ပြည်သူ့ကျန်းမာရေး
သန့်ရှင်းသောမြို့ပြ (CleanCity) ဟူသည် ရောဂါဘယကင်းစင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သောပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း ဖြစ်ပါသည်။
(က) အမှိုက်စီမံခန့်ခွဲမှု။ ခေတ်မီစီမံခန့်ခွဲမှုတွင် အမှိုက်ကို မူလရင်းမြစ်မှာပင် အမျိုးအစားခွဲခြားခြင်းက အရေးကြီးဆုံးဖြစ်ပါသည်။ ဆွေးမြည့်လွယ်သောအမှိုက်များ၊ ပလတ်စတစ်နှင့် ပြန်လည်အသုံးပြုနိုင်သောအမှိုက်များ၊ အန္တရာယ်ရှိသောဆေးရုံသုံးနှင့် စက်မှုသုံး အမှိုက်များကို စနစ်တကျခွဲခြားသိမ်းဆည်းရမည်။ ထို့ပြင်Circular Economy အယူအဆဖြစ်သည့် Reduce ၊ Reuse ၊ Recycle (3Rs) ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်ပညာပေးရန် လိုအပ်ပါ သည်။ စွန့်ပစ်အမှိုက်များကို မြေဖို့ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော Sanitary Landfill စနစ်များကို အသုံးပြုရမည် ဖြစ်ပါသည်။
( ခ ) အစားအသောက်ဘေးကင်းလုံခြုံမှု။ ပြည်သူ့ကျန်းမာရေး အတွက်အရေးကြီးဆုံး ကဏ္ဍတစ်ခုမှာ အစားအသောက်ဘေးကင်းရေးဖြစ်ပါသည်။ စည်ပင်သာယာဈေးများ၊ လမ်းဘေးစားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် သန့်ရှင်းရေး စံချိန်စံညွှန်းများနှင့်အညီ ရောင်းချစေရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ရပါမည်။ မသန့်ရှင်းသော အစားအသောက်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန်အတွက် စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများကို ပညာပေးခြင်းနှင့် စည်းကမ်းကြပ်မတ်ခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။
( ဂ ) ရေဆိုးနှင့်မိလ္လာစီမံခန့်ခွဲမှု။ သန့်ရှင်းသောသောက် သုံးရေရရှိရေးနှင့် ရေဆိုးများကို စနစ်တကျစွန့်ပစ်ရေးသည် မြို့ပြကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ခေတ်မီရေဆိုးသန့်စင် စက်ရုံများ တည်ဆောက်ခြင်းဖြင့် မြစ်ချောင်းများအတွင်းသို့ ညစ်ညမ်းရေများစီးဝင်မှုကို တားဆီးနိုင်မည်ဖြစ်ပါသည်။
စိမ်းလန်းသော မြို့ပြနှင့် သဘာဝဂေဟစနစ်
စိမ်းလန်းသောမြို့ပြဟူသည် အဆောက်အအုံများနှင့် ကွန်ကရစ်လမ်းများကြားတွင် သဘာဝတရားကို ပြန်လည်ရှင်သန်စေခြင်းဖြစ်ပါသည်။
(က) မြို့ပြသစ်တောနှင့်ပန်းခြံများ။ မြို့ပြ၏ အပူချိန်လွန်ကဲမှုကို လျှော့ချရန်အတွက် လမ်းဘေးဝဲယာများ၊ အများပြည်သူအပန်း ဖြေရာနေရာများတွင် အရိပ်ရသစ်ပင်များ၊ ရာသီအလိုက်ဖူးပွင့်သော ပန်းအလှပင်များကို စနစ်တကျစိုက်ပျိုးသင့်ပါသည်။ ဤသို့ စိမ်းလန်း စိုပြည်အောင် ဖန်တီးခြင်းသည် မြို့ပြအလှအပကို တိုးပွားစေရုံသာမက ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပါသည်။ နံနက်ခင်းလမ်းလျှောက်ခြင်း၊ ပြေးခြင်း စသည့်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် လုံခြုံချောမွေ့သော လူသွားလမ်းများကိုလည်း ဖန်တီးပေးရပါမည်။
( ခ ) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်။ စွမ်းအင်သုံးစွဲမှု လျှော့ချရန်နှင့် ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရန် နေရောင်ခြည်စွမ်းအင်သုံး လမ်းမီးတိုင်များတပ်ဆင်ခြင်း၊ အစိုးရနှင့်အများ ပြည်သူသုံး အဆောက်အအုံများတွင် Energy-efficient ဖြစ်သော ဒီဇိုင်းများအသုံးပြုခြင်းတို့ကို ဆောင်ရွက်ရပါမည်။ လျှပ်စစ်မော်တော်ယာဉ် (EV) အားသွင်းစခန်းများ တည်ဆောက်ခြင်းဖြင့် သန့်ရှင်းသော သယ်ယူပို့ဆောင်ရေးကို အားပေးရပါမည်။
( ဂ ) လေထုအရည်အသွေး။ မြို့ပြလေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန်အတွက် လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုမှုကို
အားပေးမြှင့်တင်ခြင်း၊ စက်မှုဇုန်များမှထွက်ရှိသော အခိုးအငွေ့များကို စစ်ဆေးကြပ်မတ်ခြင်းများ ပြုလုပ်ရပါမည်။
စမတ်ကျသောမြို့ပြနှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်ခြင်း
မြို့ပြစီမံခန့်ခွဲမှုတွင် Artificial Intelligence (AI)၊ Internet of Things (IoT) နှင့် Drone နည်းပညာများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်ထိရောက်စေပါသည်။
(က) AI နှင့် စည်ပင်သာယာစီမံခန့်ခွဲမှု။ အမှိုက်ပုံးများတွင် Smart Sensors များတပ်ဆင်ထားခြင်းဖြင့် အမှိုက်ပြည့်သည့်အခါ သက်ဆိုင်ရာသို့ အလိုအလျောက်အချက်ပြနိုင်ပြီး အမှိုက်သိမ်းယာဉ်များ၏ လမ်းကြောင်းများကို AI ဖြင့် အကောင်းဆုံးတွက်ချက်ပြသပေးနိုင်ပါသည်။ ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း Smart Traffic Management System ဖြင့် ဖြေရှင်းနိုင်ပါသည်။ ဤနည်းပညာများသည် မြို့ပြဝန်ဆောင်မှုများကို ပိုမိုထိရောက်စေပြီး စီမံခန့်ခွဲမှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပါသည်။
( ခ ) Drone နည်းပညာ အသုံးပြုခြင်း။ မြို့ပြစီမံခန့်ခွဲရေးတွင် Drone များသည် များစွာအသုံးဝင်ပါသည်။ ကျူးကျော်ဆောက်လုပ်မှုများကို စစ်ဆေးခြင်း၊ အမှိုက်များကို တရားမဝင်စွန့်ပစ်မှုများကို လေကြောင်းမှစောင့်ကြည့်ခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက် ချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပုံရိပ်များရယူခြင်းတို့တွင် Drone နည်းပညာသည် အလွန်ထိရောက်သောကိရိယာတစ်ခုဖြစ်ပါသည်။ ခြင်နှင့်ယင် နှိမ်နင်းရေးအတွက်လည်း Drone များကို အသုံးပြု၍ ဆေးဖျန်းခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်ပါသည်။
( ဂ ) E-Governance နှင့် Data စီမံခန့်ခွဲမှု။ မြို့ပြနေပြည်သူများအတွက် အခွန်အခပေးဆောင်ခြင်း၊ လိုင်စင်များလျှောက်ထားခြင်း၊ တိုင်ကြားစာများပေးပို့ခြင်း စသည်တို့ကို Mobile Application များမှတစ်ဆင့် လွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် E-Government စနစ်ကို အကောင်အထည်ဖော်ရပါမည်။ ထို့ပြင် စည်ပင်သာယာရေးဆိုင်ရာအချက်အလက်များကို လုံခြုံစိတ်ချရသော Cloud စနစ်များတွင် သိမ်းဆည်း၍ မူဝါဒရေးဆွဲရာတွင်အထောက်အထား အခြေပြုဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါသည်။
ပြည်သူ့ကျန်းမာရေးနှင့် စည်ပင်သာယာရေးပေါင်းစပ်ခြင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုနှင့် မြို့ပြစီမံခန့်ခွဲမှု
အမြင်တို့ကို ပေါင်းစပ်လိုက်သည့်အခါ One Health အယူအဆသည် အလွန်အရေးပါလာပါသည်။ လူ၊ တိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင်တို့၏ ကျန်းမာရေးသည် ခွဲခြား၍မရအောင် ဆက်စပ်နေပါသည်။ သန့်ရှင်းရေးနှင့် ရေပေးဝေရေးစနစ်များ အားနည်းခြင်းသည် ကူးစက်ရောဂါများကိုဖြစ်ပေါ်စေပြီး ဆေးရုံဆေးခန်းများ၏ ဝန်ထုပ်ဝန်ပိုးကို ကြီးမားစေပါသည်။ သို့ဖြစ်ရာ စည်ပင်သာယာရေးလုပ်ငန်းများ (ဥပမာ- ခြင်နှိမ်နင်းရေး၊ ရေမြောင်းများရှင်းလင်းရေး၊ အစားအသောက်စစ်ဆေးရေး)သည် ရောဂါကာကွယ်ရေးအတွက် ရှေ့တန်း ခံတပ်များပင်ဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပြီး ကုန်ကျစရိတ်ကိုလည်း များစွာသက်သာစေပါသည်။ WHO နှင့် CDC တို့သည် One Health ချဉ်းကပ်မှုကို အလေးထားပြီး ရောဂါကာကွယ်ရေးအတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။
ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ညီညွတ်ရေး
မည်မျှပင် ကောင်းမွန်သောမူဝါဒများ၊ ခေတ်မီနည်းပညာများရှိစေကာမူ ပြည်သူလူထု၏ တက်ကြွစွာပူးပေါင်းပါဝင်မှုမရှိလျှင် မည်သည့်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းမျှ အောင်မြင်နိုင်မည်မဟုတ်ပါ။
နိုင်ငံရေး၊ စီးပွားရေးသမိုင်းကြောင်းများကို ပြန်လည်လေ့လာကြည့် လျှင် စနစ်တစ်ခုကျရှုံးရခြင်း၏ အဓိကအကြောင်းရင်းများထဲတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားနည်းခြင်းနှင့် ညီညွတ်မှုမရှိခြင်း တို့သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် Clean ၊ Green and Smart City တည်ဆောက်ရာတွင် အောက်ခြေမှစ၍ ပြည်သူများ၏ သဘောထားကိုရယူခြင်း၊ အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် မြို့ပြဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် တိုက်တွန်းခြင်းတို့သည် အလွန်အရေးကြီးပါသည်။ အမှိုက်စနစ်တကျစွန့်ပစ်ခြင်းမှအစပြု၍ မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်စွာ နေထိုင်တတ်သော မြို့ပြယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပေးရပါမည်။
အချုပ်အားဖြင့်ဆိုသော် Clean ၊ Green and Smart City အယူအဆသည် အနာဂတ်မျိုးဆက်သစ်များအတွက် နေချင့်စဖွယ် မြို့ပြများ တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော လမ်းပြမြေပုံ ဖြစ်ပါသည်။ စည်ပင်သာယာရေးကော်မတီများ၊ ပြည်သူ့ကျန်းမာရေး ဌာနများနှင့် နည်းပညာပညာရှင်များ၏ ဟန်ချက်ညီသောပေါင်းစပ် လုပ်ဆောင်မှု၊ ပြည်သူတစ်ရပ်လုံး၏ ညီညွတ်သောပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်သွားမည်ဆိုပါက ကျွန်ုပ်တို့၏မြို့ပြများသည် သန့်ရှင်းသပ်ရပ်၍ သဘာဝတရားနှင့် သဟဇာတဖြစ်ကာ နည်းပညာဖြင့် ခေတ်မီတိုးတက်သော အဆင့်မြင့်မြို့ပြများအဖြစ် ရေရှည်တည်တံ့စွာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
မှီငြမ်းကိုးကားစာရင်း
၁။ The 3Rs as the Basis for Sustainable Waste Management - UNCRD.
၂။ Rethinking Urban Waste Management: Embracing the Circular Economy - Terranexus.
၃။ Landfill Alternative Daily Cover 101 - Finn Corporation.
၄။ Smart Cities 2.0: How IoT, Drones, and AI Are Rebuilding Urban Living. - Medium.
၅။ Electric Vehicle Connected To Charging Station in Modern City with a Blurred Futuristic Skyline during Twilight Hours Stock Illustration - Illustration of renewable, infrastructure: 381096152.
၆။ Smart City Drones: How Future Development of The Urban - Terra Drone.
၇။ Smart Cities and the Internet of Drones - ResearchGate.
၈။ How AI, IoT and drones are winning the mosquito war in Andhra Pradesh-FirstCheck.in.
၉။ Andhra Pradesh Launches AI Mosquito Surveillance System - Geospatial World.
၁၀။ Vector-borne diseases - WHO.
၁၁။ About One Health - CDC.
၁၂။ One Health - WHO.
၁၃။ Color Coded Trash Bins For Waste Segregation Described In Languages: Polish, English And German. Stock Photo, Picture and Royalty Free Image. Image 62648118.
၁၄။ Vertical Gardens in Skyscrapers—Future of Urban Living? - Thursd.
၁၅။ Electric Vehicle Connected To Charging Station in Modern City with a Blurred Futuristic Skyline during Twilight Hours Stock Illustration - Illustration of renewable, infrastructure: 381096152.
၁၆။ Demonstration_AVEVA_UnifiedOperationsCenterforSmartCities.
- Log in to post comments