မြန်မာ့အလင်းအယ်ဒီတာအာဘော်
ရန်ကုန်၏ ပုံပြဇယားနှင့် ဂရပ်များက ကိုဗစ်ရောဂါပိုးကူးစက် ပျံ့နှံ့ မှုနှုန်း ကျလာနေသည်ကို ပြနေသည်။ သို့သော်လည်း ယင်းကို လုံး၀ အေးချမ်းသွားပြီဟု ယူဆလို့မရ။ အမှန်မှာ ဆက်လက်တိုးပွားလာနိုင် သေးသာဖြစ်၏ဟု တွက်ဆကာ သတိကြီးကြီး ဆက်ထားနေကြရပါဦး မည်။ ထို့ပြင် ရန်ကုန်တွင် ဂရပ်မျဉ်းက အကျဘက်သို့ ဆင်းလာနေပြီဟု ဆိုသော်လည်း မွန်ပြည်နယ်၊ ဧရာ၀တီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် အနည်းငယ်တက်လာနေသည်ကို သတိပြုမိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားတို့ သတိကြီးကြီးထားမှုကို ဆက်လက် ထိန်းထားကြရန် လိုပါမည်။ လုံး၀ပေါ့ဆလို့ မရသေးသည့်အချိန်။
အချိန်အတန်အသင့်ရလာသည့်အခါ အတွေ့အကြုံနှင့် ဆည်းပူး စရာတို့ပေါ်မူတည်ကာ မြန်မာပြည်သူလူထုသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ နားလည်သင့်သော အခြေခံအချက်အလက်များကို သဘောပေါက်နေကြပြီဟု ယူဆရပါသည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများက အများဆုံးပေါက်ဖွား၏။ လူထူထပ်မှုရှိလျှင် ရှိသလောက် အန္တရာယ်ကြီး ၏။ အပြင်မထွက်ဘဲ အိမ်တွင်း၌သာနေခြင်း၊ ပြင်ပက လာသူများနှင့် ထိတွေ့ဆက်ဆံမှုမပြုခြင်းသည် ပိုးကူးစက်နိုင်သည့် အခြေအနေက များစွာဝေးကွာ လုံခြုံလိမ့်မည်ဖြစ်၏။ မဖြစ်မနေ ထွက်ရမည်ဆိုလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မျက်နှာဖုံးတပ်ခြင်းတို့က ကူးစက်မှု အန္တရာယ်က သက်သာစေမည်ဖြစ်၏။ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် စနစ်တကျ ဆေးကြောခြင်းက ရောဂါပိုးကူးစက်မှုကို ဟန့်တားနိုင် မည်။ မိမိ၏ မျက်နှာ၊ အထူးသဖြင့် မျက်စိ၊ ပါးစပ်တို့ကို လက်ဖြင့် မကိုင်တွယ်မိအောင် သတိထားရမည် စသည့် အခြေခံအချက်များ က လူတိုင်း သိရှိနားလည်နေကြပြီ ဖြစ်၏။ ထိုနားလည်သည်ကို ဆက်လက်လိုက်နာ ကျင့်ဆောင်ကြရန်က အရေးကြီးသည့် အချိန် ဖြစ်ပါသည်။
နေထိုင်ရမည့် အမူအကျင့်နှင့် စည်းကမ်းတို့ကို နားလည်သဘော ပေါက်လာကြပြီဖြစ်သော်လည်း ပုံမှန်မဟုတ်သော စနစ်တစ်ခု၊ တင်းကျပ်သည့် အမူအလေ့ဖြင့် နေရကြာလာသည့်အခါ ငြီးငွေ့မှု ဖြစ်ခြင်း၊ ပေါ့ဆလာတတ်ခြင်းတို့က ဖြစ်လာတတ်သည့် သဘာ၀ ရှိသည့်အတွက် လုံး၀စိတ်ချလက်ချနေထိုင်ကြဖို့ အခြေအနေမပေးချိန် တွင် ကြီးစွာသော သတိထားဖြင့်နေကြဖို့ နှိုးဆော်နေရခြင်းဖြစ်ပါသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း လူထူထပ်မှုနှင့် လူစုလူဝေးတို့ က ကူးစက်ပြန့်ပွားမှုဖြစ်လေရာ၊ လူစုလူဝေး များလျှင် များသလို ရောဂါပိုးရှိသူတစ်ဦးမှသည် အခြားသောသူ ရာဂဏန်းထိ ကူးစက် သွားနိုင်သည်ဟု မှတ်ယူကြရန်လိုပါသည်။ ကူးစက်မှုပြန့်ပွားမှု စာရင်း ထဲတွင် မိမိကိုယ်တိုင် မပါဝင်ရေးသည် မိမိ၏ အသက်ရှင်သန်မှု သာမက၊ မိမိ၏ မိသားစု၊ မိမိ၏ ပတ်ဝန်းကျင်တစ်ခုလုံးနှင့် သက်ဆိုင် ပါသည်။ ထို့ပြင် ပင်ပန်းတကြီးရုန်းကန်နေကြရသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကူညီပေးနေကြသော စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံတော် တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်သူလူထုအားလုံးအပေါ်သို့ ဝန်ပိုမပိစေရန် ထိန်းသိမ်းခြင်းလည်း ဖြစ်ပါသည်။
ယခုလို ကပ်ရောဂါနှင့် နဖူးတွေ့ဒူးတွေ့ နပန်းလုံးနေရသည့် ကြားတွင် ဒီမိုကရေစီအပြောင်းအလဲအတွက် ဆက်လက်ရင်ဆိုင် ကြရဦးမည့် နိုဝင်ဘာရွေးကောက်ပွဲကို ဖြတ်သန်းရေးကလည်း ရှိနေပေသေးသည်။ ပြည်သူလူထုက စိတ်ကြိုက်ရွေးချယ်ခွင့်ရမည့် လွှတ်တော်အသီးသီးက ပြည်သူ့ကိုယ်စားလှယ်များနှင့် ထိုပြည်သူ့ ကိုယ်စားလှယ်အများစုက ရွေးချယ်သည့်အစိုးရအဖွဲ့ ပေါ်ပေါက်ခြင်း ဟူသည့်စနစ် မြဲမြံတည်တံ့ရေးသည် ရွေးကောက်ပွဲများပေါ်တွင် တည်မှီနေခြင်းဖြစ်ပါသည်။
ထို့ပြင် ကြီးမားသော စိန်ခေါ်မှုအဖြစ်ရှိနေသည့် စီးပွားရေး အကျပ် အတည်း၊ ပြည်သူလူထု၏ နေ့စဉ်ဘ၀များ ချောင်လည်ပြေလည်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးပွားရေး စသည်တို့ကလည်း လက်ငင်း ရင်ဆိုင်ဖြေရှင်းရဦးမည်ဖြစ်၏။
နိုင်ငံအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရင်ဆိုင်နေရ သည့် အကျပ်အတည်းများ၊ ဖြေရှင်းနေရသည့် စိန်ခေါ်မှုများမှာ အများ အပြားပင် ဖြစ်ပါသည်။
ထိုထိုသော အခက်အခဲ အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို ကျော်လွှားအောင်မြင်နိုင်ရေးအတွက် အခရာကျသည့်အချက်မှာ ပြည်သူတို့ စည်းလုံးညီညွတ်မှုအင်အားဖြစ်ပါသည်။ မတူညီမှုများ ကြားက အချင်းချင်း ယုံယုံကြည်ကြည် စည်းလုံးညီညွတ်စွာ အားထုတ် ကြိုးပမ်းကြခြင်းဖြင့် လင်းလက်တောက်ပသော အနာဂတ်ကို မျှော်လင့် ကြပါစို့။ ။