သတိပြုကာကွယ် တတိယလှိုင်းအန္တရာယ်

Type
5

 

အောင်ရှင်း

ယခုအချိန်ကာလ ကမ္ဘာပေါ်မှာ ဘယ်အကြောင်းအရာက အရေးအကြီး ဆုံးဖြစ်နေပါသလဲလို့ မေးလာခဲ့ရင် အရာအားလုံးထက်အရေးအကြီးဆုံး က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှု   အကျပ်အတည်းကနေ အမြန်ဆုံးလွန်မြောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ကျော်လွှားလွတ်မြောက် နိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားမှုတွေကို ဘေးချပြီး နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ဖြစ်ပွားမှုကို ၂၃-၃-၂၀၂၀ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမလှိုင်းနဲ့ဒုတိယလှိုင်း နှစ်ခု ပေါင်းရင် ပိုးတွေ့ရှိတဲ့ လူနာပေါင်း ၁၄၃,၃၁၈ ဦးရှိခဲ့ပြီး ၁၄၀,၁၀၂ ဦး ပြန်လည်ကောင်းမွန် ခဲ့တာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၇ ရာခိုင်နှုန်းက ကိုဗစ်-၁၉  ရောဂါပိုးကို   ခုခံကာကွယ်နိုင်တဲ့  ကိုယ်ခံစွမ်းအားကို ရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ခဲ့ကြတာဖြစ်ပါတယ်။ 
ယခု ၂၇-၅-၂၀၂၁ ရက်ကနေ စတင်သတ်မှတ်တဲ့ တတိယလှိုင်း မှာတော့ ၁၅-၇-၂၀၂၁ ရက်နေ့အထိ စစ်ဆေးသူ ၃၀၀,၅၃၃ ဦးမှာ ပိုးတွေ့သူ ၆၅,၇၆၆ ဦးနဲ့ သေဆုံးသူ ၁၀၄၈ ဦး  ရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ပိုးတွေ့ရှိသူဦးရေနဲ့ သေဆုံးတဲ့လူဦးရေကို ရာခိုင်နှုန်း အရ တွက်ချက်ကြည့်မယ်ဆိုရင်တော့ ပထမလှိုင်း (၅ လနီးပါး) မှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဒုတိယလှိုင်း (၉ လကျော်ကျော်) မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် တတိယလှိုင်း (၁ လခွဲကျော်ခန့်)  မှာတော့ ၁ ဒသမ ၅၉ ရာခိုင်နှုန်း ရှိနေပါတယ်။ ယခုလက်ရှိ ကိန်းဂဏန်းတွေ အရတော့ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးဟာ ကူးစက်နှုန်းမြင့်မားလာတာနဲ့ အမျှ သေဆုံးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။


ဘာကြောင့် ကူးစက်မြန်ရသလဲ


ဘာကြောင့်ကူးစက်မြန်ရပါသလဲလို့မေးရင်တော့ ယခင်မူလ ဗိုင်းရပ်စ်ကနေ သန္ဓေပြောင်းလာတဲ့ မျိုးကွဲများကြောင့်လို့ နားလည် လွယ်အောင် ဖြေရပါလိမ့်မယ်။ ယခုမြန်မာနိုင်ငံမှာ တွေ့ရှိနေရပြီဖြစ်တဲ့ အမျိုးအစားကတော့ စိုးရိမ်စရာအုပ်စုထဲမှာပါဝင်တဲ့ Delta Strain နဲ့ Alpha Strain တို့ပဲဖြစ်ပါတယ်။ မူလပထမ ကိုဗစ်ရောဂါပိုးဟာ ကူးစက်နိုင်မှုနှုန်း R0 ဂဏန်း အနေနဲ့ ၂ ဒသမ ၄ မှ ၂ ဒသမ ၆ အတွင်း မှာသာရှိပေမယ့်လည်း Alpha နှင့် Delta မျိုးကွဲသစ်တို့ရဲ့ R0  ဂဏန်းဟာ ၄ မှ ၅ နဲ့ ၅ မှ ၈ ထိ အသီးသီးရှိတာကို  သိရှိရပါတယ်။ ဆိုလိုတာက တကယ်လို့ R0 ဂဏန်းဟာ ၂ ဖြစ်တယ်ဆိုပါစို့။ ရောဂါပိုးရဲ့ကူးစက် ပြန့်ပွားနှုန်းဟာ   လူ ၁ ဦးမှ ၂ ဦး၊ ၂ ဦးမှ ၄ ဦး၊  ၄ ဦးမှ ၈ ဦး၊ ၈ ဦးမှ ၁၆ ဦး စသဖြင့် အဲဒီ R0 ဂဏန်းအတိုင်း  ဆတိုးကူးစက်သွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အာရှနိုင်ငံ အများစုမှာ ပထမလှိုင်း၊   ဒုတိယလှိုင်းနဲ့ မတူညီတဲ့  ဗီဇပြောင်း မျိုးကွဲသစ် Delta Coronavirus အမျိုးအစားကြောင့် ကူးစက်မှုနှုန်း တွေ စံချိန်တင်မြင့်တက်နေတာ ဖြစ်ပါတယ်။ 


ပြည်သူအများအနေနဲ့လည်း ဖြစ်ပေါ်ခဲ့တဲ့  နိုင်ငံရေးအပြောင်း အလဲမှာ ကိုဗစ်ရောဂါကို သတိလက်လွတ်ဖြစ်သွားခဲ့ပြီး သတ်မှတ် ထားတဲ့စည်းကမ်းတွေ လိုက်နာမှုအားနည်းခဲ့ပါတယ်။ ကပ်ရောဂါကာကွယ်တားဆီးရေးရှုထောင့်ကကြည့်ရင် ဘယ်လိုမှလက်ခံလို့မရတဲ့   အင်အား ရာထောင်ချီလူစုလူဝေးတွေဖြစ်ပေါ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုများကြောင့် အားနည်းသွားခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကလည်း ရောဂါကူးစက်နှုန်း ထိန်းချုပ်တားဆီးရေးမှာ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဆောင်ရွက်နေမှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကိုဗစ်ရောဂါပိုးရဲ့ သဘောသဘာဝနဲ့ ကူးစက်ပြန့်ပွားနိုင်မှုကို ကြိုတင်မျှော်တွေးထားခဲ့တာကြောင့်   ကိုဗစ်ကာကွယ်တားဆီးရေးကို    ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ ဒုတိယအချက်အနေနဲ့ ထည့်သွင်းရေးဆွဲထားတာကိုလည်း တွေ့ရပါတယ်။ ယခင်ကရောဂါဖြစ်ပွားခဲ့တဲ့အခြေအနေအရပ်ရပ်ကို သင်ခန်းစာယူပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ဆောင်ရွက် ခဲ့ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ယခုကာလအတွင်း ချက်ချင်းလက်ငင်းဆောင်ရွက်ရမယ့်   ကိုဗစ်ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်လို့ ရနိုင်သမျှသော စွမ်းအားများကို စုစည်းကာ နည်းလမ်းပေါင်းစုံ ဆောင်ရွက်နေတာ   ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်ကာကွယ်ထိန်းချုပ်ကုသဖို့ ဆောင်ရွက်နေတဲ့နေရာမှာ-


    -    Quarantine Center (အရပ်ဘက်)    ၉၃၃ နေရာ   (၄၄,၇၈၄ ဦး)
    -    Positive လူနာထားမည့်နေရာ    ၁၈၂ နေရာ    (၁၀,၂၃၉ ဦး)
   (အရပ်ဘက်)
    -    ကုသရေး Center (အရပ်ဘက်)    ၃၃၈ နေရာ   (၁၆,၄၅၂ ဦး)
    စုစုပေါင်း    ၁,၄၅၃ နေရာ(၇၁,၄၇၅ ဦး)
    -    Quarantine Center     ၁,၁၉၄ နေရာ (၃၂,၁၀၄ ဦး)
        (တပ်မတော်)    
-    Positive လူနာထားမည့်နေရာ       ၂၃ နေရာ     (၂,၉၉၈ ဦး)
    (တပ်မတော်)
-    ကုသရေး Center (တပ်မတော်)    ၆၁ နေရာ      (၃,၈၇၀ ဦး) 
    စုစုပေါင်း    ၁,၂၇၈ နေရာ (၃၈,၉၇၂ ဦး)


စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ Stay at Home ကြေညာထားတဲ့ မြို့နယ် ၇၄ မြို့နယ်က မိုးလုံလေလုံအားကစားခန်းမနဲ့ စာသင်ကျောင်းတွေ အပြင် Cyclone Shelter တွေမှာ လိုအပ်ရင် Quarantine Center တွေဖွင့်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 


တပ်မတော်အနေနဲ့ ကပ်ရောဂါကာကွယ်တားဆီးကုသရေးမှာ ယခင်ကလည်း ကူညီခဲ့သလို ယခုလည်း အစွမ်းကုန်ကူညီဆောင်ရွက်နေ ပါတယ်။  ကျန်းမာရေးဝန်ထမ်းအင်အားအနေနဲ့  တပ်မတော်ပါရဂူ ၃၃၉ ဦး အပါအဝင်    စုစုပေါင်းတပ်မတော်သား  ကျန်းမာရေးဝန်ထမ်း ၅,၈၁၈ ဦးကို   ကိုဗစ်ရောဂါ  ကာကွယ်ကုသရေးအတွက်   သီးခြား တာဝန်ပေး အင်အားဖြည့်တင်းပြီး အရပ်ဘက်ကျန်းမာရေးဝန်ထမ်း များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ CDM မလုပ်ဘဲ ကျင့်ဝတ် သိက္ခာနဲ့ညီတဲ့    နိုင်ငံ့ဝန်ထမ်းကောင်း   အရပ်ဘက်   ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၁၉,၁၄၅ ဦးဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများမှာ တာဝန်ထမ်းဆောင်လျက်ရှိနေကြတယ် လို့ သိရှိရပါတယ်။ သယ်ယူပို့ဆောင်ရေးအနေနဲ့ အရပ်ဘက်လူနာတင် ယာဉ် ၁,၀၈၀ စီးနဲ့ စစ်ဘက်လူနာတင်ယာဉ် ၁၀၀ စီး စီစဉ်ထားရှိပြီး ကာကွယ်၊ ကုသရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်တွေကို လိုအပ်သလို အသုံးပြုလျက်ရှိပါတယ်။


တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာဝန်ထမ်း တွေ၊ ပရဟိတအဖွဲ့တွေ၊ စေတနာရှင်ဝန်ထမ်းတွေပူးပေါင်းပြီး Mask ကမ်ပိန်းတွေ ပြုလုပ်တာ၊ အခမဲ့ ဖြန့်ဝေပေးတာတွေ၊ အသိပညာပေး လက်ကမ်းစာစောင်   ဖြန့်ဝေပေးတာတွေ    တစ်နိုင်ငံလုံးအနေနဲ့  နေ့စဉ်ဆောင်ရွက်နေကြတာကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ယခင် NLD အစိုးရလက်ထက်မှာ Mask ခြောက်သောင်းလောက် အခမဲ့ဝေငှဖို့ အခက်အခဲရှိခဲ့ပေမယ့်၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာတော့   ဇွန်လတစ်လအတွင်းမှာတင် Mask ၁၂ သန်းလောက်   အခမဲ့ဖြန့်ဝေပေးခဲ့ပြီး   ဖြစ်ပါတယ်။ နောက်ထပ်လစဉ် Mask ၁၀ သန်းအထက်နှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် ၅ သန်းလောက်    ဖြန့်ဝေပေးဖို့လည်း   စီစဉ်နေပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက် သုံးစွဲရမယ့် ဘဏ္ဍာငွေကို ကန့်သတ် မထားဘဲ ရုရှားနိုင်ငံကနေ တစ်ကြိမ်မှာ (၁ နာရီနဲ့ ၃၀ မိနစ်အတွင်း) လူဦးရေ ၁၄၀ ကို စစ်ဆေးပေးနိုင်တဲ့ PT-PCR စနစ် ရောဂါစစ်ဆေးစက် သုံးလုံး ဝယ်ယူထားပါတယ်။


ယခုအချိန်အထိ မြန်မာနိုင်ငံမှာ လူဦးရေ ၃ ဒဿမ ၃၇ သန်း (သုံးသန်းသုံးသိန်း ခုနစ်သောင်းကျော်) ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံ တွေကနေ ကာကွယ်ဆေးတွေ ဝယ်ယူထားပါတယ်။   ရုရှားနိုင်ငံက ကာကွယ်ဆေး နှစ်သန်းခန့်ဝယ်ယူဖို့သဘောတူညီခဲ့ပြီး တရုတ်နိုင်ငံ ကလည်း ငါးသန်း ဝယ်ယူထားပါတယ်။ ဇူလိုင်လထဲမှာ ရောက်ရှိ လာတော့မှာဖြစ်ပါတယ်။ 


ရုရှားနိုင်ငံနဲ့ ကိုဗစ်ကာကွယ်ဆေးပူးပေါင်း ထုတ်လုပ်ဖို့အထိ ဆောင်ရွက်နေပြီး မကြာမီလေ့လာသုံးသပ်ရေးအဖွဲ့ လာရောက်တော့ မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ကိုဗစ်ရောဂါကာကွယ်ဆေးကို Ready to Fill Bulk (RTF) စနစ်နဲ့ ပူးပေါင်းထုတ်လုပ်ဖို့ စီစဉ်နေပြီး ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီက   တာဝန်ရှိသူတွေနဲ့    နှစ်ကြိမ် ဆွေးနွေးပြီး ဖြစ်ပါတယ်။


ကပ်ရောဂါကို နိုင်ငံရေးအရအသုံးမချသင့်


ဒီလိုရောဂါကာကွယ်  ထိန်းချုပ်ရေးလုပ်ငန်းတွေ နည်းလမ်း ပေါင်းစုံနဲ့ ဆောင်ရွက်နေပေမယ့်  ပြည်တွင်း/ပြည်ပ သတင်းမီဒီယာ တွေနဲ့    လူမှုကွန်ရက်စာမျက်နှာတွေမှာ   ယနေ့ကြုံတွေ့နေရတဲ့ တတိယလှိုင်းနဲ့ အရင်က ပထမ၊ ဒုတိယလှိုင်း အခြေအနေတွေကို     လွဲမှားစွာ   ချိန်ထိုးနှိုင်းယှဉ်ပြီး   ပြောဆိုရေးသားနေတာတွေကို တွေ့ရှိလာရပါတယ်။


ဆိုးရွားတဲ့အချက်ကတော့ ဒီလောက်ပြည်သူလူထု စိုးရိမ်ပူပန် ကြီးစွာနဲ့ ကျန်းမာရေးအခက်အခဲဖြစ်နေရတဲ့အချိန်မှာ  လူတချို့က ကပ်ရောဂါကို နိုင်ငံရေးအရ အသုံးချနေကြခြင်းပါ။ ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို   အနှောင့်အယှက်ဖြစ်အောင် မဟုတ်မမှန်သတင်းအမျိုးမျိုး   ထုတ်လွှင့်နေကြတဲ့အပြင်   ကိုဗစ် စစ်ဆေးရေးဂိတ်တွေနဲ့   ကိုဗစ်ကာကွယ်ရေး  ပရဟိတလုပ်နေသူ တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အထိ ယုတ်မာစွာ လုပ်ဆောင် နေကြတာကို စိတ်မကောင်းစရာ မြင်တွေ့နေရပါတယ်။


ဒါ့အပြင် ဈေးကွက်အတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်း တွေ ဈေးနှုန်း မြင့်တက်လာစေဖို့နဲ့  ပြည်သူလူထုအကြား စိုးရိမ်မှုတွေ ကြီးထွားလာစေဖို့     ကိုဗစ်ကာကွယ်တားဆီးရေး   ပစ္စည်းတွေနဲ့ အောက်ဆီဂျင်တွေတင်သွင်းဖို့    ရပ်ဆိုင်းတယ်ဆိုတဲ့     စာအတု တစ်စောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကိုထိခိုက်ဖို့   ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအစွန်းရောက်တွေရဲ့ မိုက်မဲတဲ့ နိုင်ငံရေးအောက်လုံးတွေ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲကို အသုံးချပြီး နိုင်ငံရေးအစွန်းရောက်တွေက နိုင်ငံရေးအကျိုးအမြတ်ကို ဖန်တီး နေကြတာ ဖြစ်ပါတယ်။ အားလုံးပူးပေါင်းပြီး ကာကွယ်တားဆီးကြရမယ့်အချိန်ကြီးမှာ   ကိုဗစ်ရောဂါကူးစက်နှုန်း    မြင့်မားနေမှုကို နိုင်ငံရေးတိုက်ကွက်အနေနဲ့ အသုံးချနေကြတာဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်၊ မလုပ်သင့်တဲ့လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။


အဲ့သလို ကိုဗစ် ၁၉ ရောဂါကို နိုင်ငံရေးလက်နက်သဖွယ်အသုံးပြု ပြီး မဟုတ်မမှန်တဲ့ သတင်းအချက်အလက် အမှားတွေပေးနေတာ၊ ရောဂါပိုးပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေဟာ ပြည်သူလူထုရဲ့      အသက်အန္တရာယ်၊   ဘေးအန္တရာယ်ဖြစ်အောင် တိုက်ရိုက်ခြိမ်းခြောက်နေတာဖြစ်လို့ ဇီဝနည်းအရ အကြမ်းဖက်မှုလို့ ခေါ်တဲ့ Bioterrorism လုပ်ဆောင်ခြင်းမြောက်ပါတယ်။ ဒီလိုမျိုး သတင်းအမှားတွေ၊ မဟုတ်မမှန်ပြောကြားချက်တွေကို ပြည်သူလူထု ကြီး နားမယောင်မိကြဖို့ အထူးအရေးကြီးပါတယ်။


ယခုလတ်တလော အောက်ဆီဂျင်ပြဿနာ


ယခုလတ်တလောဖြစ်ပွားနေတဲ့  အောက်ဆီဂျင်ပြဿနာရဲ့ အဓိကအကြောင်းအရင်းက ရောဂါကူးစက်မှု မြင့်တက်လာတာကြောင့် ပြည်သူလူထုရဲ့စိုးရိမ်ကြောင့်ကြမှုနဲ့ Quarantine စနစ်ပြောင်းလဲ သွားမှုကြောင့်   ဖြစ်ပါတယ်။   ဒီရောဂါရဲ့  သဘောသဘာဝအရ ဖြစ်ပွားသူအရေအတွက် များစွာက ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရပြီး အချိန်ကာလတစ်ခုအတွင်းမှာ   သက်သာပျောက်ကင်း သွားကြတာ ဖြစ်ပါတယ်။ မူလရောဂါအခံရှိနေသူတွေနဲ့ ကိုယ်ခံအား လျော့နည်းနေသူတွေအတွက်သာ  စိုးရိမ်စရာဖြစ်ပါတယ်။ ရောဂါ အပြင်းအထန်ခံစားနေရသူတွေတောင်မှ အောက်ဆီဂျင်အသုံးပြုမှုကို သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ညွှန်ကြားချက်နဲ့သာ ဆောင်ရွက် သင့်တဲ့ကိစ္စဖြစ်ပါတယ်။


သို့သော်လည်း ရောဂါကူးစက်မှု ရုတ်တရက်မြင့်မားလာတဲ့အခါမှာ စိုးရိမ်ကြောင့်ကြ စိတ်ကြောင့် အောက်ဆီဂျင်အိုးတွေ ရှာဖွေဝယ်ယူ ကြတာ၊    စုဆောင်းသိမ်းဆည်းတာတွေ     ရှိလာပါတော့တယ်။ သတင်းအမှားတွေနဲ့ ပေါင်းစပ်တဲ့အခါမှာ အောက်ဆီဂျင်ဝယ်လိုအားက ရုတ်တရက်မြင့်မားလာခဲ့ပြီး     အမှန်တကယ်လိုအပ်သူတွေထံကို အောက်ဆီဂျင်လိုအပ်သလောက် အချိန်မီမရရှိခဲ့တာတွေ ဖြစ်ခဲ့ရပါ တယ်။ အောက်ဆီဂျင်ကို  အမှန်တကယ်  မဖြစ်မနေလိုအပ်နေတဲ့ ရောဂါဖြစ်ပွားနေသူ   ရာခိုင်နှုန်းနည်းပေမယ့်   အောက်ဆီဂျင်ကို ဝယ်ယူလိုတဲ့ဝယ်လိုအား ရာခိုင်နှုန်းကများနေခြင်း ဖြစ်ပါတယ်။


လက်ရှိ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏနဲ့ အမှန်တကယ် အသုံးလိုတဲ့ပမာဏ   လုံလောက်တဲ့အခြေအနေရှိပေမယ့်    ဒါကို မသမာသူတွေက  အောက်ဆီဂျင်လိုအပ်ချက်ကို နိုင်ငံရေးအောက်လုံး ထိုးပြီး အဖျက်အမှောင့်လုပ်ဆောင်နေကြလို့ ပြည်သူလူထုအတွင်း အောက်ဆီဂျင် မလုံလောက်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါဖြစ်ပွားသူ၊ အောက်ဆီဂျင် လိုအပ်သူ၊ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုတွေ၊ ထပ်မံလိုအပ်လာနိုင်တဲ့ အခြေအနေတွေကို    အသေးစိတ်တွက်ချက်ပြီး   အောက်ဆီဂျင် လိုအပ်ချက်ဖြည့်ဆည်းဖို့ စီမံဆောင်ရွက်နေပြီ ဖြစ်ပါတယ်။


ပြည်သူတွေလိုအပ်နေတဲ့ အောက်ဆီဂျင်ပမာဏကို ပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့အတွက် တစ်နေ့ကို အလုံးပေါင်း ၁,၄၄၀ ထုတ်လုပ် နိုင်မယ့်    အောက်ဆီဂျင်စက်ရုံတစ်ခု    တစ်လအတွင်း     အမြန် တည်ဆောက်နေပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ်ရောဂါကာကွယ်ကုသမှုနဲ့ ပတ်သက် တဲ့ ဆေးဝါးနဲ့ ဆက်စပ် စက်ပစ္စည်းမှန်သမျှကို အချိန်နဲ့တစ်ပြေးညီ ခွင့်ပြုဆောင်ရွက်ပေးနေပါတယ်။       Oxygen   Concentrator တင်သွင်းမယ်ဆိုရင်  FDA  ထောက်ခံချက်နဲ့    သွင်းကုန်လိုင်စင် လျှောက်ဖို့တောင် မလိုအပ်ဘဲ တင်သွင်းနိုင်ကြပါတယ်။ ဒါ့ကြောင့် လည်း ယခုရက်ပိုင်းအတွင်း တရုတ်နဲ့ ထိုင်းနယ်စပ်ဂိတ်တွေကနေ အောက်ဆီဂျင်အရည်နဲ့ အောက်ဆီဂျင်အိုးတွေတင်သွင်းပြီး လိုအပ်တဲ့ နေရာတွေကို  အမြန်ဖြန့်ဝေနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်နဲ့ အရပ်ဘက်စက်မှုသုံး အောက်ဆီဂျင်စက်ရုံတွေက တိုးမြှင့်ထုတ်လုပ် ခြင်း၊    စက်အသစ်တွေ    တိုးချဲ့တပ်ဆင်ထုတ်လုပ်ခြင်းတွေကို လုပ်ဆောင်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 


နောက်တစ်ချက်က  ရောဂါကူးစက်မှုနှုန်း  မြင့်မားလာခြင်းနဲ့ ကျန်းမာရေးဝန်ထမ်း   ကန့်သတ်ချက်တွေကြောင့်  Quarantine ထားရှိတဲ့စနစ်ကို ပြောင်းလဲကျင့်သုံးနေပါတယ်။ ပထမအဆင့်အနေနဲ့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိသူတွေကို မိမိအိမ်တွင်သာ သီးခြားနေထိုင် စေခြင်း ဆောင်ရွက်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ ရောဂါအတည်ပြု လူနာတွေနဲ့ သီးသန့်စောင့်ကြည့်ရမယ့်လူနာတွေကို ဆေးရုံတွေနဲ့ Positive Center တွေမှာထားရှိပြီး  အနီးကပ် စောင့်ကြည့်ကုသ ပေးလျက်ရှိပါတယ်။ တတိယအဆင့်မှာတော့  ရောဂါလက္ခဏာ ပြင်းထန်သူတွေကို   ဆေးရုံတွေမှာ   အထူးကြပ်မတ်ကုသမှုတွေ ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒါကြောင့် Positive လူနာတွေကို ဆေးရုံတွေက  လက်မခံဘဲ ပြန်လွှတ်နေတယ်ဆိုတာ နားလည်မှု လွဲမှားခြင်း ဖြစ်ပါတယ်။   လူနာရဲ့  ရောဂါလက္ခဏာအပေါ်မူတည်ပြီး တက်ရောက်ကုသမှုခံရမယ့်နေရာတွေကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဟာ တတိယလှိုင်းရဲ့ ကူးစက်နှုန်းမြင့်မားမှုကြောင့် ကာကွယ်ကုသရေးလုပ်ငန်းတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။


ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး


မြန်မာနိုင်ငံမှာတော့ ဒီနေ့ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမြင့်မားနေခြင်းဟာ လက်ရှိဖြစ်ပွားနေတဲ့  မျိုးရိုးဗီဇကွဲရောဂါပိုးရဲ့  သဘော သဘာဝနဲ့   ပြည်သူတွေကျန်းမာရေး   သတိလျော့နည်းသွားချိန် တိုက်ဆိုင်မှုကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ် ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကူးစက်နှုန်းကို ထိန်းသိမ်း နိုင်ဖို့နဲ့ လျှော့ချနိုင်ဖို့ဆိုတာက တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်လို့ရနိုင်တဲ့  ကိစ္စရပ်မဟုတ်ဘဲ  မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး၊ ပြည်သူတွေအားလုံး ပူးပေါင်းဆောင်ရွက် ရမယ့်ကိစ္စရပ်ကြီး  ဖြစ်ပါတယ်။ မိမိအရေး၊ မိမိရဲ့မိသားစုအရေး၊ မိမိရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ရဲ့ အရေးကနေ မြန်မာနိုင်ငံကြီးတစ်ခုလုံး အတွက်  အသိတရားနဲ့ရော၊    သတိတရားနဲ့ပါ   အားလုံးပူးပေါင်း ကာကွယ်ရမယ့် အရေးကိစ္စဖြစ်ပါတယ်။


ပြည်သူလူထုကြီးအနေနဲ့လည်း   ကပ်ရောဂါကာကွယ်ရေး တားဆီးရေးအတွက် အဓိက ကတော့ နှာခေါင်းစည်းကို စနစ်တကျ တပ်ပါ။ လက်ဆေးပါ။ ၆ ပေ ခပ်ခွာခွာနေထိုင်ပါ။ လူစုလူဝေးရှောင်ပါ။ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ပါပဲ။ မိမိရဲ့ခန္ဓာကိုယ် ကိုယ်ခံစွမ်းအား မြင့်တက်စေမယ့် အစာတွေကို ရွေးချယ်စားဖို့၊ ပြည့်ဝစွာအနားယူဖို့နဲ့ နေ့စဉ်အနည်းဆုံး  မိနစ်  ၃၀ ခန့်   လှုပ်ရှားမှုဆောင်ရွက်ဖို့လည်း အင်မတန်အရေးကြီးလှပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကလည်း လိုအပ်တဲ့ စစ်ဆေးကြပ်မတ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေကို ပြည့်ဝစွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။


ယခု ကူးစက်မြန်ကိုဗစ် ၁၉ ကပ်ရောဂါ ရင်ဆိုင်ခုခံကျော်လွှား နိုင်ရန် ပြည်သူအများစုကို ဇဝေဇဝါဖြစ်စေဖို့ရည်ရွယ်တဲ့ နိုင်ငံရေး ရမ္မက်ဖုံးလွှမ်းတဲ့ လှုံ့ဆော်မှုတွေက ဒီကပ်ရောဂါဆိုးကြီးကို အောင်မြင် အောင်တိုက်ထုတ်ရာမှာ အဟန့်အတားဖြစ်စေပါတယ်။ သို့သော်လည်း CDM မလုပ်ကြတဲ့   ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အခြား ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းတွေက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်း တွေပူးပေါင်းပြီး တတိယလှိုင်းကို ညီညီညွတ်ညွတ်နဲ့  အနစ်နာခံ ကာကွယ်တွန်းလှန်နေကြတာကိုမြင်ရတာက မျက်ရည်စို့ရလောက် အောင် ဝမ်းသာဂုဏ်ယူဖြစ်ရပါတယ်။ အချို့အထူးကုဆရာဝန်ကြီးတွေ ဆိုရင် ကိုယ်နဲ့ ကျွမ်းကျင်သက်ဆိုင်တဲ့ နယ်ပယ်ရပ်က မဟုတ်တာ တောင်မှ ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ဆန္ဒပြုပြီး ဆောင်ရွက် နေကြတာကို လေးစားဂုဏ်ယူဖွယ် တွေ့ရှိရပါတယ်။ 


နိဂုံးချုပ်ရရင်တော့ အခုလိုအခြေအနေမျိုးမှာ နိုင်ငံရေးအရောင် အသွေး ခွဲခြားနေရမယ့်အချိန်၊ တိုက်ခိုက်နေရမယ့်အချိန်မဟုတ်ဘဲ အစိုးရနဲ့ပြည်သူ  ရင်ချင်းဆက်   ကျောချင်းကပ်ပြီး  ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်  ကုသရေးကို   အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ခံယူပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှသာ ကပ်ရောဂါကို အောင်အောင်မြင်မြင်နဲ့     ကျော်လွှားနိုင်မှာဖြစ်ကြောင်း    အသိပေး နှိုးဆော်လိုက်ရပါတယ်။        ။