ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စက်သုံးဆီနှင့်ပတ်သက်၍ ကောလာ ဟလများ ထွက်ပေါ်လာခဲ့ရာ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် အလုအယက်လာရောက်ဝယ်ယူကြသည့် ကားတန်း ရှည်ကြီးများ ဖြစ်ပေါ်ခဲ့သလို စက်သုံးဆီဝယ်ယူ၍ မရတော့ သဖြင့် စိတ်ပျက်ညည်းညူကြသည့် အသံများစွာလည်း ပေါ်ထွက် လာခဲ့ရသည်။ အဓိကအကြောင်းရင်းခံမှာ စက်သုံးဆီရောင်းချ သည့် ခွဲတမ်းများကို လျှော့ချသည်ဟူ၍လည်းကောင်း၊ စက်သုံးဆီ ဝယ်ယူရန် အစိုးရက ဒေါ်လာ ချမပေးဘူးဟူ၍လည်းကောင်း၊ စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်နေပြီး ပြန်လည်ဖြည့်ပေး နိုင်ခြင်းမရှိတော့ဟူ၍လည်းကောင်း မသမာသူတို့ ထုတ်လွှင့် လိုက်သည့် ကောလာဟလကြောင့်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကားစီးရေ၏ ထက်ဝက်ခန့်ရှိနေသည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် အထက်ပါကောလာဟလကို အကြောင်းပြု၍ စိုးရိမ်ထိတ်လန့် မှုဖြင့် စက်သုံးဆီဝယ်ယူမှု အချိန်တိုအတွင်း ရုတ်တရက် ထိုးတက် သွားသောအခါ စက်သုံးဆီဆိုင်အချို့ကလည်း စိုးရိမ်စိတ်ဖြင့် အရောင်းပိတ်လိုက်ကြပြန်သဖြင့် စက်သုံးဆီအကျပ်အတည်း ဆိုက်သည့် ပုံစံမျိုးဖြစ်ပေါ်သွားခဲ့သည်။ အဆိုပါကောလာဟလ သည် အခြားမြို့ကြီးအချို့ဆီသို့ ထပ်ဆင့်ပျံ့နှံ့ခဲ့သော်လည်း နေ့စဉ် ပုံမှန်အတိုင်း စက်သုံးဆီဝယ်ယူရရှိနေခဲ့သည်။ ရန်ကုန်မြို့ကဲ့သို့ မော်တော်ယာဉ်စီးရေ မများခြင်းနှင့် အလုအယက်ဝယ်ယူမှု မရှိ ခြင်းတို့ကြောင့် ရုတ်ရုတ်သဲသဲပုံစံမျိုး ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သတင်း အမှန်ထုတ်ပြန်မှု ပေါ်ထွက်လာသည့်အခါ ပုံမှန်အခြေအနေအတိုင်း စိတ်အေးချမ်းသာစွာ နေနိုင်ခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်တွင်း၌ စက်သုံးဆီ၊ စားသုံးဆီတို့နှင့်စပ်လျဉ်း၍ အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ ဆီခွဲတမ်းများကို စိစစ်သော်လည်း ယခင်အတိုင်း ပင် ခွင့်ပြုပေးထားပြီး လျှော့ခြင်းမရှိကြောင်း၊ ပြည်တွင်း၌ စက်သုံးဆီအလုံအလောက်ရှိပြီး ပြည်တွင်းလက်ကျန်မည်မျှရှိ ကြောင်း၊ ထပ်မံ၍လည်း မည်မျှရောက်ရှိလာဦးမည် ဖြစ်ကြောင်း နှင့် မည်သည့်စက်သုံးဆီအမျိုးအစားမဆို ပြည်တွင်း၌ တစ်လစာ အရန်ရှိအောင် အမြဲတမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က မီဒီယာများသို့ ရှင်းလင်း ပြောကြားခဲ့သည်။ စက်သုံးဆီနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ က အထူးအလေးထားဆောင်ရွက်ပေးနေသည့်အတွက် ယခင် အတိုင်း ဒေါ်လာရောင်းချပေးနေကြောင်း ထည့်သွင်းပြောကြားခဲ့ သည့်အပြင် ယခုအချိန်တွင် အချိန်ကိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး ဘက်ပေါင်းစုံမှ သတင်းအမှားများ ထုတ်လွှင့်နေကြကြောင်းနှင့် သတင်းအမှားများကို ကြည့်ပြီး သတင်း အဆိပ်မသင့်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
မျက်မှောက်အချိန်ကာလသည် မိမိတို့နိုင်ငံတွင် လွန်စွာ အရေးကြီးသည့် အချိန်အခါဖြစ်ပြီး ရပ်ရွာဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးမှသည် ပြည်ထောင်စုကြီးတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် မပြိုကွဲ မပျက်စီးရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်သည်။ ယင်းသို့သော အခြေ အနေ၊ အချိန်အခါတွင် မီဒီယာပေါင်းစုံတို့က ထုတ်လွှင့်ဖော်ပြ နေကြသည့် သတင်းပေါင်းစုံတို့မှာ ပြည်သူလူထုအပေါ် စိုးရိမ် ထိတ်လန့်မှု၊ စိတ်ရှုပ်ထွေးမှု၊ ပူပန်ကြောင့်ကြမှုတို့ကိုသာ ဖြစ်ပေါ် စေပြီး တိကျမှန်ကန်သော သတင်းအချက်အလက်ပေးသည့် မီဒီယာဟူ၍ လွန်စွာနည်းပါးလှသည်။ သတင်းအမှန်ကို သိရှိလို ကြသော ပြည်သူတို့အဖို့ မိမိတို့၏ အတွေ့အကြုံ၊ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားတို့နှင့် သုံးသပ်ဆင်ခြင်၍သာ သတင်းအချက် အလက်အမှန်ကို ရွေးချယ်လက်ခံနိုင်ကြရန် လိုအပ်သည်။
စက်သုံးဆီကောလာဟလ ရိုက်ခတ်ခဲ့မှုနှင့် ဖြစ်ပေါ်ခဲ့ရသည့် အကျိုးဆက်များကိုကြည့်လျှင်ပင် သတင်းတု၊ သတင်းမှားများ၊ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သည့် မမှန်မကန်သတင်းများက လူ့အဖွဲ့အစည်းအပေါ် မည်မျှဆိုးကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိနိုင်သည်။ နေ့စဉ်အချိန်နာရီနှင့်အမျှ ဖြစ်ပေါ်ပြောင်းလဲ နေသည့် သတင်းများကို ယုံကြည်စိတ်ချရသည့် နေရာများမှ တစ်ဆင့် ရယူရန်၊ ကောလာဟလများနှင့် သတင်းအတုအယောင် များ၊ သတင်းအမှားများကို သတိပြုရှောင်ရှားခြင်းဖြင့် သတင်း အဆိပ်မသင့်စေရန် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။