၁၇ ရာစု ဥရောပ၏ တီထွင်မှုအဖြစ် သတင်းစာများစတင်ပေါ်ပေါက် လာပြီးနောက် ကမ္ဘာတစ်ခွင် ပထမဦးဆုံးသောမီဒီယာအဖြစ် ရာစုနှစ် များနှင့်ချီ၍ သတင်းစာများ တွင်ကျယ်ခဲ့သည်။ ၂၀ ရာစုအစောပိုင်း တွင် ရေဒီယိုအသံလွှင့်လုပ်ငန်းများ၊ ၂၀ ရာစုအလယ်ပိုင်းတွင် ရုပ်မြင် သံကြားထုတ်လွှင့်မှုလုပ်ငန်းများ စသည်ဖြင့် အီလက်ထရွန်နစ် မီဒီယာများ ပေါ်ပေါက်လာသည့်အခါတွင်လည်း ရှေးဦးမီဒီယာဖြစ် သည့် သတင်းစာလုပ်ငန်းအပေါ် ထိခိုက်မှုမဖြစ်။ သတင်းစာသည် ကိုယ့်အားသာချက်နှင့်ကိုယ် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်ခဲ့သည်။
၂၁ ရာစုသို့ စတင်ကူးပြောင်းရောက်ရှိချိန်တွင်မူ အင်တာနက် ကွန်ရက် တစ်ကမ္ဘာလုံးကို လွှမ်းခြုံဖြန့်ကြက်လာခြင်း၊ အိုင်တီနည်း ပညာအံ့မခန်း ဖွံ့ဖြိုးတိုးတက်လာပြီး လူတိုင်းလက်ထဲသို့ စမတ်ဖုန်း များရောက်ရှိလာခြင်း စသည်တို့က အစဉ်အလာအားဖြင့် မီဒီယာများ အဖြစ် ရပ်တည်နေသော သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားအားလုံး တို့ကို ထိခိုက်စေခဲ့သည်။ အထူးသဖြင့် ရှေးအကျဆုံးသော ပုံနှိပ်မီဒီယာ ဖြစ်သည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့ နေဝင်ချိန်သို့ ရောက်လာ သည်။ တစ်ချိန်က စောင်ရေသန်းနှင့်ချီ၍ ထုတ်ဝေကာ လျှမ်းလျှမ်း တောက်အောင်မြင်ခဲ့ကြသည့် လိုက်ဖ်၊ နယူးစ်ဝိခ်၊ တိုင်းမ်၊ ရီးဒါးစ် ဒိုင်ဂျက်စ်တို့ ပုံနှိပ်လောကကို စွန့်ခွာသွားခဲ့ကြသည်။ နေ့စဉ်စောင်ရေ သန်းနှင့်ချီ၍ ထုတ်ဝေဖြန့်ချိနိုင်ခဲ့သည့် ကမ္ဘာကျော်သတင်းစာကြီး များလည်း ပုံနှိပ်စောင်ရေများ လျှော့ချကာ အွန်လိုင်းသို့ပြောင်းကြ ရသည်။
အစဉ်အလာမီဒီယာကြီးများ အလဲလဲ အကွဲကွဲဖြစ်ခဲ့ရသည့် အဓိကလက်သည်မှာ အွန်လိုင်းမှ လူမှုကွန်ရက်များပင်ဖြစ်သည်။ လူမှုကွန်ရက်များကို အကြောင်းပြု၍ လူတို့၏သတင်းစားသုံးမှုမှာ ပုံစံပြောင်းသွားသည်။ လူတို့သိလိုသမျှ သတင်းအချက်အလက် များအားလုံး အချိန်မရွေး၊ နေရာမရွေး အွန်လိုင်းမှ ရရှိနိုင်ပြီဖြစ်ရာ အစဉ်အလာမီဒီယာကြီးများကို ကျောခိုင်းလာကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူ ငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ရာတွင် “နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေဖြန့်ချိလျက်ရှိသော်လည်း နိုင်ငံတစ်ဝန်းလုံးသို့ ပျံ့နှံ့ရောက်ရှိ မှုအားနည်းမှုနှင့် ဖတ်ရှုသူနည်းပါးမှုတို့ကို တွေ့ရှိရကြောင်း၊ သတင်းစာဟူသည်မှာ နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက် အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သဖြင့် နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ လက်ရှိအချိန်၌ သတင်းစာများကို အမြန်ဆုံး ဖတ်ရှုနိုင်ရေးအတွက် အွန်လိုင်းစာမျက်နှာများ၌လည်း နေ့စဉ်ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ သတင်းစာများ၌ပါရှိသည့် သတင်းအချက် အလက်များ၊ ဆောင်းပါးများသည်လည်း ပြည်သူလူထုတို့ကို အမှန် တကယ်အကျိုးပြုနိုင်ရန်လိုပြီး နားလည်သဘောပေါက် လွယ်ကူ စေမည့် အသုံးအနှုန်းများ၊ အရေးအသားများကို သုံးနှုန်းကြရန် လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
သတင်းတွင် “သိသင့်သည့်သတင်း” နှင့် “သိလိုသည့်သတင်း” ဟုရှိရာတွင် လူအများစုတို့က “သိလိုသည့်သတင်း” ကိုသာ ဖတ်လေ့ရှိကြသည်ဟု သတင်းစာပညာရှင်တို့က ဆိုသည်၊၊ သို့ဖြစ်ရာ သတင်းစာစောင်ရေတက်ရေး၊ ရောင်းကောင်းရေးကို ဦးစားပေး သည့် သတင်းစာတို့က လူအများစုစိတ်ဝင်စားတတ်သည့် သတင်း အကြောင်းအရာများကို စာဖတ်သူဆွဲဆောင်သည့် အရေးအသား၊ အဆင်အပြင်တို့ဖြင့် ကြိုးပမ်းတင်ဆက်ကြရသည်၊၊ သတင်းဖြစ်စဉ် တစ်ခုကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်နိုင်သည့် သတင်းခေတ်တွင် ၂၄ နာရီ နောက်ကျနေသည့် သတင်းစာတို့မှာ အွန်လိုင်းမှ လူမှု ကွန်ရက် တို့ကို ယှဉ်ပြိုင်နိုင်ရေးအတွက် မိမိတို့ အားသာချက်ဖြစ် သည့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်း ကြရပါမည့်အကြောင်း။ ။