သတင်းထုတ်ပြန်ချက်

 

ကမ္ဘောဒီးယားနိုင်ငံက  ၂၀၂၂ ခုနှစ်အတွက်  အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်ကိစ္စနှင့်  ပတ်သက်၍  မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။  မြန်မာနိုင်ငံသည်  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမှုနှင့်  ၂၀၂၂ ခုနှစ်တွင် ကြိုးပမ်းအကောင်အထည်ဖော်သွားမည့်  ဦးစားပေးအစီအစဉ်များကိုလည်း အပြည့်အဝထောက်ခံသွားမည်ဖြစ်ပါသည်။
ဝန်ကြီးချုပ် ဟွန်ဆင် မြန်မာနိုင်ငံသို့  ၂၀၂၂  ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ  ၈ ရက်နေ့အထိ အလုပ်သဘော ခရီးစဉ်  လာရောက်ခဲ့သည့်အတွက်  ကျေးဇူးတင်ပါသည်။ ယင်းခရီးစဉ်က အပြုသဘောဆောင်သော  ရလဒ်များဖြစ်သည့်  လူသားချင်းစာနာထောက်ထားမှု  အကူအညီများ ပေးအပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ်၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊  မြန်မာနိုင်ငံ  ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ  အထူးအေဂျင်စီတို့  ပါဝင်သော  အစည်းအဝေးကျင်းပခြင်း၊  အာဆီယံဥက္ကဋ္ဌ၏  အထူး ကိုယ်စားလှယ်မှ   လက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင်   မြန်မာနိုင်ငံ၏  အခြေအနေအပေါ်မူတည်၍ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံခြင်းတို့ကို ရရှိမည်ဖြစ်ပါသည်။  အထူးကိုယ်စားလှယ်အနေဖြင့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ရေးမှာ ဝန်ကြီးချုပ် ဟွန်ဆင်၏  ခရီးစဉ်ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးချုပ် ဟွန်ဆင်ကအာဆီယံအတွင်း  မတူညီသည့်သဘောထားများကို  ဆွေးနွေးမှုများ ဖြင့် ဆောင်ရွက်နေခြင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံစည်းလုံးညီညွတ်မှုကို  ထိန်းသိမ်းရေးနှင့် တူညီ ဆန္ဒ(၅) ချက်  အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်  ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကိုလည်း  မှတ်သားထားပါသည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဝန်ကြီးချုပ် ဟွန်ဆင်တို့  ၂၆-၁-၂၀၂၂ ရက်နေ့၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံစဉ်တွင်လည်း အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရေးအတွက်  အပြုသဘော ဆွေးနွေးခဲ့ကြပါသည်။
မြန်မာအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ၂၄-၄-၂၀၂၁ ရက်၌    ကျင်းပခဲ့သည့်    အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး  ပြီးခဲ့သည့်နောက်ပိုင်း ပြည်သူများ အသက်အိုးအိမ်လုံခြုံမှုနှင့် ပြည်တွင်းတရားဥပဒေစိုးမိုးရေးအတွက် အမြင့်မားဆုံး     ထိန်းထိန်း သိမ်းသိမ်း  ဆောင်ရွက်ရုံသာမက  အင်အားအနည်းဆုံးအသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်နေပြီး အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံသို့  လာရောက်ရေးတို့နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၁၅-၁၀-၂၀၂၁ ရက်နေ့တွင်  ကျင်းပခဲ့သည့်  အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးနောက်ပိုင်း၌လည်း မြန်မာနိုင်ငံသည်   အာဆီယံနှင့် အပြုသဘော  ဆက်လက်ထိတွေ့ ဆက်ဆံလျက်ရှိပါသည်။   ထိုသို့ရရှိပြီးဖြစ်သည့်  ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားရေးကိုရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံက   ၎င်းတို့  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး  ပရတ်ဆုတ်ခွန်းအား  အထူး ကိုယ်စားလှယ်အသစ်အဖြစ်ခန့်ရန် ရွေးချယ်အဆိုပြုလာခြင်းကို ကြိုဆိုခဲ့ပါသည်။ ၎င်းအား တာဝန် ပေးခန့်အပ်ရန်   ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို   အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံးပါဝင်ကာ ဆောလျင်စွာ အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါသည်။ အာဆီယံ အစည်းအဝေးများတွင်လည်း နိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါ   မူများနှင့်အညီ   တန်းတူရည်တူရှိရေးဟူသောမူအတိုင်း ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်    အာဆီယံပဋိညာဉ်စာတမ်းပါ    ပြဋ္ဌာန်းချက်များနှင့်အညီ  အာဆီယံနှင့် အပြုသဘောဆက်ဆံမှုပြုရေးကို ရည်ရွယ်၍ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားမှ ခန့်အပ်မည့် အထူး ကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။