
ကြည်ကြည်မြင့် (စာပေဗိမာန်)
အမျိုးသားစာပေတစ်သက်တာဆုဟူသည်မှာ မိမိ၏ ဘဝတစ်သက်တာလုံး သုတစာပေ သို့မဟုတ် ရသစာပေများကို တစိုက် မတ်မတ်ရေးသားလျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသူ ဆရာ၊ ဆရာမကြီး ၃၄ ဦး ရှိပြီဖြစ်ပါသည်။ တစ်သက်တာစာပေဆုရရှိခဲ့သော ဆရာ၊ ဆရာမကြီး များထဲတွင် သုတစာပေရေးသားသူ၊ ရသစာပေရေးသားသူ၊ ရှေးဟောင်းစာပေပြုစုရေးသားသူ၊ သုတေသနပြုလုပ်သူ၊ ဝိဇ္ဇာသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်သူ စသည်ဖြင့် ပညာရှင်မျိုးစုံတို့ ပါဝင်ပါသည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုကို ကဗျာ၊ ဝတ္ထု၊ ပုံပြင်နှင့် သမိုင်းသုတေသနဆိုင်ရာစာပေများကို ရေးသားသည့် ဆရာကြီးသိန်းသန်းထွန်းက ရရှိခဲ့ ပါသည်။
ဆရာကြီး၏ ငယ်ဘဝနှင့် ပညာရေးခရီး
ဆရာကြီးကို ၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် (သောကြာနေ့) တွင် ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီး ချောင်းဝရွာ၌ အဖ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးငွေထွန်းနှင့် အမိ ဒေါ်စောတို့မှ မွေးဖွား ခဲ့ပါသည်။ ဒုတိယမြောက် သားဖြစ်ပါ သည်။ ငယ်နာမည်မှာ မောင်သံဒိုင်နှင့် မောင်သံချောင်းဖြစ်ပြီး အမည်ရင်းမှာ သန်းထွန်းဖြစ်ပါသည်။
ချောင်းဝရွာ မူလတန်းကျောင်း (၁၉၄၂)၊ ပန်းတောင်း အ.ထ.က (၁၉၄၇)၊ တိုက်ကြီး အ.ထ.က (၁၉၄၈-၄၉)၊ ရန်ကုန် စပယ်ရှယ်ကောလိပ် အလွတ် ပညာသင်ကျောင်း (၁၉၅၀-၅၁) တို့တွင် ပညာသင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန်၊ ဒေါ်မမကြီး အလွတ်ပညာ သင်ကျောင်းမှ ၁၀တန်းအောင်မြင်ခဲ့ပါ သည်။ ၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်ရှိပြီး ၁၉၆၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် မဟာဝိဇ္ဇာအရည် အချင်းစစ်စာမေးပွဲ အောင်မြင်ခဲ့သည်။
ဆရာကြီး၏ စာပေခရီး
ဆရာကြီးသည် တိုက်ကြီးမြို့ အစိုးရ အထက်တန်းကျောင်း၌ ပညာသင်စဉ် ကာလကပင် လက်ရေးစာစောင်တွင် ဂနိုင်မောင် အမည်ဖြင့် ရေးခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် သံတော်ဆင့်သတင်းစာ မဂ္ဂဇင်းကဏ္ဍ၌ မောင်ယဉ်ညို (စပယ် ရှယ်ကောလိပ်) ကလောင်အမည်ဖြင့် သံသရာခရီးသည် စာညွန့်ကို စတင် ပုံနှိပ်ဖော်ပြခြင်း ခံရသည်။ သိန်းသန်း ထွန်း အမည်ကိုမူ ၁၉၅၁ ခုနှစ်တွင် ထွက်ရှိသည့် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းကဏ္ဍတွင်ပါသည့် ဂြိုဟ်သားဆု ဝတ္ထုတွင် စတင်အသုံးပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် နေ့ကျောင်းသား အဖြစ် ပညာသင်နေစဉ် ဟံသာဝတီ သတင်းစာတိုက်၌ လက်ထောက် အယ်ဒီ တာအဖြစ် ညတာဝန်ထမ်းဆောင်ခဲ့ သည်။ ပေဖူးလွှာမဂ္ဂဇင်းတွင်လည်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၆၀ - ၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၌ တာဝန်ခံစာတည်း အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်မှစ၍ မေတ္တာဘွဲ့လုံးချင်း များ ရေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကလောင်အသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူ ခဲ့သည်။ ကျောင်းသားသမဂ္ဂလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် သမိုင်း ဌာနနည်းပြအဖြစ် တာဝန်ထမ်းဆောင်၍ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၏ သမိုင်းသုတေသနလုပ်ငန်းများကို ကူညီ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရှမ်း ပြည်နယ် အင်းလေးဒေသသို့ ပြောင်းရွှေ့ ၍ စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။ ၁၉၈၆ ခုနှစ်တွင် ရဿဝတီ ရပ်စောက်မြို့နယ်မဂ္ဂဇင်းကို တာဝန်ခံ စာတည်းအဖြစ် တာဝန်ယူခဲ့သည်။ ယနေ့တိုင် စံတော်ချိန်သတင်းစာတွင် ကဗျာများ ရေးသားဆဲဖြစ်ပါသည်။
ဆရာကြီးသည် မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မန္တလေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် သမိုင်းဌာနနှင့် တောင်ကြီးမြို့ စာရေးဆရာအသင်းတို့၏ ကန်တော့ခံပုဂ္ဂိုလ်ဖြစ်ပါသည်။
ဆရာကြီး၏ နိုင်ငံ့တာဝန်
ထမ်းဆောင်မှုများ
ဆရာကြီးသည် မြေနီကုန်း တန်းမြင့် သိပ္ပံ (၁၉၅၄-၅၅)နှင့် ဆေးလာရက်ဟတ် (၁၉၅၅-၅၆) တို့တွင် ကျောင်းဆရာအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် အ.ထ.က(၁၉၆၇)နှင့် အင်းလေး ဟဲယာရွာမ အ.ထ.က (၁၉၆၈) တို့တွင် အထက်တန်းပြဆရာအဖြစ် လည်း ကောင်း၊ မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန (၁၉၆၉-၇၃)နှင့် လုပ်သားကောလိပ် (၁၉၇၄-၇၅) တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုမှ တစ်ဖန် ဆရာကြီး ဒေါက်တာသန်းထွန်း ရှိရာ မန္တလေးတက္ကသိုလ် သမိုင်းဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာကြီးနှင့်အတူ နိုင်ငံအနှံ့လှည့်လည် ကာ သုတေသနလုပ်ငန်းများ လုပ်ဆောင် ခဲ့ပါသည်။ ထို့နောက် အင်းလေးဒေသသို့ ပြန်လာ၍ စာပေများရေးသားခြင်း၊ သမိုင်းသုတေသန ပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ညောင်ရွှေမြို့နယ် ရှေးဟောင်းစာပေ လေ့လာရေးဥက္ကဋ္ဌ (၁၉၈၂-၈၃)၊ ၁၉၈၈ ခုနှစ် စာပေညီလာခံ တွင် ရှမ်းပြည်နယ်ကိုယ်စားပြု သဘာ ပတိအဖွဲ့ဝင်၊ ပင်လုံမြို့ ရွှေတိဂုံပုံတူစေတီ တော်မြတ်ကြီး သမိုင်းမှတ်တမ်းပြုစုရေး ဥက္ကဋ္ဌ (၂၀၁၆) တို့ကိုလည်း ဆောင်ရွက်ခဲ့ ပါသည်။
ဆရာကြီး၏ ထင်ရှားသော
စာပေလက်ရာများ
ဆရာကြီးသည် အထက်တန်းပြ ဆရာ၊ သမိုင်းနည်းပြဆရာ၊ သတင်းစာ အယ်ဒီတာနှင့် မဂ္ဂဇင်းအယ်ဒီတာများ အဖြစ် တာဝန်ထမ်းဆောင်လျက်နှင့်ပင် ဝတ္ထု၊ ကဗျာ၊ ပုံပြင်၊ သုတေသနစာတမ်း နှင့် ဘုရားသမိုင်းများကို ရေးသား ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ထင်ရှား သောဝတ္ထုများမှာ မိုးတစ္ဆေ (၁၉၅၇)၊ မပန်ပါနဲ့ ကြွေချင်တယ် (၁၉၆၀)၊ အချစ် ရူးလေးရဲ့ အချစ်ဦး (၁၉၆၃)၊ ငွေစပယ်ရဲ့ လမင်းငယ်ဘဝ (၁၉၆၄)၊ ဘယ်ပန်းချီ ရေးလို့မှ မမီ (၁၉၆၅)၊ လမင်းငယ်ငယ် အပြုံးရှင် (၁၉၇၅)၊ ဒေါက်တာအနန္တခြင်္သေ့ (၂၀၀၉)၊ ပန်းပွင့်ပေါ်သာ နားချင်တယ် (၂၀၁၄)၊ တို့ပြည်ထောင်စု ကလေးကဗျာ များ (၁၉၆၆)၊ ပန်းပွင့်ငှက်၏ တေးသံများ (၁၉၈၇)၊ အသက်နှင့်ရေးသော ကဗျာ တစ်ပုဒ်၊ အိပ်မက်လေးတွေ ရယ်လိမ့်မယ်၊ မလွမ်းစရာ လွမ်းစရာ၊ လူကိန္နရီ၊ ဒေါင်း လင်းတ၊ တစ်ပွင့်နွမ်း တစ်ပွင့်ကြွေ၊ မြင်းမိုရ်တောင်ထိပ်က ပန်းပွင့်လေးတွေ တို့ ဖြစ်ကြပါသည်။ သုတေသနစာတမ်း များအတွက်မူ ပုဂံခေတ်ကလေးများ အကြောင်း၊ ပုဂံခေတ် အဆို အတီး အက၊ ပုဂံခေတ် လအမည်နှင့် မှတ်စရာများ၊ ရှမ်းပြည်နယ်၏ ရှေးနှစ်ပေါင်း ၁၀၀ ကျော်က လူမျိုးစုများအကြောင်းကို ပြုစုရေးသားခဲ့သည်။ ထို့ပြင် အင်းသား လူမျိုးတို့၏ တိုက်တေးအနုပညာစာအုပ် ကိုလည်း ပြုစုခဲ့သည်။ ရှမ်းပြည်နယ်၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ စာတမ်း ပေါင်း ၆၁ စောင်ကို ရေးသားခဲ့သည်။ ပင်းတယရွှေဥမင်နှင့် ဂူသမိုင်း (၁၉၈၂) ကို ဒေါက်တာသန်းထွန်းနှင့် ပူးတွဲကာ ပြုစုရေးသားခဲ့သည်။ ထို့ပြင် ရှေးမြန်မာ မင်းတို့၏ အိပ်မက်များ (၁၉၉၂) နှင့် သိန်းသန်းထွန်း ပုံပြင်များ (၁၉၉၄) စာအုပ်တို့ကိုလည်း ရေးသားခဲ့ပါသည်။ အင်းသား၊ ဓနု၊ တောင်ရိုးနှင့် ရှမ်းတို့၏ လူမျိုးသမိုင်းနှင့် စာပေကဗျာစာတမ်း များနှင့် ပြဒါးလင်းဂူ၏ ပန်းချီနှင့် ကျောက်လက်နက်များ လေ့လာမှုမှတ် တမ်းကိုလည်း ပြုစုရေးသားခဲ့ပါသည်။ ဆရာကြီးသည် စာပေဗိမာန်၌ ဖတ်ကြား ခဲ့သော စာတမ်းဖတ်ပွဲများတွင်လည်း ပါဝင်ဖတ်ကြားခဲ့ပါသည်။ ဆရာကြီး၏ မိုးတစ္ဆေဝတ္ထုနှင့် ဘယ်ပန်းချီရေးလို့ မမီ ဝတ္ထုတို့ကို ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများ အဖြစ် ရိုက်ကူးခဲ့ပါသည်။
ဆရာကြီး၏ စာပေဖန်တီးပုံဖော်ပုံနှင့် အယူအဆ
၁၉၅၈ ခုနှစ် နိုဝင်ဘာလထုတ် ချယ်ရီမဂ္ဂဇင်းပါ ဆရာကြီးရေးသားခဲ့ သော ဝတ္ထုခုနစ်ပုဒ်၏ ပုံဖော်ဖန်တီးခဲ့ပုံနှင့် ပတ်သက်၍ ဝတ္ထုရေးနည်း၊ ဝတ္ထုအမှာကို မိုးတစ္ဆေနှင့် မဂ္ဂဇင်းဝတ္ထုပေါင်းချုပ် စာအုပ်တွင် ပြန်လည်ဖော်ပြခဲ့ရာ ဆရာ ကြီးက “ဝတ္ထုတိုကလေးများကို ရေးရန် ကျွန်တော် ယခု ဝါသနာမပါပါ။
ဝတ္ထုကြီးများကိုသာ ယခု ဝါသနာပါပါ သည်။ ဝတ္ထုတိုကလေးဟု ဆိုရသည်ကို ရှင်းပါရစေ။ မဂ္ဂဇင်းများတွင် ပါနေကျ ဝတ္ထုတိုများသည် ဝတ္ထုတိုကလေးများ ဖြစ်ပါသည်။ မဂ္ဂဇင်းများတွင် ထည့်နေ သော လချင်းပြီး ဝတ္ထုရှည်အမည်ခံများမှာ ဝတ္ထုတိုကြီးများ ဖြစ်ပါသည်။ ဝတ္ထုလတ် ဟူသော အမည်နှင့်လည်း မတန်ပေ။ ဝတ္ထုတိုအုပ်စုတွင်သာ ရှိပေသည်။
ဤအယူအဆသည် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆသာ ဖြစ်သည်။ အခြားသူများ ကြိုက်သလို ခေါ်ပုံကို လည်း ကျွန်တော် မဝေဖန်လိုပေ။ ကိုယ့်အယူအဆနှင့်ကိုယ်ဟုသာ သဘော ထားပါသည်။ စာရေးတတ်ရန် ကြိုးစား သူတိုင်း မည်သည့်ဝတ္ထုကိုမဆို ရေးရန် ခက်မည်မထင်ပါ။ ဝတ္ထုကောင်း ဖြစ်ရန် သာ ခက်ပါမည်။ ကျွန်တော့်အဖို့ကား မလွယ်ချေ။ ဝတ္ထုတစ်ပုဒ် ရေးနိုင်ရန် အလွန်ကြိုးစားရပါသည်။
မိတ်ဆွေရင်း မိတ်ဆွေချစ်များက စာရေးပျင်းသူဟု ကျွန်တော့်ကို ပြောကြ ရေးကြပါသည်။ ကျွန်တော် စာရေး မပျင်း ပါ။ စာမြန်မြန်ရေး မြန်မြန်ပုံနှိပ်ရမည် ကိုသာ ဝန်လေးခြင်း ဖြစ်သည်။ ကျွန်တော်သည် အနှစ်၂၀ ကျော်ပတ်လုံး စာမဖတ်သောနေ့၊ စာမဖတ်သောညဟူ၍ မရှိသလောက်ပင် ဖြစ်ပါသည်။ နေ မကောင်းလျှင်၊ ခရီးပင်ပန်းနေလျှင်သာ မဖတ်ဖြစ်ခြင်း ရှိပါသည်။ ဖတ်သော စာများမှာ သမိုင်းစာ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာများက ပိုများပါသည်။
ထိုစာမျိုးကို ဖတ်ရင်းကပင် ကဗျာ နှင့် ဝတ္ထုများ ရေးလိုစိတ် မကုန်ခန်းဘဲ ရှိပေမည်။ ချရေးထားသော်လည်း ပုံမနှိပ်ဖြစ်သည်က များပါသည်။ စိတ်ကြိုက် မကြိုးစားရသေးသော ကြောင့် သိမ်းထားလေ့ရှိသည်။ စာအဆင့် မမီသေးဟု ကျွန်တော် ယူဆထားသော ကြောင့် ပုံနှိပ်ရန် မရဲခြင်းဟုဆိုက ပို၍ မှန်ပါမည်။
ငယ်စဉ်ကစ၍ ယခုအထိ ကဗျာကို သာ ပြင်းထန်စွာ ဝါသနာပါပါသည်။ သို့သော်လည်း ဝတ္ထုများကို ပိုရေးမိပြီး ရေးလိုသော ကဗျာများသည် ဝတ္ထု သစ်ပင်ထဲတွင် အရွက်အခက်များအဖြစ် ပါသွားလေ့ရှိတတ်ပါသည်။ ကျွန်တော် ၏ ဝတ္ထုသစ်ပင် အနည်းငယ်သာ ရှိပါသည်။ ကျွန်တော့်ဝတ္ထုသစ်ပင်များ တွင် ကဗျာရွက်၊ ကဗျာခက်များကို ရှာလျှင် တွေ့နိုင်ပါသည်။ အချို့ကိုလည်း သီချင်းယူ၍ စပ်ကြပါသည်။ ကျွန်တော် သည် ဝတ္ထုရေးဆရာ မဖြစ်သေးပါ။ ဝတ္ထုကျောင်းသားမျှသာ ဖြစ်ပါသည်။ ဟန်မလုပ်ပါ။ ဟန်လုပ်နိုင်ရန် အဆင့် မရှိသေး၍ ဖြစ်ပါသည်။ ကြိုးစားဆဲ ဖြစ်ပါသည်။ ဝတ္ထုရေးဆရာ မဟုတ်သော် လည်း ဝတ္ထုရေးသူတော့ မှန်ပါသည်။ ဝတ္ထုနည်းနည်းလေးသာ ရေးနိုင်သေးသူ ဟုဆိုက ပိုမှန်ပါသည်။ ဖန်တီးမှု အတွေ့ အကြုံ နည်းသေးသူဟု ထင်ပါသည်။
မိုးတစ္ဆေကို မရေးမီက ကျွန်တော့် ရင်ထဲတွင် ဒေါသမီးတောင်ကြီးများ သန်း ၁၀၀ ခန့် ပေါက်ကွဲနေပါသည်။ ကျွန်တော့်ကို နစ်နာအောင် လိမ်လည် ချောက်တွန်းထားသူတစ်ဦးကို ဒေါသ ချော်ရည်၊ မီးတောင် သန်း ၁၀၀ အားဖြင့် လောင်းချချင်နေပါသည်။ လက်စားချေ ချင်နေသည်။ အသက်ကလည်း ငယ်သေး သည်။ ဘယ်သူဆုံးမ၍မျှမရ။ နောက်ဆုံး တွင် မိမိကိုယ်မိမိ ဆုံးမပါမှ ဒေါသ ချော်ရည်များ စမ်းရေဖြစ်သွားသည်။ လက်စားချေသော အလုပ်၏ စက်ဆုပ် ဖွယ်ကို မိုးတစ္ဆေ ခြောက်ပြလိုက်မိပါ သည်။
မပန်ပါနဲ့ ကြွေချင်တယ် ရေးချိန်တွင် အချစ်ရေး၌ ရေမျောကမ်းတင်အဆင့်ပင် မရှိပေ။ ကမ်းမတင်ဘဲ ရေအမြဲ မျောနေ သည်။ အလွမ်းကို ထမင်း၊ အလေကို အဖေလုပ်လျက် အခန်းတစ်ခုထဲ အမြဲ အောင်းကာ စကြဝဠာတိုက် တစ်သောင်း သို့ စိတ်ကျောင်းထွက်နေသောအချိန် ဖြစ်ပါသည်။ နွေဆန်းလျှင် လေကလေး တွေနဲ့ တွေ့သေးရင် ကိုယ်မမေ့တာမို့ ကြေမြည့်မြည့် ဆွေးမိတယ် ဟူသော ကဗျာလေရူးများ လက်ထဲဝှေ့နေချိန် ဖြစ်သည်။ ရေးဖို့ရည်ရွယ်ရင်းက ပညာ တတ်လူငယ်လောကတွင် နိုင်ငံခြား ဓလေ့ မက်မောမှုကို ရှုတ်ချရန် ဖြစ်သည်။ ရေးလိုက်သောအခါ ရည်ရွယ်ရင်း လုံးဝ မပါဘဲ အလွမ်းမြင်းဒုန်းစိုင်းရာသို့ လိုက်ပါသွားပါတော့သည်။ ဝတ္ထုရေး အတွေ့အကြုံမရှိ၍ ဖြစ်ပါသည်။ လက်ပစ်ဗုံးလုပ်လိုက်ရာ ပန်းပွင့်ဖြစ်သွားပါသည်။ မပန်ပါနဲ့ ကြွေချင်တယ်ကို အားမရ၍ အချစ်ရူးလေးရဲ့ အချစ်ဦးကို ထပ်ရေးပါသည်။ ရေးရသည်ကို ကျွန်တော် ကျေနပ်သည်။
ဘယ်ပန်းချီရေးလို့မှ မမီ တွင် ကျွန်တော့်အဖေ ဗိုလ်ငွေထွန်းကို ကျွန်တော် မည်မျှချစ်ကြောင်း ရေးပြခြင်း ဖြစ်သည်။ အဖေက သူ့ကို ကျွန်တော် မချစ်ဘူးထင်နေသည်။ ရှမ်းပြည်နယ်မှ ရသော အဖြစ်တစ်ခုကို ဇာတ်ဆင်လျက် အဖေ့အတွက် ချစ်ကန်တော့ဝတ္ထုဖြစ်ပါသည်။ သို့သော် အရက်ကြောင့် အမှား တွေ့သော သူငယ်ချင်းတစ်ဦး၏ အိမ်တွင် တည်းခိုနေစဉ်ဖြစ်၍ သူငယ်ချင်းအတွက်ပါ ထည့်ရေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ရည်ရွယ်ရင်းသို့ ရောက်ပါသည်။
လမင်းငယ်ငယ် အပြုံးရှင် ဝတ္ထုသည် ကျွန်တော့်ဝတ္ထုကြီးတစ်ပုဒ်၏ အပိုင်း(၁) ဖြစ်သည်။ အပိုင်း(၂)နှင့် အပိုင်း(၃)မှာ ပလတ်စတစ်အိတ်ထဲတွင် ချွေးအောင်း လျက် ရှိနေသေးသည်။ အများအတွက် အကျိုးဆောင်ချင်သော စိတ်ကူးယဉ်သူ ကလေးတစ်ဦး၊ မိခင်၏ အလွန့်အလွန် ချစ်ခြင်းတည်းဟူသော မေတ္တာရဲတိုက် ကြီးထဲမှထွက်လျက် စိတ်ကူးယဉ်ကို လုပ်ငန်းအသွင် ကူးပြောင်းခြင်း အကြောင်း ရေးပါသည်။ သို့သော် စာရေးသူ၏ ချစ်နှင်းများက ဝတ္ထုပေါ်တွင် ဝေလျက်ရှိသည်။ သို့သော် ချစ်နှင်းဝေဝေ ကြားတွင် ဇာတ်ကောင်၏ ပါးမို့မို့ အပြုံးလေးသာ ပေါ်သည်။ သို့သော် မျက်ရည်မျှင်ဖြင့် စောင်းကြိုးတပ်လျက် တီးခတ်သံသာ လွှမ်းနေသည်။ ရည်ရွယ် ရင်းသို့ မရောက်ပေ။
အသက်နှင့် ရေးသော ကဗျာတစ်ပုဒ် တွင် လူတိုင်းကို ဒုက္ခပေးသော သူကို ဒုက္ခခံရသူများက ဘယ်တော့မှ မကျေ ကြောင်းကို ရေးပါသည်။ ဤဝတ္ထုကို ကျွန်တော့်ဘာသာ ကျွန်တော်ကြိုက် သည်။ ဝတ္ထုဇာတ်သိမ်းတွင် စာရေးသူက စာဖတ်သူကို အားမလိုအားမရစိတ်ဖြင့် ထားခဲ့ချင်သည်။ ဤသို့ ထားရသည်ကို ရေးသူက အရသာခံသည်။ ဖတ်သူက ပြောချင်သလိုပြော။ မကြားချင်ဟန် ဆောင်နေချင်သည်။ အရသာတစ်မျိုးပင် ဖြစ်သည်။ သို့သော် မိတ်ဆွေများက ဇာတ်လမ်းဆက်ရေးရန် တိုက်တွန်းလွန်း ၍ အိပ်မက်ကလေးတွေ ရယ်လိမ့်မယ် ဟု ဆက်ရေးမိသည်။ ဆက်မိမှားပါ သည်။ အိပ်မက်ကလေးတွေ ရယ်လိမ့် မယ် ဝတ္ထုကို ကျွန်တော့်ဦးနှောက် သားသမီးအဖြစ်မှ အမွေပြတ် ကြေညာ ပစ်ချင်ပါသည်။ ဝတ္ထုရေးသူ၏ ဖန်တီးမှု စိတ်မခိုင်ခြင်း ဖြစ်သည်။
မြင်းမိုရ်တောင်ထိပ်က ပန်းပွင့် ကလေးတွေ ဝတ္ထုမှာ ဝတ္ထုအဖြစ် စာဖတ်သူများထံ အကုန်မရောက်သေး ပါ။ ရှုမဝတွင် တစ်နှစ်ခွဲခန့် အခန်းဆက် ပါပြီးသော်လည်း သုံးပုံတစ်ပုံသာသာ ခန့်သာ ရှိပါသေးသည်။ ကျွန်တော်သည် ဤဝတ္ထုကျမှ မိမိ၏ သက်ရင့်အရွယ်အထိ တွေးသမျှ၊ ဖတ်သမျှ၊ လေ့လာသမျှ၊ ကြုံသမျှ၊ ကြားသမျှ ဗဟုသုတအားလုံးကို ဝတ္ထုတစ်ပုဒ်တွင်သာဖို့လျက် ဝတ္ထု တောင် တစ်ခုတည်ရန် ကြိုးပမ်းချင်စိတ် ပေါက်ပါသည်။ ဝတ္ထုတိုပေါင်းများစွာ၊ ရည်ရွယ်ချက်ပေါင်းများစွာ ခြံရံလျက် အတ္တဘီလူးသည် မိမိ၏ ပတ်ဝန်းကျင်ကို ပင်မက မိမိကိုယ်ကိုပင် ပါးစပ်သာ ကျန်တော့အောင် ဝါးစားတတ်ကြောင်း ပြမည်ဟု ရေးခြင်းဖြစ်ပါသည်။အောင်မြင် မည်၊ မအောင်မြင်မည် မသိပါ။ ကြိုးစား ချင်၍ ရေးသောဝတ္ထု ဖြစ်ပါသည်။ စာရေးသူသည် တစ်ခါတစ်ရံ စာလောဘ ကြီးလာခြင်း ဖြစ်ပါသည်။
ကျွန်တော်ရေးသမျှ အနည်းငယ်သာ ရှိသော ဝတ္ထုများနှင့် ပတ်သက်၍ တစ်ခုစီ အကျဉ်းဆုံး ပြပြီးပါပြီ။ ကျွန်တော့်ကို အခြေခံသော ဝတ္ထုရေးသူ အကြောင်း၊ ဝတ္ထုအကြောင်းကို ဆန်းစစ် လျှင် ဝတ္ထုရေးသူသည်- (၁) မိမိဒေါသကို နှိမ်နင်းလျက် ဝတ္ထုဖန်ဆင်းသည်လည်း ရှိပါသည်။ (၂) ချစ်စိတ်ကဲလွန်းသော အသက်အရွယ်တွင် ရည်ရွယ်ချက်ကို ချစ်ကွက်များက ဖုံးသွားတတ်သည် လည်း ရှိသည်။ (၃) ဦးတည်ချက်ကို တကယ်ထိမိအောင် ရေးနိုင်သည်လည်း ရှိသည်။ (၄) စာဖတ်သူ ကြိုက်မကြိုက်ကို ဂရုမစိုက်ဘဲ စာရေးသူအကြိုက် ရေးသည်လည်း ရှိသည်။ စာဖတ်သူ အကြိုက်ကို မလိုက်ချင်လျှင် ဘာမျှမငဲ့ဘဲ ခိုင်ခိုင်ဆုံးဖြတ်ရေးလျှင် ကောင်းမည်။ (၅) အရွယ်ရင့်လာလျှင် စာရေးသူသည် စာလောဘကြီးလာသည်လည်း ရှိသည်။ ပြောင်ပြောင်မြောက်မြောက် ပို၍ဖန်တီး ချင်မည်။ အခြားသူများလည်း သူတို့နှင့် ဆိုင်ရာ သီးခြားအခြေအနေများ ရှိပါ လိမ့်မည်။
စာဖတ်သူအား မှန်ကန်သော ဆွဲဆောင်မှုပေးလျက် မိမိရေးလိုသော ဦးတည်ချက်ကို ထင်ရှားပေါ်လွင်အောင်၊ သိမြင်ခံစားနိုင်အောင် ကြိုးပမ်းလို စိတ်သာ ရှိပါသည်။ မရေးမီ မိမိ၏ စာကြည့်တိုက်တွင် တစ်ယောက်တည်း ထိုင်လျက် စာရေးသူအဖြစ်မှ ဇာတ်ကောင်အဖြစ်သို့ ရောက်ရှိခံစားပြီး မှသာ ရေးလေ့ရှိပါသည်။ စိတ်မပါလျှင် ဖျစ်ညှစ်မရေးပါ။ ပြင်းထန်သော ကြိုးစား မှုအတွေ့အကြုံကသာ သင်သွားလိမ့် မည်ဟု ယုံကြည်ပါသည်။
(က) ကျွန်တော်၏ ပင်ကိုယုံကြည် ချက်တွင် ဝတ္ထုရေးသူသည် ဝတ္ထုဖန်တီး သော အလုပ်နှင့်သာ သက်ဆိုင်သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝတ္ထုကြီး စသော အခေါ်များမှာ ရှိသော်လည်း ဝတ္ထုရေး သူက ရေးကြီးခွင်ကျယ်ဝင်၍ ဆုံးဖြတ်နေ ရန် မလိုချေ။ ဖတ်သူ၊ လေ့လာသူ၊ ထုတ်ဝေသူများ ပြောချင် ပြောကြပါစေ။ ဝတ္ထုရေးသူသည် သူ၏ ဖန်တီးနိုင်မှု အတိုင်းအတာအစွမ်းအရ ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်အောင် ဖန်တီးဖို့သာ အရေး ကြီးပါသည်။ တိုချင်လည်း တိုသွားမည်။ ရှည်ချင်လည်း ရှည်သွားမည်။
(ခ) ဝတ္ထုသည် ပုံပြင်၏ ရင်သွေး များသာ ဖြစ်ပါသည်။ လူ့စရိုက်နှင့် တူအောင် လုပ်ထားသော ပုံပြင်တစ်မျိုး သာ ဖြစ်သည်။ ကျော်ကြားသော ဝတ္ထု တချို့မှာ ပုံပြင်ကပြား ဖြစ်လာကြပါပြီ။ ဝတ္ထုတိုရေးရသည်မှာ ဝတ္ထုရှည်ထက် ခက်ပါသည်။ “ဝတ္ထုတို ရေးခြင်းသည် ကလပ်ကလေးပေါ် တက်ကပြရသည်နှင့် တူသည်။ ဝတ္ထုကြီးရေးခြင်းသည် ဇာတ်ခုံပေါ်တက် ကပြရသည်နှင့် တူသည်” ဟူ၍ သုံးသပ်ရေးသားထား ပါသည်။ ဆရာကြီး၏ ဝတ္ထုများအပေါ် ပုံဖော်ဖန်တီးရေးသားပုံတို့ကို ဖတ်ရ သည်နှင့်ပင် ရသမြောက်စွာ ခံစားရပါ သည်။
အမျိုးသားစာပေတစ်သက်တာစာပေဆု ရရှိခဲ့ခြင်းအပေါ် ဆရာကြီး၏
မုဒိတာစကားများ
ဆရာကြီးက “စာရေးတယ်ဆိုတာ အနုပညာဖန်တီးမှုလို့ပဲ ခံယူထားတာဆို တော့ ပီတိကိုစား အားဖြစ်စေခဲ့တဲ့ ဆရာကြီးတို့လို စာရေးဆရာတွေရဲ့ ဘဝမှာ အခုလိုရွေးချယ်ချီးမြှင့်တဲ့ အမျိုး သားစာပေ တစ်သက်တာဆု ရခဲ့တာကို အတိုင်းမသိ ဝမ်းသာပါတယ်။ ပျော် လည်း ပျော်ပါတယ်။ စာရေးဆရာဆိုတာ ဝါသနာကိုပဲ အရင်းခံပြီး ဘာကိုမှ မျှော်ကိုးပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ဘယ်လိုဝမ်းသာမှုမျိုးနဲ့မှ လဲလို့မရနိုင်တဲ့ ဘဝမှတ်တိုင်သစ်ပါ။ ဆရာကြီးက ကဗျာတွေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ၊ လုံးချင်းဝတ္ထုတွေ၊ ဆောင်းပါးတွေနဲ့ သမိုင်းသုတေသန စာတမ်းတွေကို ရေးသားခဲ့ပါတယ်။ ယနေ့ခေတ် လူငယ်တွေကို ပြောချင်တာ ကတော့ စာကောင်းပေမွန်တွေကို ရွေးချယ်ဖတ်မှတ်စေချင်ပါတယ်။ တိုင်း ပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ စာပေလေ့လာ မှုက အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့က လူတိုင်း စာဖတ်ဖို့ လိုပါတယ်” ဟု မုဒိတာစကား ပြောကြားခဲ့ပါသည်။
တို့ပြည်ထောင်စုကဗျာစာအုပ်တွင် လည်း ဆရာကြီး၏ လူငယ်များအပေါ် စေတနာထားကာ သွန်သင်ဆုံးမထား သည်ကို တွေ့နိုင်ပါသည်။ ၎င်းကဗျာကို လည်း မှတ်သားဖွယ် ဖော်ပြလိုက်ပါ သည်။
ကိုယ်၊ နှုတ်ယဉ်ကျေးမယ်
ချိုချိုလေး သုံးပါလို့
ပြုံးပြုံးလေး နေကြမယ်။
ကြမ်းတမ်းစွာ ဆိုစကားကို
တို့များ ရှောင်ဖယ်။
ကိုယ်၊ နှုတ်နဲ့ မူယာဝယ်
လွန်စွာကွယ် ယဉ်ကျေး။
သည်းခံကာ ဒေါသဝေးအောင်
နေကြမယ်လေး။ ။
ဆရာကြီးသည် ယခုအခါ အသက် ၉၀ ရှိပြီး ဇနီး အင်းလေးသန္တာခင် ခေါ် စာပေဗိမာန်စာမူဆုရ ဆရာမကြီး ဒေါ်ခင်ညွန့်(အင်းလေး)နှင့်အတူ သား သမီး၊ မြေးများဖြင့် အမှတ်(၇/၁၅၀)၊ သန္တာလမ်း၊ ရွှေသူဌေးကုန်း၊ တောင်ကြီး မြို့၌ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက် ရှိပြီး စာပေလုပ်ငန်းများကို ဆောင်ရွက် နေဆဲပင် ဖြစ်ပါသည်။ ကျွန်မသည် ဆရာ ကြီးနှင့် လူချင်းတွေ့ကာ စကားမပြော ဖူးခဲ့သော်လည်း ဖုန်းဖြင့် ဆက်သွယ် ပြောဆိုခဲ့ရပါသည်။ ဆရာကြီးသည် အသက် ၉၀ ရှိပြီဖြစ်သော်လည်း အသံ ကြည်လင်စွာဖြင့် ပြောဆိုဆွေးနွေးနိုင်ဆဲ ဖြစ်ပါသည်။ ကျွန်မအနေဖြင့်လည်း ဆရာကြီးအား အသက်ရာကျော်တိုင် အောင် ကျန်းမာအသက်ရှည်စွာ နေထိုင်၍ ရာပြည့်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂါရဝပြု ရေးသားလိုက်ပါသည်။ ။
ကိုးကား
(၁) ၂၀၁၆ ခုနှစ် အမျိုးသားစာပေ စိစစ်ရွေးချယ်ရေး ကော်မတီနှင့် အဖွဲ့ငယ်များ အစီရင်ခံစာ
(၂) ဆရာကြီး၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဂါရဝ စာစောင်
(၃) ဆရာကြီးရေးသားခဲ့သော စာအုပ် များ
- Log in to post comments