
ဒေါက်တာသိန်းဦး
သုတေသနဆိုပြီး ပြောနေကြဆိုနေကြတာကို နားရည်ဝနေကြမယ် ထင်ပါတယ်။ သုတေသနဆိုတာ ဘာလဲ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနက ထုတ်ထားတဲ့ မြန်မာအဘိဓာန် (၂၀၁၃) ထဲမှာ ဖွင့်ဆိုထားတာကတော့ “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း” လို့ တွေ့ရပါတယ်။
သုတေသီတစ်ယောက်ဟာ သုတေသနကို ဘာကြောင့် ဆောင်ရွက်ပါသလဲ။ မသိရှိရသေးတဲ့ တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ် သိရှိအောင်လို့ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် သိရှိပြီး ရင်ရော ဘာတွေဆက်လက်လုပ်ကိုင် ဆောင်ရွက်ကြ ပါသလဲ။ စူးစမ်းရှာဖွေခြင်းက သိရှိလာတာတွေကို အများသိရှိရအောင် မျှဝေကြတဲ့အလုပ်ကို လုပ်ကြ ပါတယ်။ မျှဝေကြတဲ့နေရာမှာတော့ နည်းလမ်း ပေါင်းများစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။ ဥပမာ- သုတေသနစာတမ်းဖတ်ပွဲတွေမှာ ဖတ်ကြား ပြီး မျှဝေမယ်၊ စာအုပ်စာတမ်းတွေ ထုတ်ဝေပြီး မျှဝေမယ် စသည်ဖြင့် မျှဝေကြတာပါပဲ။ တစ်နည်း အားဖြင့် ပြောရရင်တော့ အများမသိရှိသေးတာကို အများသိရှိရလေအောင် ကြိုးစားရှာဖွေပြီး မျှဝေ တယ်ဆိုတာ အင်မတန်ကောင်းတဲ့ အလုပ်တစ်ခု ပါပဲ။
သမိုင်းဆရာကြီးတစ်ဦး ပြောဖူးတာလေးကို အမှတ်ရမိပါတယ်။ ဆရာကြီးက ဘာပြောဖူး သလဲဆိုတော့ “သုတေသနအလုပ်ဟာ ဘုရား လောင်းရဲ့ အလုပ်ပဲကွ” လို့ ပြောဖူးပါတယ်။ ဘုရား လောင်းဟာ ကိုယ်တိုင်ရော လူအများရော မသိသေး တာကို ကြိုးစားပြီး ရှာဖွေပါတယ်။ ကိုယ်တိုင် သိရှိ လာပြီဆိုတော့လည်း အများသိရှိရလေအောင် ဝေငှ ပါတယ်။ အင်မတန်မှ မွန်မြတ်လှတဲ့အလုပ်ပဲ ဖြစ်ပါ တယ်။
ပြည်တွင်းမှာ ပါရဂူဘွဲ့တွေ စပေးတော့ စောစောပိုင်းမှာ ပါရဂူဘွဲ့အတွက် ကြိုးစားကြတဲ့ သူတွေအပေါ် ပြစ်တင်ဝေဖန်မှုတွေ များစွာပဲ ရှိခဲ့ပါတယ်။ နောက်တော့ ပညာရေးမူဝါဒအရ ပါရဂူဘွဲ့ရပြီးတဲ့သူတွေမှ ရာထူးတိုးပေးမယ် ဆိုတော့ ပါရဂူဘွဲ့ကို လိုက်လုပ်လိုက်ကြတာ အပြိုင် အဆိုင်ပါပဲ၊ နောက်တစ်ခါ ပညာရေးမူဝါဒက ရာထူး တိုးကို သုတေသနစာတမ်းတွေနဲ့ အကဲဖြတ်မှာပါ လည်းဆိုလိုက်ရော သုတေသနစာတမ်းတွေကို တရားတဲ့နည်းနဲ့ရော မတရားတဲ့နည်းတွေနဲ့ရော လုပ်လာကြပြန်ပါတယ်။
တက္ကသိုလ်တစ်ခုရဲ့ အသက်
“သုတေသနဟာ တက္ကသိုလ်တစ်ခုရဲ့ အသက်” လို့ ပြောကြပါတယ်။ အမှန်ပါပဲ။ သုတေသန မရှိတဲ့ တက္ကသိုလ်ဆိုတာ မရှိပါဘူး။ တက္ကသိုလ်တွေဟာ ဘာသာရပ်စာပေ သင်ကြားရေးသာမက သုတေသန တွေကိုပါ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြရမှာပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ သုတေသန ရလဒ်တွေကို လည်း အများသူငှာ သိရှိနားလည်စေဖို့ ဝေမျှဖို့ တာဝန်ရှိပါတယ်။ ဝိဇ္ဇာဘာသာရပ်မှာ အသစ်တွေ့ရှိ မှု ဘာတွေရှိနေသလဲ၊ သိပ္ပံဘာသာရပ်မှာရော အသစ်တွေ့ရှိမှု ဘာတွေရှိနေပါသလဲ။ ဝိဇ္ဇာဘာသာ ရပ်သမားရော၊ သိပ္ပံဘာသာရပ်သမားရောဟာ တွေ့ရှိမှုအသစ်တွေကို သိရှိနားလည်နေစေရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာလျှင် တက္ကသိုလ်ပြင်ပက ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ မိမိ တက္ကသိုလ်ရဲ့ အသစ်အသစ်သော တွေ့ရှိမှုတွေကို ပြောဆိုပြနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လက်တွဲ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဘာကိုမှ နားလည်အောင် သိရှိမထားရင်တော့ ဘာအကျိုး ရလဒ်မှ ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။ ဘာသာရပ် အားလုံးကို ကျွမ်းကျင်နေရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ဘာသာရပ်အားလုံးမှာ ဘာသုတေသန တွေလုပ်ထားတယ်၊ ဘယ်လိုအကျိုးရလဒ်တွေ ရရှိထားတယ်ဆိုတာလောက်ကတော့ သိရှိနားလည် ထားစေဖို့ပါပဲ။
မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေက သုတေသီတွေအတွက် သုတေသနစာတမ်းဖတ်ပွဲ တွေ အများအပြားပဲ ဖိတ်ခေါ်ပြီး ကျင်းပပေးနေ တာကို တွေ့ကြရမှာပါ။ အဆင့်မြင့်ဦးစီးဌာနအနေနဲ့ ရော၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ရော အစိုးရ အဆက်ဆက် အစဉ်တစိုက်လည်း အားပေးလျက်ရှိပါ တယ်။ သုတေသနနဲ့ ပတ်သက်ပြီး ငွေကြေး အများအပြားလည်း ကုန်ကျခံရွက်ဆောင်ပေးနေ ပါတယ်။ အများသူငှာ သိရှိနားလည်ဖို့ မျှဝေရန် အလို့ငှာ ကျင်းပပေးနေတဲ့ သုတေသနစာတမ်း ဖတ်ပွဲတွေအနေနဲ့ကတော့ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် အသီးသီးမှာ တက္ကသိုလ်တွင်း သုတေသနစာတမ်း ဖတ်ပွဲတွေ ရှိပါတယ်၊ သုတေသနစာတမ်းဖတ်ပွဲက ရလဒ်တွေကိုလည်း သက်ဆိုင်ရာတက္ကသိုလ်အလိုက် သုတေသနဂျာနယ်တွေ ထုတ်ဝေနေတာ ရှိပါတယ်။ ဝိဇ္ဇာ/သိပ္ပံပညာရှင်များအဖွဲ့က နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ (MAAS) စာတမ်းဖတ်ပွဲတွေရှိပါတယ်၊ နှစ်စဉ် သုတေသနဂျာနယ်တွေ ထုတ်ဝေနေပါတယ်။ တက္ကသိုလ်များ သုတေသနဂျာနယ် (URJ) ဆိုပြီး ထုတ်ဝေနေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ သမိုင်း သုတေသနကော်မရှင်မှ ထုတ်ဝေနေတဲ့ ဂျာနယ် (UHRJ) ဆိုပြီး ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားတဲ့ အခြားသော တက္ကသိုလ်တွေမှာ လည်း သုတေသနစာတမ်း ဖတ်ပွဲတွေနဲ့ သုတေသန ဂျာနယ်တွေ ထုတ်ဝေနေကြပါတယ်။ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲများနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုပါတယ်။
အနှစ်သာရ ပြည့်ဝ
ဝိဇ္ဇာ/သိပ္ပံပညာရှင်များအဖွဲ့က နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ (MAAS) စာတမ်းဖတ်ပွဲဟာ ထင်ရှားတဲ့ သုတေသနစာတမ်းဖတ်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ အနှစ်သာရ ပြည့်ဝတဲ့ သုတေသနစာတမ်းတွေကို ထုတ်ဝေလျက်ရှိပါတယ်။ ယခင်က စာတမ်း ဖတ်ကြားသောသူများအားလုံးရဲ့ သုတေသန စာတမ်းတွေကို ပုံနှိပ်ထုတ်ဝေပါတယ်။ နောက်တော့ စိစစ်ရွေးချယ်ပြီးသား သုတေသနစာတမ်းများ ကိုသာ ဖတ်ကြားခိုင်းပြီး ပုံနှိပ်ထုတ်ဝေပါတယ်။ နောက်တော့တစ်ခါ ဖတ်ကြားလိုသူတွေအားလုံးကို ဖတ်ကြားခွင့်ပြုပြီးမှ စိစစ်ရွေးချယ်ပြီး ပုံနှိပ်ထုတ်ဝေ ပါတယ်။ ဖတ်ကြားသူအားလုံးကို ပုံနှိပ်ဖော်ပြခြင်း မပြုတော့ပါ။ မည်သူက ပုံနှိပ်ထုတ်ဝေရန် စိစစ် ရွေးချယ်ပေးသည်ကိုတော့ မသိရှိရပါ။
ပြောချင်တာက ဝိဇ္ဇာ/သိပ္ပံပညာရှင်တွေအဖွဲ့ရဲ့ သုတေသနစာတမ်းဖတ်ပွဲလေးအကြောင်း စပြော ပါမယ်။ ဝိဇ္ဇာ/သိပ္ပံပညာရှင်တွေအဖွဲ့ရဲ့ သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားပြီးတာနဲ့ မိမိတို့ ဘာသာရပ်အလိုက် မိမိတို့ဌာနမှာပဲ သုတေသန စာတမ်းတွေကို ဖတ်ကြားကြရပါတယ်။ ဝိဇ္ဇာ ဘာသာရပ်တွေမှာတော့ စာတမ်းရှင်တွေဟာ အင်္ဂလိပ်လို ဖတ်ကြားတာတွေ ရှိသလို၊ မြန်မာလို ဝေါဟာရကြွယ်ကြွယ်ဝဝနဲ့ ဖတ်ကြားကြတာတွေ လည်း ရှိပါတယ်။ မိခင်ဘာသာစကားနဲ့ ဖတ်ကြား တဲ့ သုတေသနစာတမ်းတွေဟာ အများနားလည်ကြ တာမို့ မေးခွန်းတွေမေးကြ၊ ဖြေကြ၊ အကြံပေး တိုက်တွန်းကြနဲ့ အင်မတန်ပျော်ရွှင်စရာ ကောင်းပါ တယ်။ အင်္ဂလိပ်လို ဖတ်ကြတဲ့ စာတမ်းတွေမှာတော့ စာတမ်းဖတ်ပွဲဟာ နည်းနည်းလေး လေးနေတာကို တွေ့ရှိရပါတယ်။ အများသူငှာ သိရှိစေလိုတဲ့အတွက် မျှဝေတာမို့ အများနားလည်တဲ့ ဘာသာစကားနဲ့ ဖတ်ကြားတင်ပြကြတာကို သဘောကျမိပါတယ်။ ဒါကလည်း ပြည်တွင်းစာတမ်းဖတ်ပွဲတစ်ခုလည်း ဖြစ်နေ၊ ဝိဇ္ဇာဘာသာရပ်လည်းဖြစ်နေ၊ ပြည်ပက နိုင်ငံခြားသားပညာရှင်လည်း မပါရှိခဲ့ရင်တော့ အင်မတန်မှ ကောင်းတယ်လို့ ခံစားမိပါတယ်။ သိပ္ပံ ဘာသာရပ်တွေကတော့ နိုင်ငံတကာနဲ့ ယှဉ်နိုင် အောင် ယခုအခါမှာ အင်္ဂလိပ်လိုပဲ ဖတ်ကြားကြရ တယ်လို့ သိရှိရပါတယ်။ မိမိကိုယ်တိုင် ဝိဇ္ဇာဘာသာ ရပ် သမားမို့ ဝိဇ္ဇာဘာသာရပ်တွေ ဖတ်ကြားတာကို နားထောင်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့တာမို့ သိပ္ပံဘာသာ ရပ်ဘက်ကို မရောက်ရှိခဲ့သလို၊ ဘာတွေဖတ်ကြား ကြပြီး ဘာသုတေသနရလဒ်တွေ ရရှိသလဲဆိုတာ လည်း မသိပါဘူး။
တက္ကသိုလ်တွင်း သုတေသနစာတမ်းဖတ်ပွဲတွေ မှာတော့ တချို့သော တက္ကသိုလ်တွေဟာ ဘာသာ ရပ်အလိုက် ဝိဇ္ဇာသီးခြား၊ သိပ္ပံသီးခြားခွဲပြီး စာတမ်း ဖတ်ကြားကြသလို တချို့တွေမှာတော့ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်တွေအားလုံးကို တစ်နေရာတည်းမှာ အားလုံးသိရှိနားလည်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုပေါင်းပြီး သုတေသနစာတမ်းတွေကို ဖတ်ကြားကြ ပါတယ်။ သုတေသနစာတမ်းအားလုံးဟာ မြန်မာစာ ဘာသာရပ်ကလွဲလို့ အင်္ဂလိပ်လိုပဲ ရေးပြီးတင်ကြရ တာပါ။ သုတေသနစာတမ်းရေးဖို့ ပုံစံကတော့ တက္ကသိုလ်အလိုက် ကိုယ်ပိုင်ရှိကြရင် သိပ်ကောင်းပါ မယ်။ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်တွေအားလုံးကို တစ်နေရာတည်းမှာ အားလုံးသိရှိနားလည်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုပေါင်းပြီး သုတေသနစာတမ်း ဖတ်ပွဲ ပြုလုပ်တဲ့ပွဲလေးတစ်ခုရဲ့ အတွေ့အကြုံကို တင်ပြလိုပါတယ်။ ဒီသုတေသန စာတမ်းဖတ်ပွဲမှာ ခွင့်ပြုထားတာကတော့ အင်္ဂလိပ်လိုလည်း ဖတ်လို့ရ သလို၊ မြန်မာလိုလည်း ဖတ်လို့ရပါတယ်။ ပထမနေ့ မှာ ဝိဇ္ဇာဘာသာရပ်ရော၊ သိပ္ပံဘာသာရပ်ရော ပရိတ်သတ်အများ နားလည်အောင် မြန်မာဘာသာနဲ့ ဖတ်ကြားကြတာ အင်မတန်စည်ကားလှပါတယ်။ နောက်တစ်နေ့မှာတော့ နံနက်ခင်းပိုင်းမှာပဲ စတွေ့ တာကတော့ သိပ္ပံဘာသာရပ်တစ်ခုဟာ အင်္ဂလိပ်လို ချည်းပဲ ပြောတော့တာပါပဲ။ မြန်မာလိုလေး ဖတ်လို့ မရဘူးလားလို့ဆိုတော့ MAAS မှာက အင်္ဂလိပ်လိုပဲ ဖတ်ရတာမို့ အင်္ဂလိပ်လိုပဲ လေ့ကျင့်ထားကြတာပါ တဲ့။ ကောင်းပါတယ်။
မြန်မာလိုလေးပြောလို့ မရဘူးလား
နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် နိုင်ငံတကာသုံးတဲ့ ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ် လို ကျွမ်းကျင်နေကြတာဟာ သိပ်ကိုဝမ်းသာစရာ ဂုဏ်ယူစရာ တစ်ခုပါပဲ။ ဒါပေမယ့် သိပ္ပံဘာသာရပ်ရဲ့ အသုံးအနှုန်းတွေကို ဝိဇ္ဇာဘာသာရပ်အနေနဲ့ သိရှိ နားလည်ဖို့ဆိုတာ အင်မတန် အလှမ်းဝေးလှ ပါတယ်။ သိပ္ပံဘာသာရပ်ရဲ့ သုတေသန ဆောင်ရွက် ချက်ကနေ ရရှိလာတဲ့ ရလဒ်တွေကို ဝိဇ္ဇာ ဘာသာရပ် က သူတွေလည်း သိရှိနားလည်ရင် မကောင်းဘူး လား။ ကိုယ်တိုင်ပြုလုပ်ထားတဲ့ သုတေသနကို အများနားလည်သိရှိရအောင် အချိန်ကိုငဲ့ကွက်ပြီး အစကတည်းက မြန်မာလိုလေး နားလည်အောင် ပြောပြလို့ မရဘူးလား။ ဝိဇ္ဇာ/သိပ္ပံဘာသာရပ် အားလုံး ရှိနေကြတာလေ။ မိမိဘာသာရပ် တစ်ခု တည်း မိမိဌာနမှာပဲ ဖတ်ကြားနေတာမှ မဟုတ်တာ ပဲ။ အခြားသော သိပ္ပံဘာသာရပ်တွေလည်း မြန်မာ လိုလေး အများသိရှိ ရလေအောင် ပြောသွားကြတာပါ ပဲ။ မြန်မာလိုပြောပြလို့ မရတာတော့ မဖြစ်နိုင် လောက်ဘူးလို့ ထင်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေကို စာသင်တဲ့ နေရာမှာရော အင်္ဂလိပ်လိုပဲပြောပြီး သင်ကြပါသလားဆိုတာ သိချင်မိပါတော့တယ်။
စာတမ်းဖတ်ကြားချိန် မိနစ်၂၀၊ မေးခွန်းမေးမြန်း ဆွေးနွေးချိန်က ၁၀ မိနစ်ပဲ ပေးထားတာပါ။ စာတမ်း ဖတ်ကြားတော့ အင်္ဂလိပ်လိုဖတ်မယ်။ နားမလည်လို့ မေးရင် ဆွေးနွေးတဲ့အပိုင်းမှာ အချိန်မရှိအောင် မပြုလုပ်သင့်ပါဘူး။ သုတေသနစာတမ်းတွေကို စိတ်ပါဝင်စားလို့ လာရောက်နားထောင်တဲ့ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ် အသီးသီးက ပရိသတ်တွေကို လေးစားရမှာပါ။ အတတ်နိုင်ဆုံးတော့ မေးတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားနိုင်အောင် ကြိုတင်ပြင်ဆင်လာကြရမှာပါပဲ။
မျှဝေတဲ့ အလုပ်
သုတေသနစာတမ်းဖတ်တယ်ဆိုတာ မိမိသိရှိ ထားတာကို မျှဝေတဲ့ အလုပ်မဟုတ်ဘူးလား။ နိုင်ငံတကာ သုတေသနစာတမ်းဖတ်ပွဲလည်း မဟုတ်ပါ။ အင်္ဂလိပ်လိုချည်းဖတ်နေလို့ ဆိုပြီး ပြစ်တင်ဝေဖန်နေတာ မဟုတ်ပါဘူး။ သုတေသန စာတမ်း လာရောက်ဖတ်ကြားတာကိုက မိမိရှာဖွေ သိရှိထားတာလေးတွေကို မျှဝေချင်လို့ မဟုတ် ဘူးလား။
စာသင်ကြားရာမှာပဲ ဖြစ်ဖြစ်၊ သုတေသန စာတမ်းဖတ်ကြားရာမှာပဲ ဖြစ်ဖြစ် မေးခွန်းမေးခံ ရလို့ မိမိမသိရှိတာကို အမေးခံရရင် ရှက်စရာမဟုတ် ပါဘူး၊ မသိရင် မသိပါဘူးလို့ ရိုးသားဖို့ပဲ လိုတာပါ။ ဆက်လက် လေ့လာပါအုံးမယ်၊ ကျေးဇူးတင်ပါတယ် လို့ ပြန်ဖြေကြားလိုက်ရုံပါပဲ။ သိရှိအောင် ပြန်လည် ရှာဖွေပါ။ မိမိမသိရှိသေးတာကို မေးတဲ့သူကို ကျေးဇူးတင်ပါ။ သူမေးလိုက်လို့ မိမိပြန်လည်ရှာဖွေ လို့ သိရှိရတာမို့ ကျေးဇူးတင်သင့်တာပါ။ အဲဒီလို Mindset မျိုးတွေ လေ့ကျင့်ပျိုးထောင်ထားစေချင်ပါတယ်။
အဂတိကင်းရှင်းခြင်းဟာ ဂုဏ်သိက္ခာတစ်ခု
သုတေသနစာတမ်းဖတ်ပွဲမှာ အမှတ်ပေး အကဲဖြတ်တဲ့ဒိုင် ပြုလုပ်ကြတဲ့သူတွေမှာလည်းပဲ သိက္ခာ၊ သမာဓိနဲ့ ကိုယ်ကျင့်တရားကောင်းဖို့၊ ဘက်မလိုက်မိဖို့၊ အဂတိတရားလေးပါး မကျူးလွန်မိဖို့ အင်မတန် အရေးကြီးပါတယ်။
မိမိလိပ်ပြာ မိမိလုံခြုံစွာနဲ့ စာတမ်းရှင်တွေရဲ့ မျက်နှာကို စေ့စေ့ကြည့်ရဲတဲ့ သတ္တိပိုင်ရှင်တွေ ဖြစ်နေရပါမယ်။ သုတေသနစာတမ်းဖတ်ပွဲကို ဦးဆောင်ကျင်းပတဲ့ ကော်မတီအနေအားဖြင့် လည်း သုတေသနစာတမ်းဖတ်ပွဲရဲ့ အကောင်း ဆုံးစာတမ်း ဆုချီးမြှင့်ရာမှာ ပူးတွဲဆိုတာ ရှိကို မရှိသင့်တဲ့ ဆုတစ်ခုပါ။ အကောင်းဆုံးပါဆိုမှ တစ်ဆုတည်းသာ ရှိနေရမှာပါ။ တစ်ဆုတည်းသာ ချီးမြှင့်ရမှာပါ။ Superlative Degree နဲ့ The Best လို့ သုံးနှုန်းထားကတည်းက အားလုံးထဲက အရည်အသွေး အဆင့်အတန်းအရှိဆုံး၊ အမြင့် ဆုံး၊ အကောင်းဆုံးဟာ တစ်ခုတည်းသာ တည်ရှိနေရမှာပဲ ဖြစ်ပါတယ်။
တက္ကသိုလ်တွေအနေနဲ့ သုတေသနပြုလုပ် ဆောင်ရွက်ခြင်းကို များများဆောင်ရွက်နေကြ ရမှာပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ ရလဒ်တွေကို လည်း အများသိရှိနားလည်အောင် ဝေမျှနေရ မှာပဲ ဖြစ်ပါတယ်။ အကျိုးပြုတဲ့ ရလဒ်တွေ များများ ပြုလုပ်ဆောင်ရွက်ထားနိုင်တာနဲ့ အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက် အတိုင်းအဆမရှိ ဖြည့်ဆည်းပံ့ပိုး ကူညီပေးနေနိုင်မှာပဲ ဖြစ်ပါ တယ်။ အသေးစား၊ အလတ်စားနဲ့ အကြီးစား လုပ်ငန်းရှင်တွေဟာ တက္ကသိုလ်တွေမှထွက်လာ တဲ့ သုတေသနရလဒ်တွေအပေါ် အထင်ကြီး လေးစားသမှုနဲ့ တိုင်းပြည်အတွက် စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တက္ကသိုလ်တွေကို အစဉ်တစိုက် ချဉ်းကပ်လာကြရအောင် သုတေသနတွေကို ပြုလုပ်နေကြရမှာပဲ ဖြစ်ပါ တယ်။ သုတေသနတွေ အားကောင်း လာတာနဲ့အမျှ ဘာသာရပ်ဆိုင်ရာမှာရော၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ရော ဖွံ့ဖြိုး တိုးတက်မှုတွေ အားကောင်းပြီး ကောင်းကျိုး တွေ စံစားကြရမှာသည် ဧကန်မလွဲပဲ ဖြစ်ပါတယ်။
သုတေသနပြုလုပ်ရာမှာ ရိုးသားပါ။ ဝါသနာ ကို ရှေ့တန်းတင်ပြီး အများကောင်းကျိုးအတွက် စေတနာထား ရှေးရှုဆောင်ရွက်ပါ။ သုတေသန ကို အဆက်မပြတ် အစဉ်တစိုက် ပြုလုပ်ဆောင် ရွက်ပါ။ ရရှိလာတဲ့ ကောင်းကျိုးရလဒ်တွေကို အများ သိရှိနားလည်ရအောင်မေတ္တာထားမျှဝေ ပါ။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်မယ့် သုတေသနစာတမ်းတွေ၊ ရလဒ်တွေများများ ထွက်ပေါ်လာစေဖို့ မျှော်လင့်မိပါတယ်။ ။
- Log in to post comments