သုတေသနလုပ်ငန်းများ အားကောင်းခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့

Type

ဇီဝမောင်

မိုက်ခရိုဆော့ဖ်တည်ထောင်သည့်    ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ် က “ကျွန်တော်က တီထွင်ဆန်းသစ်မှုကို ယုံကြည်တယ်။ ပြီးတော့ တီထွင်ဆန်းသစ်မှုရဖို့ တစ်ခုတည်းသော နည်းလမ်း က   သုတေသနကို ဇောက်ချလုပ်ကိုင်ဖို့ ဖြစ်တယ်” ဟု  ပြောကြားခဲ့ဖူးသည်။ 
ကမ္ဘာပေါ်တွင်      ယနေ့     ကျွန်ုပ်တို့အားလုံး သုံးစွဲနေကြသည့် နည်းပညာများ၊ အသုံးအဆောင် များ၊ ခေတ်မီပစ္စည်းများအားလုံးသည်   သုတေ သနလုပ်ငန်းများမှ ထွက်ပေါ်လာသည့် အကျိုးဆက် များဖြစ်ပြီး ကျွန်ုပ်တို့ မကြာမီ ထိုးနှံကြတော့မည့် ကိုဗစ်- ၁၉        ရောဂါကာကွယ်ဆေးသည်လည်း  ကျန်းမာရေးသုတေသန    ဓာတ်ခွဲခန်းများမှပင်  ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ ကြီးတွင်   သုတေသနလုပ်ငန်းကို     အင်မတန် အရေးကြီးသည့် လုပ်ငန်းအဖြစ် နိုင်ငံအသီးသီးတွင် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
စနစ်တကျရှာဖွေဖော်ထုတ်
သုတေသနလုပ်ငန်းသည် အသစ်အဆန်းများကို လမ်းဖွင့်ပေးခြင်းဖြစ်ပြီး ရည်ရွယ်ချက်၏ လားရာ သည် ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါသည်။ မွေးရာပါ တီထွင်နိုင်မှု ပါရမီဉာဏ်စွမ်းအားကို ရင့်သန်လာ စေရန်အတွက် သုတေသနလုပ်ငန်းသည် မရှိမဖြစ် အရေးပါသည်။ သုတေသနလုပ်ငန်းများ လုပ်ဆောင် ခြင်းဆိုသည် သိရှိထားပြီးသော ပညာရပ်များအပေါ် လူသားတို့ပိုမိုသိရှိနားလည်လာရန်နှင့် မသိရှိသေး သည့်အရာများအပေါ် စနစ်တကျ ရှာဖွေဖော်ထုတ် ခြင်းဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင်  သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း   ဦးစားပေးမှုမှာ  အားနည်းနေခဲ့ရသည်ကိုမြင်တွေ့ရသည်။ ဥပမာ အားဖြင့်  ၂၀၁၇  ခုနှစ်   သုတေသနနှင့်   ဖွံ့ဖြိုး တိုးတက်ရေးအတွက်     ပြည်တွင်းအသုံးစရိတ် စုစုပေါင်းမှ ခွဲဝေပေးမှုတွင် သိပ္ပံနှင့်  နည်းပညာ၊ အင်ဂျင်နီယာအတတ်ပညာနှင့်    သင်္ချာဘာသာ တို့အတွက် ၃၂ ဒသမ ၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးသိပ္ပံ အတွက် ၃၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဆေးသိပ္ပံ ပညာ အတွက် ၃၀ ရာခိုင်နှုန်းနှင့် သဘာဝသိပ္ပံဘာသာ အတွက် ၄ ရာခိုင်နှုန်းကျော်ဝန်းကျင်သာ အသုံးပြုခဲ့ ကြောင်း မြန်မာနိုင်ငံရှိ သုတေသနလုပ်ငန်းစဉ်များကို အကဲဖြတ်ခြင်းဆိုင်ရာအစီရင်ခံစာ တစ်စောင်တွင် ဖတ်ရှုရဖူးသည်။
မိမိတို့   နေ့စဉ်ထိတွေ့   အသုံးပြုနေကြရသည့် အရာတိုင်းသည် အကြိမ်ပေါင်းများစွာ  သုတေသန လုပ်ငန်းများလုပ်ဆောင်ပြီးမှ  မွေးထုတ်ပေးထားခဲ့ သည့် အရာများဖြစ်သည်။ ကျန်းမာရေးနှင့်ပတ်သက် သည့် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အသုံးအဆောင် များ၊ နည်းပညာများအားလုံးသည် သုတေသန၏ အောင်မြင်မှုရလဒ်များ     ဖြစ်ကြပါသည်။    နိုင်ငံ တစ်ခု၊    လုပ်ငန်းတစ်ခု၊   ဌာနတစ်ခု    အောင်မြင် စေရေးအတွက်  စနစ်တကျ  စီစဉ်ဖော်ထုတ်ရသည့် သုတေသနလုပ်ငန်းများမှာ မရှိမဖြစ် လိုအပ်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်      ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုလျှင် ထိုနိုင်ငံ၏ စီးပွားရေး တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သုတေ သနဆိုင်ရာ  လေ့လာဆန်းစစ်သူများက   တညီ တညွတ်တည်း    ပြောဆိုကြပါသည်။   သို့သော် သုတေသနလုပ်ငန်းများသည် ရေတိုအကျိုးကျေးဇူး ရရှိမှုထက် ရေရှည်အကျိုးကျေးဇူး  ပိုမိုများပြား လာလေ့ရှိသည်။  အချိန်ကာလကြာလာသည်နှင့် အမျှ  တီထွင်နိုင်စွမ်းအားများ  ရင့်သန်လာကာ နိုင်ငံ့စီးပွားရေးအတွက် သိသာထင်ရှားသည့် အခြေ အနေကောင်းများကို ဖန်တီးပေးနိုင်သည့်ဖြစ်စဉ်များ ကို တိုးတက်လျက်ရှိသည့်နိုင်ငံများတွင် မြင်တွေ့ရ ပါသည်။
ကုန်ထုတ်လုပ်မှုမြင့်တက်လာနိုင်
သုတေသန၏ အကျိုးဆက်ရလဒ်များမှ ကျွန်ုပ် တို့       နေ့စဉ်အသုံးပြုနေကြရသည့်     ပစ္စည်းများ အားလုံးကို ပြည်ပမှ ဝယ်ယူအသုံးပြုနေရခြင်းကို များစွာသက်သာခွင့်ရရှိစေနိုင်သကဲ့သို့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုမြင့်တက်လာနိုင်ပြီး ထုတ်ကုန်များကို ပြည်ပသို့ပါ  တင်ပို့နိုင်မည့် အခွင့် အလမ်းများကို ရရှိစေနိုင်ပါလိမ့်မည်။ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုး မှုကွာဟချက်ကို  ကျဉ်းမြောင်းစေမည့်  တစ်ခုတည်း  သောနည်းမှာလည်း  သုတေသနဆောင်ရွက်ချက် များမှတစ်ဆင့်   ထုတ်ကုန်များကို    ကိုယ်တိုင် ထုတ်လုပ်နိုင်မည့် နည်းလမ်းပင်ဖြစ်သည်ဟု ယူဆ မိပါသည်။
စာရေးသူတို့ငယ်စဉ်က  ဓာတုဗေဒ၊    ရူပဗေဒ၊ ဇီဝဗေဒနှင့် သင်္ချာဘာသာရပ်များ၊ ဂျီဩမေတြီ ဘာသာရပ်များ    သင်ကြားခဲ့ရာတွင်    စာတွေ့ သင်ကြားခဲ့ရသည်က     ပိုမို     များပြားခဲ့သည်။ တက္ကသိုလ်ပညာတွင်ပင် လက်တွေ့အသုံးချ ဓာတ်ခွဲ ခန်းများတည်ဆောက်ပေးမှု  အားနည်းခဲ့သဖြင့် တီထွင်နိုင်သူ၊ ဖော်ထုတ်နိုင်သူ သုတေသနပညာရှင် ထွက်ပေါ်မှု   အားနည်းခဲ့ရသည်။ ထိုသို့ အားနည်း ချက်များကို ဖြည့်ဆည်းကာ နိုင်ငံ၏  သုတေသန လုပ်ငန်းများ ပိုမိုအောင်မြင်စေရန် တွန်းအားပေး ဆောင်ရွက်စေလိုပါသည်။
သုတေသနလုပ်ငန်းများ တိုးတက်အောင်မြင် လာပါက   ပညာရေးကဏ္ဍလည်း များစွာဖွံ့ဖြိုး တိုးတက်လာစေပြီး အသိပညာသစ်များရှာဖွေရန် လက်တွေ့လုပ်ဆောင်မှုများမှသည် လေ့လာတွေ့ရှိ ချက်အသစ်များကို ပေါ်ထွက်လာစေနိုင်မည် ဖြစ်ပါ သည်။  ပညာသင်ကြားရေးတွင်   အလွတ်ကျက် ပညာရေးထက်    လက်တွေ့သင်ကြားပြသခြင်း၊ သုတေသနတွေ့ရှိချက်များကို    တန်ဖိုးထားကာ လက်တွေ့လေ့လာစေခြင်းဖြင့်    ကျောင်းသား ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မြင့်မားလာစေမည်ဖြစ်ပါသည်။
စာရေးသူငယ်ငယ်က  သူငယ်ချင်းအချင်းချင်း နောက်ပြောင်သီဆိုသည့်  သီချင်းစာသားအချို့ကို အမှတ်ရမိသည်။  “ကက်သလစ်ကို   မင်းကမသိ၊ အက်ဆစ်ကို မင်းကမသိ ၊  အပူပေးနေတာ တကယ် ဆိုး၊ ဘာအင်တီဂိတ်လဲ၊ ဘယ်ကာလာ အန်းပွိုင့်လဲ  ဘာမှ တကယ်ကိုမသိဘူး…” ဟူသည့် ဓာတ်ခွဲခန်း အတွေ့အကြုံများကို    သတိရမိသည်။   လက်ရှိ ကျွန်ုပ်တို့ သားသမီးများလက်ထက်တွင် စနစ်ကျ သည့်     လက်တွေ့သုတေသနဓာတ်ခွဲခန်းများ များများပေါ်ပေါက်လာပါစေဟုလည်း   ဆန္ဒပြုမိ သည်။
သုတေသနလုပ်ငန်းများအားပေး
ဗြိတိန်နိုင်ငံသည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၈ ခုနှစ်အကြား  ကုန်ထုတ်စွမ်းအား မြင့်တက်လာမှု၏ ထက်ဝက်ကျော်သည်   သိပ္ပံပညာနှင့်   တီထွင် ဆန်းသစ်နိုင်မှု၏ ရလဒ်များကြောင့်ဖြစ်ကြောင်း သတင်းအချို့တွင် မြင်တွေ့ရဖူးသည်။ ကမ္ဘာပေါ်တွင် နည်းပညာနှင့် စီးပွားရေးတောင့်တင်းသည့် နိုင်ငံ များတွင် ဦးစားပေးဘတ်ဂျက်သုံးစွဲမှုတွင်  သုတေ သနကဏ္ဍကို     ထည့်သွင်းထားပြီး     စနစ်တကျ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အားပေး ဆောင်ရွက်နေသည်ကို မြင်တွေ့ရသည်။
မြန်မာနိုင်ငံတွင် ယခုထက်တိုင် အမျိုးသား အဆင့်     သုတေသနမူဝါဒ     ခိုင်ခိုင်မာမာ   မရှိသေး သော်လည်း       သက်ဆိုင်ရာဌာနအသီးသီးက သုတေသနလုပ်ငန်းများကို ဆောင် ရွက်နေကြသည်။ တက္ကသိုလ်များတွင်   သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုမှာ ယခင် ထက်ပိုမိုလာခဲ့သော်လည်း ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများ သုတေသနကောင်းမွန်စွာ ဆောင်ရွက်လုပ်ကိုင်နိုင် ရန်  အခွင့်အလမ်းများနှင့် အခြေခံဓာတ်ခွဲခန်းများပိုမိုဖန်တီးပေးဖို့ လိုအပ်မည်ဖြစ်ပါသည်။ 

ဆေးပညာကဏ္ဍတွင် ပင်နီဆီလင်ကဲ့သို့သော ပဋိဇီဝဆေးများမှသည်  လူသားတို့  ကျန်းမာရေး အတွက်    သိပ္ပံနည်းကျ   ဆေးအမျိုးမျိုးတို့ကို သုတေသနဓာတ်ခွဲခန်းများမှပင် ရရှိခဲ့ကြသည်။ ကိုဗစ်-၁၉ ကဲ့သို့သော အသစ်ဖြစ်ပွားသည့် ရောဂါ ဘယများကို  ကုသရန်နှင့်  ကာကွယ်ရန်အတွက် ကာကွယ်ဆေးများကို ကမ္ဘာအရပ်ရပ်ရှိ သုတေသန ဌာနများကပင် ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလော။ 
စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကုန်ထုတ် ကဏ္ဍများတွင်လည်း သုတေသနဆိုင်ရာ လေ့လာ တွေ့ရှိမှုများအရ တစ်သျှူးနည်းပညာဖြင့် စိုက်ပျိုး ကြခြင်း၊   မျိုးစေ့အသစ်များ  ထွက်ပေါ်လာခြင်း၊ အထွက်နှုန်းမြင့်မားသည့် မြေဩဇာများ ထွက်ပေါ် လာခြင်း၊ နှစ်ပတ်လည် အသီးသီးစေရန်၊ ရာသီဥတု နှင့် ကိုက်ညီစွာ ရှင်သန်ကြီးထွားစေရန် (Genetically Modified) စသည်ဖြင့် တိုးတက်ပြောင်းလဲ လာနိုင်ခြင်း၊ နည်းပညာကို အသုံးပြုကာ ထိန်းချုပ် ဆောင်ရွက်ခြင်းများ     အားလုံးသည်လည်း သုတေသနပြုခြင်း၏          အကျိုးရလဒ်များပင် ဖြစ်ပါသည်။
နည်းပညာကဏ္ဍတွင် သရီးဂျီ၊ ဖိုးဂျီ၊ ဖိုက်ဂျီ စသည်ဖြင့် ကွန်ရက်ချိတ်ဆက်မှု မြန်နှုန်းမြင့်မား လာသည်နှင့် မှတ်ဉာဏ်တု (IR) နည်းပညာ၊ နာနို (Nano) နည်းပညာ စသည့် အသစ်အသစ်သော နည်းပညာများအားလုံးသည် သုတေသနဆောင်ရွက် ချက်များ၏ အကျိုးကျေးဇူးပင်ဖြစ်ပါသည်။ 
သုတေသနပညာရှင်များ    ထွက်ပေါ်လာနိုင် အောင် ကြိုးပမ်းခြင်းအပြင် သုတေသနစာတမ်းနှင့် တွေ့ရှိချက်များကို စနစ်တကျ လေ့လာပိုင်းခြားကာ အမှန်တကယ် အောင်မြင်စေရန်အပြင် စီးပွားရေးအမြော်အမြင်ရှိရှိဖြင့်      အရေအတွက်များများ ထုတ်လုပ်နိုင်စေရန်အထိပါ       ထည့်သွင်းစဉ်းစား မူဝါဒရေးဆွဲ ဆောင်ရွက်သွားမည်ဆိုပါက မိမိတို့ နိုင်ငံသည်    အချိန်အတိုင်းအတာတစ်ခုအတွင်း အောင်မြင်မှုများ    ရရှိလာမည်ဟုလည်း   ယုံကြည်မိ ပါသည်။
မိမိတို့သည် သမိုင်းအထောက်အထား ရှာဖွေ ဖော်ထုတ်ရေး၊  သဘာဝသိပ္ပံဆိုင်ရာ လေ့လာရေး၊ နေ့စဉ်လူမှုဘဝများအတွက် နည်းပညာနှင့် အသုံး အဆောင်သစ်များသုံးစွဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအားလုံးအပြင် ကမ္ဘာ့ ရာသီဥတုဆိုင်ရာ   အပြောင်းအလဲများ   ရင်ဆိုင် ဖြေရှင်းရေး စသည့်ကဏ္ဍတိုင်းအတွက် မလုပ်မဖြစ် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခုသည် သုတေသန လုပ်ငန်းပင် ဖြစ်ပါသည်။ 
ထို့ကြောင့် သုတေသနလုပ်ငန်းများကို ပညာရှင် များ၊  လူငယ်များနှင့်  နိုင်ငံတော်အစိုးရတို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်သူများအားလုံးကပါ စိတ်ပါဝင်စားစွာဖြင့်  အတူတကွ    ကြိုးပမ်းဆောင် ရွက်မည်ဆိုပါက        နိုင်ငံတိုးတက်ဖွံ့ဖြိုးမည်မှာ   မြေကြီးလက်ခတ်မလွဲပင်   ဖြစ်ပါတော့သည်။    ။