သုတေသနဟူသော ဝေါဟာရတွင် သုတနှင့် ဧသနတို့ ပေါင်းစပ်ပါဝင် သည်။ သုတသည် အကြား၊ အမြင်ဖြစ်၍ ဧသနသည် ရှာမှီးခြင်းဟူ၍ ဖြစ်ရာ သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေ မြစ်မြစ် သိရှိနိုင်ရန် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်သည်။ မသိသေးသည့်အရာကို သိလာခြင်းအားဖြင့် ပို၍တိုးတက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် စိုက်ပျိုးရေးသုတေသန၊ ဆေးသုတေသန၊ သစ်တောသုတေသန၊ နိုင်ငံသမိုင်းသုတေသန၊ ရှေးဟောင်း သုတေသန စသည်ဖြင့်ဌာနများဖွဲ့စည်းကာ နယ်ပယ်အလိုက် သုတေသနပြုလုပ်ကြရခြင်းပင်ဖြစ်သည်။ သို့ဖြစ်သည့်အတွက် အကြောင်းအရာတစ်ရပ်ကို သုတေသနပြုလုပ်ပြီးစီးသည့်အခါ စာတမ်းတစ်စောင်၊ လက်တွေ့ပြသမှုတစ်ခုမျှတွင် လမ်းမဆုံးသွား စေဘဲ လက်တွေ့အသုံးချရလဒ်များ ထွက်ပေါ်လာအောင် အကောင် အထည်ဖော် သွားကြရမည်ဖြစ်သည်။
သုတေသနလုပ်ငန်းများကို သုတေသီပညာရှင်များက ပြုလုပ် ကြပြီး ၎င်းတို့အတွက် လုံလောက်သော ရန်ပုံငွေ၊ ဓာတ်ခွဲခန်း၊ စက် ကိရိယာများနှင့် ကျွမ်းကျင်ဝန်ထမ်းများ၊ နည်းပညာဆိုင်ရာ စာအုပ် စာတမ်းများ စသည်တို့ ဖြည့်ဆည်းပေးရန် လိုအပ်သည်။ မိမိတို့နိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာများ တစ်ဟုန်ထိုးတိုးတက်လာခြင်းမှာ သုတေသနလုပ်ငန်းများအတွက် ပုံအော၍ ရင်းနှီးမြှုပ်နှံမှုများ၏ ရလဒ်ဖြစ်သည်။ ဉာဏ်ရည်တု (AI)နည်းပညာအပါအဝင် အချို့သော နည်းပညာများတွင် တရုတ်က ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးဟုဆိုသော အမေရိကန်ကို ကျော်တက်သွားနိုင်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ အဆပေါင်းများစွာ သာလွန်သော သုတေသနလုပ်ငန်းများနှင့် ယင်းမှ ထွက်ပေါ်လာသည့် စာတမ်းပေါင်းများစွာတို့ကြောင့်ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် မျိုးချစ်သိပ္ပံပညာရှင်များကို မြေတောင်မြှောက် ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား တိုးမြှင့်သွားမည်ဖြစ် ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်းရှိ ပါရမီရှင်များကို မြေတောင် မြှောက်ပေးရန်နှင့် ၂၀၃၄ ခုနှစ်တွင် မဟာဗျူဟာကျသည့် သိပ္ပံပညာ ဖြင့် ကမ္ဘာကို ဦးဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားထားသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အားထားလုပ်ကိုင်နေရသည့် လယ်ယာစီးပွား အဓိကနိုင်ငံဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍ ခေတ်မီ တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများစွာ လိုအပ်သည်။ ရရှိလာမည့် သုတေသနရလဒ်များမှ နိုင်ငံတော်နှင့် တောင်သူများ အတွက် အကျိုးရှိစေမည့်ရလဒ်များကို လက်တွေ့အကောင်အထည် ဖော်နိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ သုတေသနလုပ်ငန်းများမှာ ရပ်တန့်သွားသည်ဟူ၍ မရှိဘဲ ရှေးဦးရလဒ်ကို အခြေပြုကာ နောက်တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် သုတေသနပြုသွားခြင်းအားဖြင့် အသစ်အသစ်သော ထပ်မံတွေ့ရှိမှု များ ထွက်ပေါ်လာကာ ပို၍တိုးတက်လာမည်ဖြစ်သည်။ မိမိတို့ထက် ပို၍ ခေတ်မီတိုးတက်နေသည့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံတို့မှ နည်းနာများကိုလည်းရယူ၍ ကိုယ့်နိုင်ငံနှင့်ကိုက်ညီမည့် နည်းလမ်း များကို သုတေသနပြုခြင်းအားဖြင့်လည်း နည်းပညာသစ်များကို ပိုမိုလွယ်ကူ လျင်မြန်စွာ ရရှိနိုင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ် အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ လိုအပ်သည်။ ၎င်းသုတေသနလုပ်ငန်းများ၏ ဦးတည်ရည်မှန်းချက်သည် ကဏ္ဍ အလိုက် ဖွံ့ဖြိုးတိုးတက်ဖို့ပင်ဖြစ်ရာ သုတေသနမှ ထွက်ပေါ်လာသည့် ရလဒ်များသည်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းနိုင် ပါစေကြောင်း။ ။