သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော်  ဒီဇင်ဘာ  ၇


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တော စီမံကိန်း အဆောက်အအုံများနှင့် ဆက်စပ် အဆောက်အအုံများ     ဆောက်လုပ်ရာ၌ အသုံးပြုရန်အတွက်   မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊   ကျွန်း၊  ပျဉ်းကတိုးနှင့် ပိတောက်ခွဲသားများအား   လျှောက်ထား ဝယ်ယူခဲ့သည့်ကိစ္စတွင် နိုင်ငံတော်၏ နစ်နာ ဆုံးရှုံးမှုများအတွက်    တာဝန်ရှိသူများအပေါ် အရေးယူပေးပါရန်       တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။


စုံစမ်းစစ်ဆေးရေးအဖွဲ့၏     စစ်ဆေး တွေ့ရှိချက်အရ  သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လရောင်တော စီမံကိန်းတွင် အသုံးပြုရန်အတွက် ကျွန်းသစ်လုံး၊ ကျွန်းခွဲသား၊    ပျဉ်းကတိုး၊    ပိတောက်သစ် စုစုပေါင်း ၁၇၂ ဒသမ ၀၇၆၄ တန်ကို ရောင်းချ ပေးရန်      နှစ်ကြိမ်လျှောက်ထားမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါစနစ်ဖြင့် ရောင်းချ ခြင်းမပြုဘဲ   ၎င်း၏ဆုံးဖြတ်ချက်ဖြင့်သာ ရောင်းချပေးရန် မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးထံ      ညွှန်ကြားခဲ့ခြင်း၊  စာရင်းစစ်ချုပ်ရုံး၏  စာရင်းစစ်ဆေးတွေ့ရှိချက် အရ   မြန်မာ့သစ်လုပ်ငန်းက  ရောင်းချထား သည့်ဈေးနှုန်းနှင့်     တင်ဒါအောင်ဈေးနှုန်း၊ သက်ဆိုင်ရာ   တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းဦးစီးဌာနတို့၏    ဒေသပေါက်ဈေးနှင့် နှိုင်းယှဉ်တွက်ချက်မှုများအရ    နိုင်ငံတော် အနေဖြင့် စုစုပေါင်း ငွေကျပ်သန်း ၁၀၀ ကျော် ခန့် နစ်နာမှုရှိခဲ့ခြင်းကြောင့် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအုန်းဝင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်  ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။

  သတင်းစဉ်