တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ရေး
ကျော်နိုင်ဦး (ပတ်ဝန်းကျင်)
Wildlife ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရထဲမှာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင် (Fauna and Flora) နှစ်မျိုးစလုံး အကျုံးဝင်ပါတယ်။ တောရိုင်းတိရစ္ဆာန်ဆိုတာ နေရင်းဒေသမှာ သဘာဝအတိုင်း ပေါက်ဖွားကျက်စားလေ့ရှိတဲ့ ဒါမှမဟုတ် နေရင်းဒေသကနေ တခြားနေရာဒေသသို့ အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ တိရစ္ဆာန်၊ ငှက်၊ ပိုးမွှားနဲ့ ရေနေသတ္တဝါတွေကို ဆိုလိုတာဖြစ်ပါတယ်။ သဘာဝအပင်ဆိုတာကတော့ နေရင်းဒေသအတွင်းမှာ သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ အပင်၊ ချုံ၊ နွယ်၊ ဝါး၊ ကြိမ်၊ သစ်ခွ၊ မှိုနဲ့ ရေအောက်မှာရှိတဲ့ အပင်တွေအားလုံးပဲ ဖြစ်ပါတယ်။