ထာဝစဉ်တည်တံ့စေရေးအတွက် ထိန်းသိမ်းရမည့်အမွေအနှစ်များ

 

၂၀၁၄ ခုနှစ် ဇွန်လတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ အဖြစ် သတ်မှတ်ခံခဲ့ရသည့် ပျူမြို့ဟောင်းများဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊  သရေခေတ္တရာတို့ကို  စနစ်တကျတူးဖော်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို နိုင်ငံတော်က ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ ဖေဖော် ဝါရီ ၉ ရက်နေ့က သွားရောက်လေ့လာကြည့်ရှုခဲ့စဉ် သက်ဆိုင်ရာ တာဝန်ရှိသူများအား    ဆွေးနွေးပြောကြားရာ၌     ထည့်သွင်း ပြောကြားခဲ့သည်။

 


အရှေ့တောင်အာရှတွင် အစောဆုံးမြို့ပြယဉ်ကျေးမှု(Civili-zation) ဖြစ်သော ပျူယဉ်ကျေးမှုသည် ဘီစီ ၃ ရာစု၊ ၂ ရာစုမှစတင် ခဲ့ကာ အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်း အထွတ်အထိပ်သို့ရောက်ရှိ ခဲ့သည်ဟု ပညာရှင်တို့က သုံးသပ်ခဲ့ကြသည်။ ထိုကာလသည် ဗဟိုအမေရိကဒေသရှိ ကမ္ဘာကျော် မာယာလူမျိုးတို့၏ မာယာ ယဉ်ကျေးမှုနှင့်ခေတ်ပြိုင်ကာလပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်မတိုင်မီ ပျူနိုင်ငံတော်ကြီးရှိခဲ့ပြီး ရာစုနှစ်များစွာ ကြာမြင့် တည်တံ့ခဲ့ကြောင်း အိမ်နီးချင်းနိုင်ငံမှ သမိုင်းမှတ်တမ်းများတွင် လည်း အထောက်အထားများရှိနေသည်။ ရှေးဟောင်းပျူမြို့များမှ အကြွင်းအကျန်များအပြင်    ပျူယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အထောက်အထားများကို မျက်မှောက်ခေတ်    မြန်မာနိုင်ငံ၏ နယ်နိမိတ်ကျော်လွန်၍ပင် တွေ့ရှိရသည်။    ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းသုံးမြို့တွင် သရေခေတ္တရာမြို့ဟောင်းက အရွယ်အစားအကြီးဆုံးဖြစ်ပြီး  ဗိဿနိုးက  သရေခေတ္တရာ၏ ၆၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဟန်လင်းက သရေခေတ္တရာ၏ ၃၃ ဒသမ ၆ ရာခိုင်နှုန်း အရွယ်အစားကိုယ်စီရှိကြသည်။

 


ပျူမြို့ဟောင်းများ သုတေသနပြုတူးဖော်မှုလုပ်ငန်းများမှာ ပြီးပြည့်စုံမှုမရှိသေးဘဲ   နှစ်အလိုက် ဆောင်ရွက်နေခြင်းဖြစ်ရာ ကာလကြာမြင့်သည်နှင့်အမျှ ရှေးဟောင်းပစ္စည်းတူးဖော်ခိုးယူ မှုများ၊ ရှေးဟောင်းအမွေအနှစ်နယ်မြေပေါ် အိမ်ရာများကျူးကျော် ဆောက်လုပ်နေထိုင်မှု၊ ထွန်ယက်စိုက်ပျိုးမှု၊   မြေကြီးတူးယူမှု စသဖြင့်   လူတို့၏ပယောဂများကြောင့်     ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့်အန္တရာယ်ရှိနေသည်။ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာကို ရန်ကုန်-ပြည်ရထားလမ်း က အလယ်တည့်တည့်မှ ဖြတ်သန်းဖောက်လုပ်ခဲ့ရာ မြို့ရိုးအရှေ့ တောင်ဘက်နှင့်  အနောက်မြောက်ဘက်တို့တွင်   နှစ်နေရာ ဖျက်ခံခဲ့ရသည်။ ထုထည်ကြီးမားလှသည့်   သရေခေတ္တရာ၏ မြောက်ဘက်မြို့ရိုးဟောင်းပေါ်တွင်လည်း ပြည်-ပေါင်းတလည်- ပေါက်ခေါင်းကားလမ်းကို တင်၍ဖောက်လုပ်ခဲ့ရာ ရှေးဟောင်း အမွေအနှစ်တို့၏ တန်ဖိုးကို  မသိနားမလည်ခြင်း    သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးခြင်းဟူ၍ပင် ဆိုသင့်တော့သည်။

 


မိမိနိုင်ငံ၏    ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အပေါ် တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ် ရှင်သန်ထက်မြက်မှု၊ တိုင်းပြည်၏  ရှေးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထားဂုဏ်ယူမှုတို့ကို ဖြစ်ပေါ်လာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားခဲ့ရာ မြေပေါ်မြေအောက်တွင် တည်ရှိနေသည့် ရှေးဟောင်းအမွေအနှစ်များက နိုင်ငံနှင့်လူမျိုး တို့၏ သမိုင်းအစဉ်အလာကြီးမြင့်မှုနှင့် ယဉ်ကျေးမှုမြင့်မားမှုတို့ကို ခိုင်မာသည့်  သက်သေသာဓကများအဖြစ်  ပြောပြကြလိမ့်မည် ဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ  ဖော်ထုတ် ထိန်းသိမ်းရေး၊ မပျက်မစီးအောင်   ကာကွယ်စောင့်ရှောက်ရေး တို့ကို  ဒေသခံများနှင့်တကွ ပြည်သူလူထုတစ်ရပ်လုံးကပါ မိမိ တို့၏ တာဝန်အဖြစ်ခံယူကာ အမျိုးသားရေးတာဝန် ကျေပွန်နိုင် ကြပါစေကြောင်း။        ။