ထာဝရစွဲကိုင်ရမည့် အမျိုးသားရေးဝါဒ

 

 

မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍   အနောက်နိုင်ငံများမှ   မီဒီယာများက မမျှမတ၊ တစ်ဖက်စောင်းနင်း ဖော်ပြကြသည်မှာ အစဉ်အလာတစ်ရပ် ဖြစ်နေပြီဖြစ်သည်။ အကယ်၍ မှားယွင်းသွားကြောင်း သိရှိသည့်အခါ မျိုးတွင်ပင်  မီဒီယာ၏  ကျင့်ဝတ်နှင့်အညီ  ပြင်ဆင်မှုမပြုလုပ်ဘဲ မသိမသာထိမ်ချန်ထားကာ ပြီးပြီးပျောက်ပျောက်အမေ့ခံထားလိုက် ကြသည်။ မြန်မာနိုင်ငံတွင် မည်သို့သော အစိုးရက တာဝန်ယူနေသည် ဖြစ်စေ အနောက်မီဒီယာများ၏ သတင်းခန်းများမှ ပုံဖော်မှုများမှာ အစဉ်သဖြင့် မကောင်းသတင်းများသာဖြစ်ပြီး ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်များမှာ မကောင်းသည့် ပုံရိပ်များသာဖြစ်သည်။ ၎င်းတို့၏   သတင်းရင်းမြစ်များမှာ   အစိုးရကို   ဆန့်ကျင်နေသည့် အုပ်စုများ၊ ပြည်ပြေးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အနောက် အုပ်စုပါလီမန်များကို  ချဉ်းကပ်ကာ  မြန်မာ့မြေကိုဖဲ့ယူရန် ကြံစည် နေသူများမှသည်      လတ်တလောဖြစ်ရပ်များတွင်     ပြည်တွင်း အကြမ်းဖက်သမားများနှင့် ကျင့်ဝတ်မဲ့မီဒီယာအချို့တို့အထိ ပါဝင်ရာ မှန်ကန်သော သတင်းအချက်အလက်များမဟုတ်ဘဲ ပုံပျက်ပန်းပျက် သတင်းများသာဖြစ်‌နေသည်မှာ အဆန်းမဟုတ်ဟုဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေး အပြောင်းအလဲနှင့် အရေးပေါ်ကာလ တစ်ရပ်ကိုဖြတ်သန်းနေရပြီး မျက်မှောက်ကာလ ပြည်တွင်းပြည်ပ မှ ဆန့်ကျင်ဘက်အင်အားစုများက မြန်မာနိုင်ငံ၏ အမျိုးသားရေး ဝါဒဟု ဆိုအပ်သော  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အဆက်မပြတ်    ထိုးနှက်တိုက်ခိုက်လျက်ရှိသည်ကို   တွေ့ရသည်။ ပြည်တွင်းမှ   အကြမ်းဖက်အုပ်စုများနှင့်   နယ်စပ်ဒေသများမှ   EAO အချို့တို့ကို   ပံ့ပိုးထောက်ပံ့မြှောက်ပင့်ပေးနေမှုများက   ပြည်ထောင်စု မြန်မာနိုင်ငံကြီး   ပြိုကွဲပျက်စီးရေးလမ်းကြောင်းပေါ်သို့   မရောက် ရောက်အောင်    တွန်းပို့နေခြင်းပင်ဖြစ်သည်။     ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို စိတ်ဝင်စားခြင်းမရှိသလို မြန်မာပြည်သူတို့၏ ပကတိဆန္ဒအစစ် အမှန်ကိုလည်း   သိရှိနားလည်လိုခြင်းမရှိ၊  မြန်မာနိုင်ငံအပေါ် ၎င်းတို့ ဖြစ်စေလိုသည့် ပုံသွင်းမှုကသာ အဓိကဖြစ်သည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ စုတို့ စုပေါင်း နေထိုင်ကြသည့်   ပြည်ထောင်စုနိုင်ငံဖြစ်ပြီး   ကိုလိုနီနယ်ချဲ့တို့က ချထားရစ်ခဲ့သည့် သံသယအစွဲအလမ်းတို့မှာလည်း လွတ်လပ်ရေးနှင့် အတူလက်ခံလိုက်ရသည့် အမွေဆိုးပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျှင် ၁၉ ရာစုနယ်ချဲ့ဝါဒီ အနောက်နိုင်ငံ၏ မြန်မာ့ သယံဇာတများ လုယူကုပ်သွေးစုပ်ခြင်း၊ မြန်မာပြည်ဖွားတိုင်းရင်းသူ တိုင်းရင်းသားတို့အပေါ် လူမျိုးကြီးဝါဒကျင့်သုံးခဲ့ခြင်း၊ လူလူချင်းခွဲခြား ဆက်ဆံခဲ့ခြင်း၊ လူ့အခွင့်အရေးများကို လျစ်လျူရှုခဲ့ခြင်း၊ တိုင်းရင်းသူ တိုင်းရင်းသားများအကြား သွေးခွဲရန်တိုက်ခဲ့ခြင်းတို့ကို ရာစုနှစ် တစ်ခု စာမျှခံစားခဲ့ရပြီး ဒဏ်ရာဒဏ်ချက်လည်းကြီးမားခဲ့သည်။ လွတ်လပ် ရေးရချိန်တွင် မြန်မာ့မြေပေါ်၌ရှိသမျှသော နယ်ချဲ့တို့၏ ရင်းနှီးမြှုပ်နှံ မှုများကို  ပြာပုံများအဖြစ်သာရရှိခဲ့ပြီး  သွေးခွဲမှု၏ရလဒ်ဖြစ်သော လက်နက်ကိုင်တိုက်ပွဲများက ဖြစ်ပေါ်လာခဲ့သည်။
မိမိတို့နိုင်ငံ၏  ပစ္စက္ခကာလသည်  ချွတ်ချော်တိမ်းပါးခဲ့သော ဒီမိုကရေစီကို    ပြန်လည်တည့်မတ်ထိန်းသိမ်းနေရသည့်    ကာလ ဖြစ်သည်။  တစ်ဖက်တွင်လည်း  ဆန့်ကျင်မှုများ၊  အတိုက်အခံများ သာမက အပြင်းအထန်အကြမ်းဖက်မှုများအထိ ရှိနေသည်။ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း နိုင်ငံ‌ရေး၊ စီးပွားရေး၊ လူမှုရေးတို့ အောင်မြင် မှုမရခဲ့သည့်  အစိုးရလက်ထက်တွင်  လူမှုကွန်ရက်မှတစ်ဆင့် အမုန်း စကားနှင့်   အမုန်းတရားပျံ့နှံ့မှုတို့  ကြီးထွားခဲ့သည်။  ယင်းမှရလဒ် တချို့တွင် တပ်မတော်အပေါ် မုန်းတီးစေခြင်း၊ အတိုက်အခံပါတီအပေါ် အမြင်စောင်းစေခြင်းတို့လည်း ပါဝင်သည်။ မြန်မာနိုင်ငံ၏ အနာဂတ် ခရီးတွင်     စည်းလုံးညီညွတ်ခြင်းကသာ     ကောင်းကျိုးရလဒ်ကို  ဖြစ်ထွန်းစေမည်ဖြစ်သည့်အလျောက်     ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု   မပြိုကွဲရေး၊  တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုသားရေး ဝါဒကို ထာဝရစွဲကိုင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။          ။