ထာဝရမပျက်ယွင်းသင့်သည့် ကျေးဇူးတရား

Type

မောင်မိုးညို

ကျေးဇူးဆိုသည့် နယ်ပယ်မှာ အလွန်ပင်ကျယ်ပြန့် နက်နဲလှပါပေသည်။ ကျေးဇူးဟူသည် ကောင်းခြင်းမင်္ဂလာ၊ ကောင်းသောတရားဖြစ်၍ အနည်းငယ်မျှသော ကျေးဇူးကိုပင် အသိအမှတ်ပြုကြရပါသည်။ နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ တစ်စုံတစ်ရာ ကူညီလိုက်သည်နှင့်  “ကျေးဇူးပါ” ဟူ၍ ချက်ချင်း အသိအမှတ်ပြု  တုံ့ပြန်ကြသည်မှာ ယဉ်ကျေးသူတို့၏ အပြုအမူ၊ နိုင်ငံကြီးသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်သည်။  
ဤလောကတွင် အရာအားလုံးတို့သည် အပြန် အလှန်ကျေးဇူးပြုခဲ့ကြသည်သာ ဖြစ်သည်။ မဆုံး နိုင်သော ဘဝသံသရာတွင် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ကျေးဇူးပြုမိခဲ့ကြသည်ကို ဘုရားရှင်မှတစ်ပါး မည်သူမျှ တိတိကျကျ အသေးစိတ်သိနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် မည်သူ့အပေါ်တွင်မှ အနိုင် အထက်ပြုကျင့်ရန် မသင့်ပေ။ အနှိုင်းမဲ့ကျေးဇူးရှင် ဟူသည် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား များ  ဖြစ်ကြပေသည်။  ခင်ပွန်းကြီးဆယ်ပါးတွင် ထမင်း တစ်လုတ်၊ ရေတစ်မှုတ်မျှ စားသောက်ဖူးရုံ မျှနှင့်ပင်   ကျေးဇူးရှိကြောင်း  ပြဆိုထားပါသည်။ ထို့ကြောင့် ကျေးဇူးကို  မဆပ်ချင်လျှင်နေပါ၊   မချေ ဖျက်ဖို့၊ ကျေးဇူးမကန်းမိဖို့ အထူးလိုအပ်ပါသည်။ 
သူ့ထမင်းကို   တစ်လုတ်မျှ   စားဖူးခဲ့ရုံမျှဖြင့် ထိုထမင်းရှင်၏   ကျေးဇူးအား   အထူးသိသည့် ရာဇဝင်ဇာတ်လမ်းတစ်ပုဒ်ကို    ရှေးကာလက အခြေခံပညာ ကျောင်းသင်ခန်းစာတွင် မှတ်သားခဲ့ဖူး ပါသည်။ မြန်မာ့သမိုင်းဦးကုလား မဟာရာဇဝင် တော်ကြီး   ပထမတွဲ  စာမျက်နှာ ၃၄၃-၃၄၄ တွင် “ငါးစီးရှင်ကျော်စွာ   ပင်လယ်ကို   စားသောအခါ ညီတော်ဖြစ်သူ စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံရန် ငခင်ညိုဟူသော  ကျွန်ကို  စေတော်မူ သည်။ ငခင်ညိုသည် စစ်ကိုင်းသို့ကူး၍ အရိပ်အခြည် ကြည့်သော်  မလုပ်ကြံသာသောကြောင့်  တောတွင် သုံးရက် ပုန်းအောင်းနေလေသည်။ 
ငခင်ညိုသည်     အခါသင့်၍    လုပ်ကြံမည်ဟု နန်းတော်သို့တက်လေရာ  နန်းတော်တွင်  နတ်တင် ထားသောထမင်းကို   တွေ့ရသည်။  သုံးရက်တိုင် ထမင်းမစားခဲ့ရသော   ငခင်ညိုသည်   ထိုထမင်းကို အားရစွာ  စားပြီးသော်  နန်းတော်တွင်းသို့ဝင်၍ အသင်္ခယာစောယွမ်းကို  လုပ်ကြံရန်  စောယွမ်း၏ ခေါင်းရင်းတွင်   ရပ်လေ၏။ ထိုတွင်  ငခင်ညိုသည် “ဤအသင်္ခယာ စောယွမ်းကား ငါ၏ ထမင်းရှင်ဖြစ်၍ ပြစ်မှားမိခြေက သံသရာအပြစ် အလွန်ကြီးမည်”ဟု အကြံဖြစ်၍ မလုပ်ကြံတော့ဘဲ အသင်္ခယာစောယွမ်း ထံ ရောက်ရှိကြောင်း  သက်သေပြရန်  အရှင်သခင် ကျော်စွာက  အသင်္ခယာစောယွမ်းအား  ပေးထား သော ပတ္တမြားကျောက်စီဓားကိုသာယူ၍ ပြန်လာခဲ့ သည်။
ကျေးဇူးသိသော ငခင်ညို
ငါးစီးရှင်လည်း   ငခင်ညို၏   အစီရင်ခံ လျှောက် ထားချက်ကို အားရကျေနပ်သဖြင့် အမျက်မထွက် ရုံမက  “ထမင်းရှင်ကိုပင်     ဤမျှကျေးဇူးသိသော ငခင်ညိုသည်   ငါ့အပေါ်တွင်   ကျေးဇူးသိမည်မှာ ဆိုဖွယ်ရာမရှိ” ဟု  တွေးတောကာ  အလွန်ချီးမွမ်း လျက်     ဆုလာဘ်များစွာ     ပေးသနားတော်မူလေ သည်။  ဤကျေးဇူးသိတတ်သော   ဇာတ်လမ်းမှာ မြန်မာရာဇဝင်သမိုင်းတွင်   မှတ်တမ်းအထင်အရှား ရေးထိုးထားပါသည်။  ထမင်းတစ်ဝမ်းစားခဲ့ရသဖြင့် ဘုရင့်အမှုတော်      ပျက်ကွက်ခဲ့ရသည်ကို     အမှန် အတိုင်း     လျှောက်တင်ရာ      ဘုရင်ကလည်း   အမှန်တရားကို   ဆင်ခြင်ကာ  နားလည်ပေးနိုင်ခဲ့သည် မှာ  မှတ်သားစရာဖြစ်သည်။  ဘုရင့်အမှုတော်ထမ်းက ထမင်းတစ်ဝမ်း     ကျေးဇူးသိသလို    ဘုရင်အရှင်က လည်း  အမြော်အမြင်ကြီးမားပေသည်။
လောကတွင်   ငခင်ညိုကဲ့သို့၊   ဘုရင်ကျော်စွာကဲ့ သို့     ထမင်းတစ်လုတ်၊   ထမင်းတစ်ဝမ်း၏ ကျေးဇူး မည်မျှကြီးသည်ကို        သိနိုင်ရန်   လိုအပ်ပေသည်။ ကျေးဇူးသိသောသူအပေါ်တွင်  နားလည်ရှုမြင်တတ် သောခေါင်းဆောင်၏      အရည်အချင်းကိုလည်း ခန့်မှန်းနိုင်ပေသည်။  ကျေးဇူးသိတတ်ခြင်းသည် မည်မျှ အကျိုးများသည်ကိုလည်း ရှုမြင်နိုင်ပေသည်။ လောကတွင်   ထမင်းတစ်နပ်  ကျေးဇူးထက်ပိုသည့် မွေးကျေးဇူး၊ ဘဝရပ်တည်နိုင်မှုကျေးဇူး၊ ဘဝမြင့်မား လာစေမှု ကျေးဇူးတို့သည် ပိုမိုကြီးမားမည်ဖြစ်သည်။
နိုင်ငံတော်အကျိုး ထမ်းရွက်လို၍ အမှုတော်ထမ်း
နိုင်ငံ့ဝန်ထမ်းများသည်    နိုင်ငံတော်၏ တာဝန် များ၊ မိမိတို့ လုပ်ငန်းဌာန၏ တာဝန်များကို ကျေပွန် စွာ   ထမ်းဆောင်နေကြသူများ ဖြစ်သည်။    ချမ်းသာ ကြွယ်ဝလို၍       နိုင်ငံ့တာဝန်ထမ်းဆောင်ကြခြင်း မဟုတ်ဘဲ     နိုင်ငံတော်အကျိုး၊    ပြည်သူ့အကျိုး ထမ်းရွက်လို၍  အမှုထမ်းတာဝန်ဆောင်ရွက်ခြင်းဖြစ်သည်။ ဤကဲ့သို့  တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သည့်အလျောက်    နိုင်ငံတော်က   နိုင်ငံ့ဝန်ထမ်း များအား   ချီးမြှင့်လစာငွေနှင့်   ရသင့်သည့်ရိက္ခာ၊ ထိုက်သင့်သည့်   အခွင့်အရေးနှင့်  သင့်လျော်သည့် ခံစားခွင့်များကို  အဆင့်လိုက်ပေးအပ်ထားပေသည်။
နိုင်ငံတော်၏ ကျေးဇူး 
နိုင်ငံတော်နှင့်    ပြည်သူ့အကျိုးကို   ကျေပွန်စွာ ထမ်းရွက်ကြသည့်    နိုင်ငံ့ဝန်ထမ်းများအား   နိုင်ငံ့ ဘဏ္ဍာငွေမှ   ချီးမြှင့်သော  လစာငွေနှင့်  အခါအား လျော်စွာ     နိုင်ငံတော်က     ပံ့ပိုးကူညီပေးမှုနှင့် သက်ဆိုင်ရာဌာနများက  တာဝန်ကို ထမ်းဆောင်မှု အတိုင်းအတာအလျောက်   အခွင့်အရေးများ   ရရှိ မှုကြောင့်    ဝန်ထမ်းနှင့်တကွ   ဝန်ထမ်းမိသားစု  ဣန္ဒြေရစွာနေနိုင်မှု၊   တစ်ဆင့်ထက်တစ်ဆင့် လူမှု ဘဝမြင့်မားလာမှုများသည်         အစဉ်တည်တံ့   ဖြစ်တည်နေသော    နိုင်ငံတော်၏   ကျေးဇူး၊ သက်ဆိုင်ရာဌာနများ၏  ကျေးဇူးကြောင့်   ဖြစ်ထွန်း ခဲ့သည်ကို      ငြင်းဆိုစရာရှိမည်   မဟုတ်ပါ။    နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းလာသော   လုပ်ငန်း အတွေ့အကြုံများအရ မိမိတို့၏   လုပ်ရည်ကိုင်ရည်၊  အတွေးအခေါ်များ မြင့်မားတိုးတက်လာသည်မှာ   နိုင်ငံတော်၏ကျေးဇူး၊ မိမိဌာန၏   ကျေးဇူးကြောင့် ဖြစ်သည်မှာ  ယုံမှား သံသယမရှိပါ။
အချို့ဌာနများမှ   ဝန်ထမ်းများအနေဖြင့်  နိုင်ငံ တော်၏   ခွင့်ပြုမှု၊   မိမိတို့ဌာနမှ   စေလွှတ်ပေးမှု တို့ကြောင့်     မိမိတို့    ကိုယ်ပိုင်ငွေဖြင့်    မည်သို့မျှ ရောက်ရှိရန် မဖြစ်နိုင်သော နိုင်ငံများ၊ ရောက်ရှိရန် မလွယ်ကူသောနိုင်ငံများ၊   အိပ်မက်ပင်  မမက်ဖူး သော  နိုင်ငံများသို့  ပညာတော်သင်အဖြစ်သော် လည်းကောင်း၊ လုပ်ငန်းတာဝန်အဖြစ်သော်လည်း ကောင်း၊   လေ့လာရေးအဖြစ်သော်လည်းကောင်း  တစ်ခေါက်ဖြစ်စေ၊    အချို့လည်း   တစ်ခေါက်မက၊ အချို့လည်း  အကြိမ်ကြိမ်  သွားရောက်ခဲ့ကြရပါသည်။ အလွန်ထူးကဲသော ကံကောင်းမှုဖြစ်သည်။ အခြား ပြင်ပမှ  ပြည်သူများ  လုံးဝမရနိုင်သော အခွင့်အရေး ဖြစ်သည်။
ခံစားခွင့်များရရှိ
ထိုကဲ့သို့ တိုင်းပြည်အကျိုး၊  ပြည်သူ့အကျိုးကို ကြိုးကြိုးစားစားထမ်းဆောင်ရင်း  တစ်ဖက်မှ နိုင်ငံ တော်က၊ မိမိတို့ဌာနက  လစဉ်ထုတ်ပေးသော လစာ ငွေအပြင်  ဖြည့်ဆည်းဆောင်ရွက်ပေးသော  ပုံမှန် အခွင့်အရေးနှင့်  ခံစားခွင့်များ၊  အခါအားလျော်စွာ ပေးအပ်သည့်   အထူးအခွင့်အရေးများ၊  နိုင်ငံခြား သို့  သွားရောက်ရခြင်း  အထူးအခွင့်အရေးများနှင့် ရုံးတက်ရုံးဆင်း ကြို၊ ပို့ ဆောင်ရွက်ပေးခြင်း၊ နေစရာ အိမ်ရာများ  ဖြည့်ဆည်းပေးခြင်း၊  ဝတ်စုံစရိတ်များ ထောက်ပံ့ပေးခြင်းစသည့်   ခံစားခွင့်များကိုလည်း စဉ်ဆက်မပြတ်    ရရှိခဲ့ကြပါသည်။ လုပ်သက်နှင့် အရည်အသွေးနည်းသဖြင့်     မခံစားရသေးသော ဝန်ထမ်းများလည်း    ကြိုးစားအားထုတ်မှုရှိလျှင်ရှိသလို  နောင်တွင် ရရှိလာကြမည်ဖြစ်သည်။
ဤကဲ့သို့  ထမင်းတစ်ဝမ်းသာမက ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ   အတွက်ပါ       သင့်တင့် လျောက်ပတ်စွာ  ဘဝရပ်တည်နိုင်သော၊ ဂုဏ်သိက္ခာ ရှိစွာဖြင့်            စိတ်အေးလက်အေး   နေနိုင်သော  အခြေအနေများသည် ပြည်သူများကို  ကိုယ်စားပြု သည့်၊ နိုင်ငံတော်နှင့်   ပြည်သူများကို   အလုပ်အကျွေး ပြုသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏    ကျေးဇူး များကြောင့်ဖြစ်ရာ  ယင်းကျေးဇူးများကို  သိတတ်ဖို့ လိုပါသည်။ မိမိတို့ဘဝကို  တဖြည်းဖြည်း  မြင့်မား တိုးတက်လာအောင်  ဆောင်ကြဉ်းပေးခဲ့သော    နိုင်ငံတော်နှင့်    မိမိတို့    တာဝန်ထမ်းဆောင်ရာ    လုပ်ငန်းဌာန၏   ကျေးဇူးကို    သိတတ်ဖို့လိုပါသည်။
စစ်မှန်သည့် ကျေးဇူးတရား
ရန်သူပင်ဖြစ်သော်လည်း  ထမင်းတစ်ဝမ်းမျှ တည်းဟူသော   ကျေးဇူးတရားကို နားလည်သည့် မင်းမှုထမ်းကဲ့သို့၊     ထမင်းတစ်ဝမ်းကျေးဇူးကို သိသည့်  မင်းမှုထမ်းအပေါ်တွင်  နားလည်ပေးသည့်၊ အမြော်အမြင်ရှိသည့်  မင်းကောင်းမင်းမြတ်ကဲ့သို့ သစ္စာစောင့်သိမှု၊       ဆင်ခြင်တုံတရားရှိမှုတို့ကို မှတ်သားကြရမည်ဖြစ်သည်။    မင်းအပေါ်တွင် ချစ်ခြင်း၊  မုန်းခြင်းမပါသည့်  စစ်မှန်သည့် ကျေးဇူး တရား၊  သစ္စာတရားသည်သာ   အမွန်မြတ်ဆုံးဖြစ်ပါ သတည်း။
နိုင်ငံ့ဝန်ထမ်းအားလုံး   နိုင်ငံတော်နှင့်   ပြည်သူ ကို   ကိုယ်စားပြုသည့်  မိမိတို့ဌာန  အသီးသီးအပေါ် တွင်  ပုဂ္ဂိုလ်စွဲ၊  ဝါဒစွဲမပါဘဲ  အစဉ်ထာဝရ သစ္စာရှိ စွာ၊  ကျေးဇူးသိတတ်စွာ        ဆောင်ရွက်နိုင်ကြ ပါစေ။      ။