၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့်ကန့်သတ်ချက်မျှ မထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာ နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက ဖိတ်ခေါ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေး (၇၅) နှစ်ပြည့် မြောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ရာ ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနှစ်အတွင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ စေရေးနှင့် ငြိမ်းချမ်းရေးဟူသော လုပ်ငန်းစဉ်တို့ကို တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တို့ကို အခြေခံ၍ ဖော်ဆောင်နေခြင်းဖြစ်သည်။ NCA စာချုပ်သည် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်များ နှင့် အဆိုပြုချက်များကို မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားခြင်း ဖြစ်သကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ ထောက်ခံအားပေးမှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြုလေးစားမှုတို့ကိုလည်း ရရှိထားရာ NCA စာချုပ်ပါ အချက်များမှာ အမြဲအလေးထားကြရမည့် အချက်များပင်ဖြစ် သည်။ စင်စစ် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ဟုဆိုသော်လည်း အနှစ်သာရအားဖြင့် ပိုမိုနက်ရှိုင်း ကျယ်ပြန့်သည်။ NCA ၏ အခြေခံမူ ပထမအချက်တွင် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရန် သဘောတူသတ်မှတ်ထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ သည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေး ရေးအတွက် တံခါးကို အမြဲဖွင့်လှစ်ထားကြောင်း အတိအလင်း ကြေညာထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သည့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်း သာယာရေးအတွက် ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပြည်တွင်း ပြည်ပအဖျက်အမှောင့်များ၊ ပြည်တွင်း အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက် အားပေး ပြည်ပလက်ဝေခံမီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများ စသည့်အနှောင့်အယှက်များစွာတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို များစွာထိခိုက်စေသည်။ ငြိမ်းချမ်းရေးသည် တစ်ဖက် တည်းက ဆောင်ရွက်နေ၍မရဘဲ ပါဝင်ပတ်သက်နေသည့် အားလုံးက ငြိမ်းချမ်းရေးကို လိုလိုလားလားနှင့် ရိုးသား ဖြောင့်မတ်ရန်၊ မသမာသူတို့က မည်သို့ပင် သွေးထိုးလှုံ့ဆော်၊ တွန်းတိုက်ကြစေကာမူ ငြိမ်းချမ်းရေးလမ်းကြောင်းကို ယုံယုံ ကြည်ကြည်ဖြင့် မမှိတ်မသုန် လျှောက်လှမ်းသွားနိုင်ကြရန် လိုအပ်သည်။
လွတ်လပ်ရေးသက်တမ်း (၇၅)နှစ် ပြည့်မြောက်တော့မည်ဖြစ် သည့် မိမိတို့နိုင်ငံအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများမှ ရုန်းထွက် ကာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ပေါ်သို့ ရောက်ရှိရန် အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းအတွက် အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးပင် ဖြစ်ရာ ပြည်ထောင်စုကြီး၏အကျိုးကို ရှေးရှုလျက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည် ချီတက်နိုင်ကြပါစေကြောင်း။ ။