ထိခိုက်လွယ်သူ ဖေးမကူ အရေးပေါ်က စောင့်ရှောက်ကြ

ကမ္ဘာပေါ်တွင်   လူဦးရေသန်းပေါင်း   ငါးထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလ သမဂ္ဂကသတ်မှတ်ကာ နှစ်စဉ်ဇူလိုင် ၁၁ ရက်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပခဲ့သည်။ နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ကျင်းပရခြင်းမှာ ကမ္ဘာပေါ်တွင်အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစူးစိုက်မိကြစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာများ ဟုဆိုရာတွင် လူသားအားလုံးကျန်းမာကြံ့ခိုင်ပြီး ဘဝအရည် အသွေးတိုးတက်ကောင်းမွန်စေရေးနှင့် သာယာဝပြောသည့် လူ့ဘောင်သစ်တည်ထောင်နိုင်ရေးအတွက် မျိုးဆက်ပွားကျန်းမာ ရေး၏ အရေးပါမှု၊ ကျား - မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးလျှော့ ချမှု၊ ကိုယ်ဝန်ဆောင်များ၊ မိခင်နှင့်ကလေးများ ကျန်းမာရေး စောင့်ရှောက်မှု စသည့်ကဏ္ဍများပါဝင်လျက်ရှိသည်။ ကမ္ဘာ့လူဦး ရေသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် သန်းပေါင်း ၈၀၀၀ ပြည့်ပြီဟု ကုလသမဂ္ဂကကြေညာခဲ့ရာ ယခုနှစ်တွင်ကမ္ဘာ့လူဦးရေ သည်သန်းပေါင်း ၈၀၀၀ ကျော် (၈ ဒသမ ၁ ဘီလီယံကျော်) သို့ ရောက်ရှိလာပြီဖြစ်သည်။    ကမ္ဘာ့လူဦးရေတိုးတက်လာခြင်း သည် လူများ၏ကျန်းမာရေး၊ အစာအာဟာရ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊  ဆေးဝါးများ   တိုးတက်ကောင်းမွန်လာခြင်းတို့ ကြောင့်ဖြစ်သလို လူဦးရေတိုးလာခြင်း၏ အကျိုးဆက်အဖြစ် နိုင်ငံများစွာတို့တွင် တန်းတူညီမျှမှုမရှိခြင်း၊ ဆင်းရဲချမ်းသာကွာဟ မှုပိုများလာခြင်း၊     စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊   ရေရှားပါး ပြတ်လပ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို ခံစားကြရသူ များ ပိုမိုများပြားလာခြင်းတို့ ဖြစ်ပေါ်လာသည်။
ယခုနှစ်ကမ္ဘာ့လူဦးရေနေ့၏ ဆောင်ပုဒ်မှာ “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” “Helping vulnerable populations in emergencies” ဟူ၍ဖြစ်ပြီး မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဖြစ်ပေါ်လျက်ရှိသည့် အမျိုးမျိုးသော ပဋိပက္ခများနှင့် စစ်မက်ဖြစ်ပေါ်တိုက်ခိုက်နေမှုများ၊ သဘာဝ ဘေးအန္တရာယ်များနှင့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုများတွင် ထိခိုက်လွယ်သူ၊ ပိုမိုခံစားကြရသူများဖြစ်သည့် အမျိုးသမီးများ၊ ကလေးများနှင့် လူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အို များနှင့် ဆင်းရဲနွမ်းပါးသူများကို ဖေးမကူညီရန်၊ အရေးပေါ် အခြေအနေများတွင် ဦးစားပေးစောင့်ရှောက်မှုပြုနိုင်ရန် မီးမောင်း ထိုးပြထားခြင်းပင်ဖြစ်သည်။ အဆိုပါထိခိုက်လွယ်သူအုပ်စုများမှာ ၎င်းတို့ရင်ဆိုင်ကြုံတွေ့ကြရသည့် ဘေးအန္တရာယ်များနှင့် အခက်အခဲများကို ခုခံနိုင်စွမ်းနည်းပါးသလောက် ၎င်းတို့၏ လိုအပ်ချက်များနှင့် မဖြစ်မနေဖြည့်ဆည်းရန် လိုအပ်သည့်ကိစ္စ များတွင် လျစ်လျူရှုခံနေကြရသည်။
မြန်မာနိုင်ငံ၏လူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်မှုများအရ   ၂၀၂၃ ခုနှစ်   အောက်တိုဘာ ၁ ရက်တွင် ၅၆ ဒသမ ၂ သန်းရှိခဲ့သည်။ လက်ရှိနိုင်ငံအတွင်းရှိ ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များ၊ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်စဉ် များအတွင်း   ထိခိုက်လွယ်သူများဖြစ်သည့်  အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများစွာတို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေ ကြရပြီး အချို့မှာမူ ထွက်ပြေးတိမ်းရှောင်မှုပင်မပြုနိုင်ဘဲ အန္တရာယ် ဇုန်များတွင် ကျန်နေရစ်ခဲ့ကြရကြောင်းသိရှိရသည်။ ဘေးအန္တရာယ် ကျရောက်မှုများအတွင်း ထိခိုက်လွယ်သူများမှာ စားဝတ်နေရေး နှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များရှိနေသကဲ့သို့ ကျောင်းနေ အရွယ်ကလေးများ ပညာသင်ယူခွင့်ဆုံးရှုံးနေရမှုများလည်း ရှိနေ သည်။  လတ်တလောဖြစ်စဉ်များတွင်   လူနေရပ်ကွက်များကို ဦးတည်၍  အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်  ထိခိုက် လွယ်သူများ  သေဆုံး၊ ဒဏ်ရာရရှိမှုများ   ဖြစ်ပေါ်ခဲ့ရသည်ကို သတင်းများတွင် တွေ့ရှိရသည်။
ကမ္ဘာပေါ်ရှိ   အခြားနိုင်ငံများကဲ့သို့ပင်   မိမိတို့နိုင်ငံတွင် လတ်တ‌လောဖြစ်ပေါ်နေသည့်     အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များအတွင်း ထိခိုက်လွယ် သူများမှာ ပိုမိုခံစားနေကြရသည်ကို  အလေးအနက်သတိမူ၍ ၎င်းတို့လိုအပ်လျက်ရှိသည့် ဖေးမကူညီစောင့်ရှောက်မှုများကို မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ကြရပါမည့်အကြောင်း။    ။