
ကိုကျော်စွာ(ကျိုက်ပိ)
ဝါးသည် မြန်မာလူမျိုးတို့အတွက် အသုံးပြုမှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးဟု သိရသည်။ ဝါးကို မြန်မာ့လူနေမှုစနစ်တွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိပါသည်။ လူနေအိမ်များဆောက်လုပ်ရာတွင် ဝါးကို အသုံးပြုကြသည်။ အခြားသော လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင်လည်း သုံးလေ့ရှိပါသည်။ အချို့သော မြန်မာ့လက်မှုပစ္စည်းများသည်လည်း ဝါးကိုအခြေခံ၍ ပြုလုပ်ကြပါသည်။ ဥပမာ-မြန်မာ့ယွန်းထည်ပစ္စည်းများပင် ဖြစ်သည်။
မြက်အနွယ်ဝင် ဝါး
ဝါးနှင့်ပတ်သက်၍ လူ့အသုံးအဆောင်ပစ္စည်း များကို လူတို့သည် နေ့စဉ်သော်လည်းကောင်း၊ ရံဖန်ရံခါသော်လည်းကောင်း အသုံးပြုနေကြသော် လည်း ဝါးကို လူ့ အသုံးအဆောင်ပစ္စည်းပြုလုပ်သော အရာအဖြစ်သာ သိထားကြသည်။ အခြားအသုံး ဝင်မှုများကိုမူ သတိမမူမိကြပေ။ တကယ်တမ်း တော့ ဝါးသည် လူ့အသုံးအဆောင်ပစ္စည်းပြုလုပ် ရာတွင် အသုံးပြုနိုင်သလို အခြားသော အသုံးဝင်မှု များလည်း ရှိပါသည်။
ဝါးသည် မြက်အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြ သည်။ မြက်တို့သည် အစေ့မှ ပေါက်သောအခါ အခြားအပင်များနည်းတူ အမြစ်များနှင့် ပင်တံ တစ်ခုတည်းထွက်သောအမျိုးက နည်း၏။ အတက် ထွက်၍သော်လည်းကောင်း၊ အစုလိုက်အပြုံလိုက် အရုံလိုက်သော်လည်းကောင်း ပေါက်လေ့ရှိသည်။ အချို့ကား မြေအောက်တွင် ရိုင်ဇိုမ်ခေါ် ပင်တံဖွဲ့၍ ထိုပင်တံမှ အတက်နှင့် အခြားအပင်များနည်းတူ အကိုင်းများပေါက်စေ၏။ ဝါးသည်လည်း ဤ နည်းအတိုင်း ပေါက်လေ့ရှိပါသည်။ ကမ္ဘာဦးအစက ရေညှိရေမှော်လေးများမှတစ်ဆင့် မြက်ပင်ဖြစ်လာ သည်။ ဝါးပင်သည် ထိုမြက်ပင်ကလေးများမှ တစ်ဆင့်ဖြစ်လာသည့် မြက်ကြီးပင်အမျိုးအစား ဖြစ်ကြောင်း သိရပါသည်။
ဝါးပင်ဖွဲ့စည်းပုံ
ဝါးသည် အရုံလိုက် အစုလိုက် ပေါက်လေ့ ရှိသည်။ အောက်ခြေရှင်းသည်။ ပင်စည်တစ်ဝက် ကျော်မှစ၍ အကိုင်းအတက်များဖြာ၍ အထက်သို့ တက်၏။ အမြင့်အားဖြင့် ပေ ၈၀ မှ ၉၀ အထိရှိပါ သည်။ လုံးပတ်မှာမူ ၉ လက်မမှ ၁ ပေခွဲအထိ ရှိတတ်သည်။ အဆစ်ကြားအလျားမှာ ၁၂ လက်မ မှ ၃၁ လက်မအထိရှိတတ်ပြီး အရင်းပိုင်းက အသား ထူ၍ အဖျားပိုင်းက အသားပါးသည်။ ဝါးပင်သည် နှစ် ၆၀ မှ ၉၀ အတွင်း သုဉ်းသည်ဟု သိရပါသည်။
ဝါးပင်တို့၏ သဘာဝ
ဝါးပင်ကို အကြမ်းအားဖြင့် အုပ်စု သုံးစု ခွဲခြားထားသည်။ (၁) တစ်ပင်ချင်း ပေါက်သောဝါး၊ (၂) အစုလိုက်ပေါက်သောဝါး၊ (၃) အထက်ပါ အစုနှစ်စု ပေါင်းစပ်ပေါက်သော စကဝါးဟူ၍ ဖြစ်ပါသည်။ ဝါးပင်၏ သဘာဝသည် စည်းလုံးခြင်း သဘောရှိသည်။ အတ္တနည်း၏။ အဘယ့်ကြောင့် ဆိုသော် ဝါးပင်များစွာပေါက်ရောက်သောနေရာတွင် အခြားသော သစ်ပင်တို့ကိုလည်း ရှင်သန်ခွင့် ပေးသည်။ ပေါက်ရောက်ရှင်သန်နိုင်သောကြောင့် ဖြစ်သည်။ အခြားမည်သည့်အပင်မျှ ငါ့ဧရိယာ အတွင်း ရှင်သန်ခွင့်မပေးဟူသော အတ္တသဘော မရှိပေ။
ဝါးပင်သည် နှစ်ပေါင်း ၄၀ မှ နှစ်ပေါင်း ၆၀ ကြာသောအခါ အသီးသီးပြီး သေသွားလေ့ရှိသည်။ “ပေတစ်သီး ကျီးတစ်သား” ဟုဆိုသလို ဝါးပင်သည် လည်း တစ်သီးသီးပြီး သေလေ့ရှိသည်။ မြန်မာနိုင်ငံ တွင် ဝါးမျိုးပေါင်း ၂၂ မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂၀ ခန့်ရှိကြောင်း သိရသည်။ ဝါးပင်သည် ပင်လယ် ရေမျက်နှာပြင်အမြင့် ပေ ၃၀၀ မှ ပေ ၂၆၀၀ အကြား တွင် အများဆုံးပေါက်ရောက်သည်။ အပူချိန်အား ဖြင့် ၁၁ ဒီဂရီ ဖာရင်ဟိုက် မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်၊ မိုးရေချိန်အားဖြင့် ၃၁ လက်မမှ ၂၅၄ လက်မ ရေမဝပ်သောမြေနှင့် ဆားငန်ရေမှလွဲ၍ ရှင်သန် ပေါက်ရောက်နိုင်သည်။
ဝါးအမျိုးအစားများ
ဝါးသည် မြက်အနွယ်ဝင်ဖြစ်ကြောင်း အထက် တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မြက်အမျိုးပေါင်း ၄၂၀ ခန့်ရှိသည့်အနက် ထိုအထဲတွင် ၈၆ မျိုးသည် ဝါးမျိုး များဖြစ်သည်ဟု ဆိုပါသည်။ ထိုအမျိုးပေါင်းများစွာ ထဲကမှ မြန်မာ့စွယ်စုံကျမ်းတွင် ဝါးပိုးမျက်ဆန်ကျယ်၊ မြင်ဝါး၊ ဝါးပိုး၊ ဝါးယား သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ ကြလို့ဝါး၊ တင်းဝါး၊ ခရင်ဝါး၊ သိုက်ဝါး၊ ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါးကြီးနှင့် ထီးရိုးဝါးတို့ကိုသာ ဖော်ပြထားသည်။ ထို ဝါးအမျိုးအစားများထဲမှ အနည်းငယ်ကို ထုတ်နုတ်ဖော်ပြချင်ပါသည်။
ဝါးပိုးမျက်ဆန်ကျယ် - ဝါးကြီးမျိုးဖြစ်၍ အရင်း၌ ပင်လုံးသည် တစ်ပေခွဲ နှစ်ပေနီးပါးရှိ၏။ တောတောင် ထူထပ်သောဒေသများတွင် ပေါက်လေ့ရှိပါသည်။ အများအပြား ပေါက်လေ့မရှိပေ။ ၁၈၉၄ ခုနှစ်တွင် အပွင့်ပွင့်ခဲ့၏။
မြင်ဝါး - အသားထူ၍ အခေါင်းသေး၏။ အရင်း လုံးပတ် ခုနစ်လက်မ ရှစ်လက်မအထိ ရှိသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်သည်။ အနှစ် ၂၀၊ ၂၅ နှစ်မှာ တစ်ခါပွင့်၏။ ၁၉၃၀ ပြည့်နှစ်က တစ်ခါ ပွင့်ခဲ့သည်။
ဝါးပိုးဝါး - ထိုဝါးကို အိမ်ခြံမြေနှင့် ဥယျာဉ်ခြံ အတွင်းစိုက်လေ့ရှိသည်။ တောထဲတွင် ပေါက်ရောက် မှုနည်းပါး၏။ ဝါးပိုးဝါးကို မျှစ်အဖြစ်စားသုံးနိုင်သည်။ ဝါးပိုးဝါးအပွင့်ကိုမူ ယနေ့တိုင် မတွေ့ရသေးဟု ဆိုပါ သည်။
ဝါးယား သို့မဟုတ် ဝါးနက် - ထိုဝါးကိုအောက် မြန်မာနိုင်ငံနှင့် ချောင်းကမ်းပါးဘေးများတွင် တွေ့ရ တတ်သည်။ ၂၅ နှစ်၊ အနှစ်၃၀ တွင် တစ်ခါပွင့်၏။ ပဲခူးချောင်းထဲတွင် ၁၉၄၀ ပြည့်နှစ်က နောက်ဆုံးပွင့် ကြောင်း သိရပါသည်။
ဝါးဖြူ - ထိုဝါးသည် အေးသောတောတောင်များ တွင် ပေါက်လေ့ရှိပါသည်။သို့သော် မပေါများပေ။ နှစ် ၂၀၊ ၂၅ နှစ်တွင် တစ်ခါပွင့်သည်ဟု ဆိုပါသည်။
ခရင်ဝါး- ထိုဝါးသည် လုံးပတ် ၁၁ လက်မမှ ၁၂ လက်မအထိရှိ၏။ ခရင်ဝါးကို ရခိုင်ရိုးမတောင်တန်း များတွင် များသောအားဖြင့် တွေ့ရသည်။ နောက်ဆုံး ၁၈၉၂ ခုနှစ်တွင် ပွင့်၍ နောက်တစ်ဖန်ပွင့်ကြောင်း မကြားရသေးပေ။
အထက်ဖော်ပြပါဝါးတို့သည် ဝါးအမျိုးအစား အကုန်မဟုတ်ပေ။ အနည်းငယ်သာဖော်ပြခြင်း ဖြစ်ပါ သည်။ အလုံးစုံသိလိုပါက မြန်မာ့စွယ်စုံ ကျမ်းတွင် ရှုကြပါကုန်။
ဝါး၏အသုံးဝင်ပုံနှင့် ဝါးလက်မှုပစ္စည်းများ
ဝါးကို မြန်မာလူမျိုးတို့သည် မျှစ်အဖြစ် ပြုလုပ်၍ လည်း ကြော်ချက်စားကြပါသည်။ မြန်မာလူမျိုး တို့၏ ရိုးရာအိမ်ဆောက်ရာတွင်လည်း ဝါးသည် မပါမဖြစ်ပေ။ ဝါးပိုးဝါး၊ ဝါးနက်ဝါး၊ ခရင်ဝါး၊ ဝါးဖြူ ဝါးစသည့် ဝါးများကို အိမ်ဆောက်ရာတွင် အသုံးပြု လေ့ရှိကြပါသည်။ အချို့က စားသောက်ဆိုင်များ ကိုပင် ဝါးများဖြင့် အလှဆင်ဆောက်လုပ်ကြသည်။ ဝါးကိုရက်၍ ဝါးထရံအဖြစ် အိမ်ကာခြင်းလည်း ရှိသည်။ မင်းကွန်းဘက်သို့ စာရေးသူရောက်ခဲ့စဉ်က မင်းကွန်းဆရာတော်ကြီး၏ ကျောင်းဝင်းအတွင်းမှာ ဝါးကို ရက်၍ အမိုးပြုလုပ်ထားသည်ကို တွေ့ခဲ့ရ သည်။ အချို့က ဝါးပိုးခြမ်းများဖြင့် အိမ်မိုးသည် များလည်း ရှိပါသည်။
ဝါးဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများစွာ လည်း ရှိပါသည်။ ဝါးဖြင့်ပြုလုပ်သော လက်မှု ပစ္စည်းများမှာ တောင်း၊ ဆန်ကောဆန်ခါ၊ ဝါး ကုလားထိုင်များ၊ ဝါးခမောက်များ စသည်တို့ ဖြစ်ပါ သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ပြုလုပ်သော နာမည်ကျော် ပုသိမ်ထီးအကြမ်းထည် ကိုလည်း ဝါး ဖြင့်ပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့အပြင် ဝါးကိုနှီးဖြာပြီး လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် ပုဂံဒေသ ညောင်ဦးမြို့၏ မြန်မာ့ လက်မှုပစ္စည်းဖြစ်သော ယွန်းထည်သည် အပါအဝင် ဖြစ်ပြီး မြန်မာ့လက်မှု အနုပညာပစ္စည်းတစ်ခုအဖြစ် ကမ္ဘာကျော်သည်။ ယနေ့ခေတ်တွင်မူ ဝါးကိုနှီးဖြာ၍ ဗုဒ္ဓဆင်းတုတော်များကိုပင် ပြုလုပ်လာခဲ့ကြသည်။ နှီးဘုရားဟုခေါ်ကြပါသည်။ ဝါး၏ အသုံးဝင်ပုံနှင့် ဝါးလက်မှုပစ္စည်း လက်မှုပညာများသည် ဤမျှသာ မဟုတ်ပေ။ များပြားစွာရှိပါသေးသည်။
သဘာဝပတ်ဝန်းကျင်နှင့် မြန်မာ့ဝါး
ဝါးပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ကိုစုပ်ယူ၍ အောက်ဆီဂျင်ဓာတ်ငွေ့ ကို ပြန်လည်ထုတ်ပေးသည်။ အစိုဓာတ်ကိုလည်း စုပ်ယူကာ ခြောက်သွေ့သောအချိန်တွင် အစိုဓာတ် ကို ပြန်လည်ထုတ်လွှတ်ပေးပါသည်။ ထို့ကြောင့်ပင် ပူပြင်းသောနွေရာသီတွင် ဝါးပင်အောက်၌နေပါက အပူသက်သာ၍ အေးမြစေသည်။ ဝါးပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို စုပ်ယူနိုင်စွမ်းရှိပါသည်။
၂ ဒသမ ၄၇၁ ဧက သို့မဟုတ် တစ်ဟက်တာ ကျယ်ပြန့်သော ဝါးစိုက်ခင်းတစ်ခင်းသည် လေထု အတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၆၂ တန်အထိ စုပ်နိုင်သည်ဟု ဆိုပါသည်။ ဝါးပင်၏ ထူးခြားမှုတစ်ခုမှာ အခြားသစ်တော တစ်ဟက်တာ သည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ၁၅ တန် ခန့်လောက်သာ စုပ်ယူနိုင်သော်လည်း ဝါးတစ်ဟက် တာကမူ ၆၂ တန်ခန့် စုပ်ယူနိုင်ပြီး အခြားသစ်ပင် များထက် သုံးဆကျော် ပိုမိုစုပ်ယူနိုင်သည်။
ထို့အပြင် ဝါးပင်ကိုစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းနိုင်ခြင်း၊ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်ခြင်း၊ အောက်ဆီဂျင်ဓာတ်ငွေ့ကို အခြားအပင် များထက် သုံးဆထုတ်ပေးနိုင်ခြင်း၊ ရာသီဥတုမျှတ စေခြင်း နှင့် သက်ရှိဇီဝမျိုးစုံ၊ မျိုးကွဲများ ရေရှည်ရှင်သန် စေခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးများကိုဖြစ်ထွန်းစေပါသည်။ ဝါးရွက် အပါအဝင် အပင်အလေးချိန်၏ လေးပုံတစ်ပုံ ဇီဝမြေသြဇာဖြစ်စေသည်ဟုလည်း သိရပါသည်။ ဝါးပင်များကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းပါက ကမ္ဘာကြီးသည် သက်ရှိများအတွက် အေးချမ်းသော ဘုံဗိမာန်လေးတစ်ခုဖြစ်လာမည်မှာ မလွဲပေ။
လူသားနှင့် ဝါးသမိုင်း၊ ဝါးယဉ်ကျေးမှု
ကမ္ဘာပေါ်တွင် လူသားတို့၏ယဉ်ကျေးမှုနှင့် ဝါးသည် ဆက်စပ်လျက်ရှိပါသည်။ လူသားတို့သည် ယဉ်ကျေးမှုနှင့်အလှမ်းဝေးသော ရှေးပဝေသဏီက အသားစိမ်း၊ ငါးစိမ်းများကိုသာ စားခဲ့ကြသည်။ သို့သော် ဝါးပင်တို့ ပွတ်တိုက်ရာမှ မီးကိုစတင် တွေ့ရှိခဲ့ကြ၍ သားငါးတို့ကို မီးဖုတ် မီးကင်၍ ယနေ့ခေတ် ချက်ပြုတ်စားသောက်သည်အထိ တိုးတက်လာခဲ့သည်။ ဤသည်ပင် ဝါးကိုအခြေခံ၍ စခဲ့သော ယဉ်ကျေးမှုတစ်ခုပင် ဖြစ်သည်။
ကမ္ဘာ့အရှေ့နိုင်ငံများဖြစ်ကြသော ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံများတွင် ရှေးနှစ်ပေါင်း များကတည်းက ဝါးယဉ်ကျေးမှုထွန်းကားခဲ့သည် ဟုသိရပါသည်။ ဂျပန်လူမျိုးတို့၏ အဓိကရိုးရာပွဲ များတွင် ဝါးသည် မြန်မာတို့၏ အုန်းပွဲ ငှက်ပျောပွဲ ကဲ့သို့ အရေးပါကြောင်းသိရသည်။ မြန်မာဘုရင်များ လက်ထက်တွင် မည်မျှပင်ချမ်းသာစေကာမူ ဝါးနှင့် ပတ်သက်သော ဆန်ကောဆန်ခါ၊ ခြင်းတောင်း များကိုသာ အသုံးပြုကြပါသည်။ တရုတ်ပြည်၌မူ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျောက်ခေတ်၊ ကြေးခေတ်ကတည်းက ဝါးကိုအသုံးပြုခဲ့သည်ဟု သိရသည်။ မြန်မာ့ရာဇဝင်မှာလည်း ဝါးနှင့်ပတ်သက် သော “ဝေဠုဝတီမင်းသမီး” ဟူ၍ ရှိခဲ့ပါသည်။ ထိုမင်းသမီးကို ဝါးပင်မှာ သံသေဓဇပဋိသန္ဓေဖြင့် မွေးဖွားခြင်းဖြစ်သည်။
ဝါးသည်သမိုင်းနှင့် ယဉ်ကျေးမှုတွင် သာမက စာပေ၊ ကဗျာ၊ ဂီတ၊ပန်းချီစသည့် အနုပညာဘက် တွင်လည်း မပါမဖြစ်ပေ။ မြန်မာ့ဂီတအနုပညာတွင် ဝါးလက်ခုပ်၊ ဝါးပလွေ၊ ဝါးပတ္တလားစသည်တို့ ရှိပါ သည်။ စာပေနှင့်ပတ်သက်၍လည်း တရုတ်ပြည် ဂျင်(Jing)မင်းဆက်ခေတ် (သက္ကရာဇ် ၂၆၅-၃၁၆)တွင် Kaizi Dai ဆိုသူက ဝါးအဘိဓာန်စာအုပ်ကို ရေးသားခဲ့သည်ဟု သိရသည်။ တရုတ်စာပေများ ရေးသားရာတွင်လည်း ဝါးစုတ်တံဖြင့်သာ ရေးသား သည်ဟု ဆိုပါသည်။ တရုတ်နိုင်ငံတွင် ပထမဆုံး စာအုပ်ကို ဝါးပြားပေါ်တွင်ရေးခဲ့သည်ဟု မှတ်တမ်း များအရ သိရသည်။
ဝါးနှင့် စီးပွားရေး
ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၆၀၀ သည် ဝါးကို အမှီပြုနေကြသည်ဟု ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးပါသည်။ ဝါးကို စနစ်တကျ စိုက်ပျိုးခြင်း ဖြင့် မြန်မာနိုင်ငံရှိ လူဦးရေအချို့သည် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြသည်။ စာရေးသူတို့ ဒေသတွင် ဝါးကို ခွဲစိတ်၍ ဝါးထရံရက်လုပ်ခြင်း၊ ယခင်ကဆိုလျှင် စပါးပုတ်ရက်လုပ်ခြင်း စသည့် အလုပ်များဖြင့် စီးပွားရှာခဲ့ကြသည်။ ကျေးလက် ဒေသရှိ ဥယျာဉ်မြေများတွင်မူ ဝါးရုံများကို စိုက်ပျိုး ထားလေ့ရှိပြီး ဝါးနက်ဝါးတစ်လုံး ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချဝယ်ယူကြရသည်။ အချို့သော ဒေသများတွင် ဝါးကို မီးသွေးဖုတ်ကြသည်။ တရုတ်နိုင်ငံတွင် ဝါးမီးသွေးဖြင့် အစားအသောက်၊ အလှကုန်၊ ဆပ်ပြာ၊ ဆေးဝါး စသည့်ကုန်ချောပစ္စည်း အမျိုးပေါင်း ၁၀၀ ကျော် ထုတ်လုပ်ရောင်းချကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်မူ ဝါးမျှစ်သည်လည်း မြန်မာ့ဝါး ၏ စီးပွားရေးဈေးကွက်ဟု ဆိုရပေမည်။ ဂျပန်နိုင်ငံ နှင့် တရုတ်နိုင်ငံ၏ ဝါးလက်မှုပညာသည် အလွန် သေသပ်လှပသည်ဟု ကြားဖူးပါသည်။ စာရေးသူတို့ နိုင်ငံတွင် ဝါးကုလားထိုင်၊ ဝါးခုတင်များ ပြုလုပ်ကြ ပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၅၀၀၀၊ ၆၀၀၀ ဖြင့် ရောင်းချသည်။ အခြားစီးပွားရေးတစ်ခု မြန်မာ့ယွန်း ထည်ဖြစ်သည်။ ဝါးဖြင့်ပြုလုပ်သော မြန်မာ့လက်မှု အနုပညာဖြစ်ပြီး နိုင်ငံခြားဝင်ငွေပင်ရရှိနိုင်သော ဝါးထည်လက်မှုပညာတစ်ခု ဖြစ်သည်။ ယခုအခါ မြန်မာ့မျှစ်ခြောက်ကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချ နေကြောင်း သိရပါသည်။ ဝါးသည် စီးပွားရေး ဈေးကွက်တစ်ခုဖြစ်လာသော်လည်း အလွန်အမင်း ခုတ်ယူသုံးစွဲခြင်းတော့ မပြုသင့်ပေ။
နိဂုံးချုပ်အနေအားဖြင့် ဝါးပင်သည် လူသားတို့ ၏ ယဉ်ကျေးမှုနှင့် ဆက်နွှယ်မှုရှိနေသည့်အပြင် မြန်မာ့လက်မှုပညာများနှင့်လည်း ပတ်သက်မှုရှိနေ ပြန်သည်။ ဝါးပင်များသည် မြန်မာလူမျိုးတို့အတွက် သာမက ကမ္ဘာသူကမ္ဘာသားတို့အတွက် များစွာ အကျိုးပြုလျက်ရှိသည်။ ဝါးဖြင့်ပြုလုပ်သော လက်မှု လုပ်ငန်းများသည် လူသားတို့၏ အကျိုးစီးပွားကို လည်း တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးလျက် ရှိသည်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်သလို စာပေ၊ ဂီတနှင့် ယဉ်ကျေးမှုဆိုင်ရာများ တွင်လည်း ဝါးပင်သည် အဓိက ပါဝင်လျက်ရှိသည်။ ဘာသာရေးဆိုင်ရာ ဘုရားဆင်းတုတော်များ ပြုလုပ်ရာတွင်လည်း ဝါးကို အသုံးပြုနေကြပြန် သည်။ ထိုသို့ အဘက်ဘက်မှ အသုံးဝင်လျက်ရှိသော ဝါးပင်ကို အစဉ်ထိန်းသိမ်းသင့်သည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။ ။
ကိုးကား - မြန်မာ့စွယ်စုံကျမ်း (အတွဲ-၁၀)
လေးစားရသောဝါးပင်တို့၏
သဘာဝနှင့် စီးပွားဖြစ်
ဝါးစိုက်ပျိုးရေး - ဝင်းကျော်ဦး
- Log in to post comments