
တင်ထက်ထက်ဇော်
===========
ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့
သက်ရှိသတ္တဝါများအားလုံးအတွက် ကမ္ဘာမြေကြီး က လက်ဆောင်ပေးထားသော ဝါးသယံဇာတများ ကို လေးစားတန်ဖိုးထားတတ်ကြစေရန် ရည်ရွယ်၍ နှစ်တစ်နှစ်၏ စက်တင်ဘာလ ၁၈ ရက်နေ့ကို World Bamboo Day အဖြစ် တစ်ကမ္ဘာလုံးက အထူးတလည် သတ်မှတ်ထားကြသည်။ မြန်မာ နိုင်ငံတွင်လည်း ပြည်တွင်းရှိ ဝါးစိုက်ပျိုးသူများ၊ ဝါးလုပ်ငန်းရှင်များ၊ ဝါးလက်မှုပညာရှင်များ အပါအဝင် ဝါးချစ်သူများ တစုတဝေးတည်း စုဝေး၍ အသိပညာများ ဖြန့်ဝေရန်နှင့် ဝါးအခြေခံစက်မှု ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စတုတ္ထအကြိမ်မြောက်ကျင်းပသည့် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့အခမ်းအနား ၂၀၁၉ (World Bamboo Day 2019) ကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ ခန်းမ၌ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် တို့တွင် ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အန္တရာယ်ကြောင့် လူစုလူဝေးရှောင်ရှားသည့် အနေဖြင့် World Bamboo Day ကို ကျင်းပနိုင်ခြင်း မပြုနိုင်သေးပါ။
မြန်မာ့ဝါးပင်
ဝါးကို အဓိကစိုက်ပျိုးသောဒေသများမှာ -
P ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊
P ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊
P စစ်ကိုင်းတိုင်းဒေသကြီး၊
P ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာ များ၊
P ရှမ်းပြည်နယ်၊
P မွန်ပြည်နယ်ရှိ ကျေးရွာများ စသည်တို့ ဖြစ်သည်။
၎င်းတို့အနက် ကော့မှူးမြို့သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဝါးယားနှင့် ထီးရိုးဝါး ပံ့ပိုးပေးနေသည့်မြို့ဖြစ်သည်။ ငြမ်းဆင် သည့်ဝါးများသည် အများအားဖြင့် ဝါးယားများ ဖြစ်ကြပြီး ထိုဝါးမျိုးသည် ကွေးညွတ်ခြင်းကို ခံနိုင် ရည်ရှိကြသည်။
ပတ်ဝန်းကျင်အကျိုးပြု ဝါးပင်များ
ဝါးပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ကို စုပ်ယူခြင်း၊ အောက်ဆီဂျင်ဓာတ်ကို ပြန်လည်ထုတ်ပေးခြင်း၊ အစိုဓာတ်ရှိနေချိန်တွင် စုပ်ယူထားရှိပြီး လုံးဝခြောက်သွေ့ချိန်တွင် အစို ဓာတ်များ ပြန်လည်ထုတ်ပေးခြင်း စသည်ဖြင့် ပတ်ဝန်းကျင်ကိုအကျိုးပြုသည်။ ထို့ကြောင့် ဝါးပင် များသည် လူ၊ တိရစ္ဆာန်၊ သစ်ပင်များနှင့် သဘာဝ တောတောင်များအတွက် အလွန်အရေးပါသော အပင်ဖြစ်သည်။
အမှန်စင်စစ် ဝါးပင်များသည် မြက်မျိုးရင်းဝင် ဖြစ်သော်လည်း ထူးခြားဆန်းပြားသောအချက် နှစ်ချက်ရှိနေကြသည်။ ၎င်းတို့မှာ-
P ကမ္ဘာ့ကြီးထွားမှုအမြန်ဆုံး အပင်အမျိုး အစားဖြစ်ပြီး တစ်နေ့လျှင် တစ်မီတာအထိ မြင့်မားနိုင်သည်။ တစ်ရာသီအတွင်းမှာပင် လိုအပ်သည့် အမြင့်ပမာဏကို ရောက်ရှိနိုင် သည်။ လေးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီး နောက် တစ်နှစ်တစ်ကြိမ် ပုံမှန်ခုတ်ယူ နိုင်ပြီး နှစ်ရှည်ခံသည့်သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည်။
P ဝါးပင်များသည် လေထုထဲရှိ မြောက်မြားလှ စွာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များကို စုပ်ယူနိုင်စွမ်းရှိသည်။ ၂ ဒသမ ၄၇၁ ဧက သို့မဟုတ် ၁ ဟက်တာ ကျယ်ပြန့်သော ဝါးပင်စိုက်ခင်းတစ်ခုသည် လေထုထဲတွင် ပျံ့နှံ့နေသည့် ကာဗွန် ၆၂ တန်အထိ နှစ်စဉ် စုပ်ယူနိုင်သည်။
P ထူးခြားမှုတစ်ရပ်အနေဖြင့် ဝါးစိုက်ခင်းနှင့် ပမာဏချင်းညီမျှသော တောအုပ်ငယ်တစ်ခု သည် ကာဗွန်ဒိုင်အောက်ဆိုက် ၁၅ တန် ဝန်းကျင်ကိုသာ စုပ်ယူနိုင်သည်။ သို့သော် ဝါးပင်များသည် လေထုထဲက ကာဗွန်ကို စုပ်ယူနိုင်မှုစွမ်းအားသည် အခြားအပင်များ ထက် လေးဆကျော် ပိုမိုထိရောက်မှုရှိသည်။
P ဝါးပင်က ရာသီဥတုပူနွေးမှုကို လျှော့ချသည့် နေရာတွင် ကူညီနိုင်စွမ်းရှိသည်။
ဘက်စုံသုံးဝါးပင်
အပူပိုင်းဒေသ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဝါးနှင့် ကင်းလွတ်သောကျေးလက်ဒေသဟူ၍ မရှိချေ။ ဝါးမျိုးနွယ်ပင် မျှစ်ကို အင်္ဂလိပ်လို Bamboo Shoots (Bamboo Sprouts)ဟုခေါ်ပြီး ရုက္ခဗေဒအရ Bam-busa vulgaris, Phyllostachys edulis ဟု ခေါ်သည်။ ရက်သတ္တနှစ်ပတ်သားမတိုင်ခင် ဝါးပင်ပေါက်အရွယ် မှာ ချိုးယူ၍ မျှစ်အဖြစ် စားသောက်နိုင်သည်။ မျှစ်ကို ချက်ချင်းလက်ငင်းချိုးပြီး စားသုံးနိုင်သကဲ့သို့ မျှစ်ချဉ် သို့မဟုတ် မျှစ်ခြောက်များအဖြစ် တာရှည်ခံအောင် ထား၍လည်း စားသုံးနိုင်သည်။ ဝါးပင်မှရသောမျှစ် သည် ရင်ကျပ်၊ ချောင်းဆိုး၊ သလိပ်နိုင်ဆေးအဖြစ် လွန်စွာဆေးဖက်ဝင်သည်။ ထို့ပြင် သွေးထဲရှိမကောင်း သော LDL ကိုလက်စထရောအဆီများ ကျစေခြင်း၊ နှလုံးကို ပုံမှန်အလုပ်လုပ်စေခြင်း၊ ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပေးခြင်း၊ ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းနာများကို လျှော့ချပေးခြင်း၊ အမျိုးသမီးများကို သွေးသားသန့်စင်စေခြင်း စသည် ဖြင့် ကောင်းကျိုးပြုသည်။ ဝါးရွက်တွင် methanol ဓာတ်မြင့်မားစွာပါရှိနေပြီး ဝါးရွက်ပြုတ်ရည်သောက် ခြင်းဖြင့် ဝမ်းဗိုက်အတွင်းရှိ သန်ကောင်များကို သေစေနိုင်သည်။ တရုတ်ရိုးရာကုထုံးအဖြစ် ကိုယ်ဝန် ဆောင်များ ချောမွေ့စွာ မီးဖွားစေနိုင်ရန် ကိုယ်ဝန် ဆောင်၏နောက်ဆုံးလတွင် မျှစ်ကို စားသုံးစေသည်။
ဝါးပင်ကို ကျန်းမာရေးဆိုင်ရာတွင်သာ အသုံးပြု နိုင်ရုံမျှမက အိမ်တွင်း အသုံးအဆောင်ပစ္စည်းများတွင် လည်း အသုံးပြုနိုင်သည်။ ဝါးပင်မှရသော ဝါးလုံးကို နေရာမျိုးစုံအတွက် အသုံးပြုလေ့ရှိကြသည်။ ဝါးပင် ပေါက်ကို မျှစ်စားစရာအဖြစ် အသုံးဝင်သည့်အပြင် ဝါးပင်နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ် နိုင်ပြီး ငါးနှစ်သားခန့်တွင် ဝါးလုံး၊ ဝါးကပ်၊ အထပ် သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာ၊ တိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းများအတွက် အသုံးဝင်လှသည်။ မီးဖိုချောင်သုံးပစ္စည်းအချို့ကို လည်း ဝါးဖြင့်ပြုလုပ်နိုင်သည်။ နိုင်ငံတကာအဆင့်မီ ဖန်တီးထားသည့် အိမ်သုံးပရိဘောဂပစ္စည်းအသုံး အဆောင်များကိုလည်း ဝါးဖြင့်ဖန်တီးပြုလုပ်လျက် ရှိသည်။
သယံဇာတဝါး
၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေ အရ ဝါးကို သစ်ပင်အနေဖြင့် ခွဲခြားသတ်မှတ်ထား သည်။ အလားတူ ၁၈၈၁ ခုနှစ် မြန်မာ့သစ်တော ဥပဒေ၊ ၁၉၀၂ ခုနှစ် မြန်မာ့သစ်တောဥပဒေနှင့် ၁၉၂၇ ခုနှစ် အိန္ဒိယသစ်တောဥပဒေများတွင်လည်း ဝါးကို သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားသည်။ သို့သော် သိပ္ပံနည်းကျ အပင်မျိုးရိုးဗီဇအရ ဝါးသည် အကြီးမြန်သော မြက်မျိုးနွယ်ပင် ဖြစ်သည်။ မြက်မျိုး ရင်းဝင် ဝါးပင်ကို ယခုလိုသစ်ပင်စာရင်းတွင် ထည့်သွင်းထားရခြင်းမှာ ဝါးသည် ပြန်လည်ဖွံ့ဖြိုးမြဲ သယံဇာတဖြစ်သော်လည်း အပင်မျိုးပျောက်ကွယ် မသွားစေရန်အတွက် ရေရှည်တည်တံ့မှုကို စဉ်းစားပြီး သစ်ပင်ကဲ့သို့ နှစ်စဉ်ထွက်ရှိနိုင်မည့် ပမာဏထက် မကျော်ဘဲ ထုတ်လုပ်သွားနိုင်စေရန်အတွက် သစ်ပင် အမျိုးအစားအဖြစ် ထည့်သွင်းထားခြင်း ဖြစ်ပေ သည်။
သယံဇာတ သစ်တောသစ်ပင်အများစု၏ သဘောသဘာဝအရ ယင်းသယံဇာတကို ရယူရန် အတွက် အချိန်ကြာရှည်စွာ စောင့်ရလေ့ရှိသည်။ တချို့သစ်ပင်သယံဇာတများက ပေါများသော်လည်း အသုံးဝင်မှုနည်းပါးခြင်း သို့မဟုတ် အသုံးတစ်ခု အတွက်သာ သင့်လျော်ခြင်း စသည်ဖြင့် ကန့်သတ် ချက်များရှိကြသည်။ သို့သော် ဝါးပင်မှာမူ အချိန်တို သုံးနှစ်၊ လေးနှစ်ဖြင့် သုံးနိုင်သောအဆင့်ရောက်ရှိ ခြင်း၊ ပေါများစွာ ပေါက်ရောက်ခြင်း၊ ဘက်စုံအသုံး ဝင်ခြင်းတို့နှင့် ပြည့်စုံပေသည်။
စနစ်တကျစိုက်ပျိုးသင့်သောဝါး
ပြည်တွင်း၌ ဝါးပင်များသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် များစွာအသုံးဝင်သောကြောင့် နိုင်ငံတစ်ဝန်းတွင် ဝါးစိုက်ခင်းများအား မူဝါဒချမှတ်ကာ စနစ်တကျ စိုက်ပျိုးသင့်ကြောင်း ပြည်တွင်းမှ စိုက်ပျိုးရေး ပညာရှင်များက အကြံပြုထားကြသည်။ မြန်မာနိုင်ငံ တွင် အလှစိုက်ပင်များ၊ လူ့အသုံးအဆောင်ပစ္စည်း များနှင့် အိမ်သုံးပစ္စည်းများ ပြုလုပ်ရောင်းချရာတွင် များစွာအသုံးဝင်သည့်ဝါးပင်များကို ခုတ်ယူသုံးစွဲ သူသာများပြားပြီး ပြန်လည်ပြုစုပျိုးထောင် စိုက်ပျိုး ရန် တာဝန်မဲ့မှုများကြောင့် လူအများလက်လှမ်းမီရာ တောစပ်နေရာများတွင် ဝါးပင်များနှင့် ဝါးရုံတောများ ရှားပါးလာသည်။ ယခင်က တောစပ်များ၌ပင် ခုတ်ယူနိုင်သော ဝါးများကို ယခုအခါ တောအတွင်း ပိုင်းထဲအထိ ဝင်ရောက်ခုတ်ယူနေရခြင်းကြောင့် သယ်ယူစရိတ်များ ပိုမိုကုန်ကျကာ ဝါးဈေးများ မြင့်တက်လာသလို ဝါးအသုံးပြုရသော လူသုံးပစ္စည်း များလည်း ဈေးတက်လာသည်။
ဝါးခုတ်သူများသည် ၎င်းတို့ခုတ်ယူလိုက်သော နေရာများတွင် ဝါးပင်များအား ပြန်လည်အစားထိုး စိုက်ပျိုးလေ့မရှိသလို စိုက်ပျိုးရေးနည်းစနစ်များကို လည်း သေချာစွာသိရှိသူနည်းပါးသောကြောင့် လက်ရှိတွင် ဝါးစိုက်ပျိုးနည်းများကို မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ နေ၍ သင်တန်းပို့ချခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဝါးစိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တနင်္သာရီဒေသမှ ကချင်ပြည်နယ်အထိ ဝါးပင်များ စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် မူဝါဒချမှတ်ပြီး စနစ်တကျစိုက်ပျိုးပါက အောင်မြင်မှုရရှိနိုင်ကြောင်း၊ ထို့အပြင် အရည်အသွေးကောင်းမွန်သော ဝါးကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှလည်း ဝယ်ယူလေ့ရှိသဖြင့် အဆင့်မြင့် နည်းပညာများနှင့် အရည်အသွေးမြင့်စေသော ဝါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ပါက နိုင်ငံခြားသို့ အမြောက်အမြားတင်ပို့ နိုင်မည်ဖြစ်ကြောင်း သိရသည်။
အချုပ်အားဖြင့်ဆိုသော် ကမ္ဘာ့ကြီးထွားမှု အမြန်ဆုံး အပင်သည် “ဝါးပင်” ဖြစ်သည်။ ဝါးသည် မြေထိန်းသီးနှံအဖြစ် လည်းကောင်း၊ ရေအရင်းအမြစ် ထိန်းသိမ်းသီးနှံအဖြစ် လည်းကောင်း သဘာဝအတွက် များစွာအကျိုးပြုသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ဝါးမျိုးစိတ်များသည် တောင်တန်း ဒေသ၊ ကုန်းမြင့်ဒေသအပါအဝင် ဒေသမရွေးစိုက်ပျိုးဖြစ်ထွန်း နိုင်သည်။ ဝါးကို ဒေသရိုးရာအဖြစ် အဆောက်အအုံဆောက် ခြင်း၊ ခြံစည်းရိုးကာခြင်း အပါအဝင် လူ့အသုံးအဆောင် အမျိုးမျိုး စသည်ဖြင့် အသုံးဝင်ပြီး ထိုလုပ်ငန်းများကြောင့် ကျေးလက်ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ နိုင်သည်။
အထူးသဖြင့် ယနေ့ ကမ္ဘာ့လူသားများ၏ အသက်ဘေး အန္တရာယ်ကို စိန်ခေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့ နေချိန်တွင် လေထုကို သန့်စင်ပေးနိုင်ပြီး အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်သောဝါးပင်များကို တစ်ပိုင်တစ်နိုင်အဖြစ် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းနှင့် ကြီးထွားမှုမြန်ဆန်ပြီး ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် သစ်အစားထိုး ဝါး(သစ်)တောများကို များများတိုးချဲ့ စိုက်ပျိုး၍ ဝါးသယံဇာတ ကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
- Log in to post comments