
ရည်မှန်းချက်များချမှတ်ခြင်း
================
သင်ဘယ်နေရာရောက်နေသလဲ
ယခုအခါ ခင်ဗျားအနေဖြင့် “ကျွန်တော် ဘယ်လိုရည်မှန်းချက်တွေကို ချမှတ်ရမလဲ၊ ကျွန်တော် ရည်မှန်းချက်တစ်ခုခုချသင့်ပြီဆိုတာ ခင်ဗျား ပြောလို့ယုံပါပြီ။ ဒါပေမဲ့ ဘယ်လိုချရမယ်ဆိုတာတော့ မပြောရသေး ဘူး”ဟု မေးနိုင်သည်။ ဤမေးခွန်းမှာ မေးသင့်သောမေးခွန်းပင် ဖြစ် သည်။ တကယ်တော့ ခင်ဗျားအနေဖြင့် ရည်မှန်းချက်ချဖို့ထက် ရည်မှန်းချက်ကိုရအောင်လုပ်ဖို့က ပိုလွယ်ကူကြောင်းကို တွေ့ရှိလာပါ လိမ့်မည်။ သေသေချာချာချမှတ်ထားသည့် ရည်မှန်းချက်တစ်ခုသည် အချို့သောပိုင်ဆိုင်မှုများကို ရနှင့်နေခဲ့ပြီး ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ခင်ဗျားအနေဖြင့် ထိုရည်မှန်းချက်များကို လုပ်နိုင်သည်။ ထိုရည်မှန်းချက်များ ရကိုရရမည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထား၍ ဖြစ်သည်။ စောစောပိုင်းက ကျွန်တော် ပြောခဲ့သလိုပင် ခင်ဗျားကသာ ယုံကြည်နေပြီဆိုလျှင် အောင်မြင်ဖို့ဆိုသည်မှာ အလွန်လွယ်ကူပါသည်။ ဤနေရာ၌ အရောင်းလုပ်ငန်းတစ်ခုကို ဥပမာအဖြစ် ဖော်ပြလိုပါသည်။ သို့သော် ဤဥပမာများ လုပ်ထုံးလုပ်နည်းများကို ခင်ဗျား၏ လုပ်ငန်း ပေါ်တွင်မူတည်၍ အလုပ်အဖြစ်သို့ ပြောင်းလဲနိုင်သည်ကိုလည်း ထပ်လောင်းပြောဆိုလိုပါသည်။
အရောင်းသမားတစ်ယောက်အနေဖြင့် ထိထိရောက်ရောက် ရောင်းချလိုသည့်အခါတွင် ရည်မှန်းချက်များ ထားရှိရပါမည်။ လက်ရှိ ကုမ္ပဏီနှင့်ပတ်သက်၍ ခင်ဗျားမှာ အတွေ့အကြုံအချို့ ရှိထားခဲ့လျှင် ပို၍ကောင်းမည်။ သို့သော်ခင်ဗျားမှာ မည်သို့ပင်အတွေ့အကြုံများ ရှိနေစေကာမူ လက်တွေ့ဖြစ်နိုင်သည့် ကြီးမားသောရည်မှန်းချက်တစ်ခု ရရှိဖို့အတွက်ဆိုလျှင် မှတ်တမ်းအချို့ ရှိရပါလိမ့်မည်။ ခင်ဗျားမှာ မည်မျှကောင်းမွန်သည့် မြေပုံကိုရထားထား ဘယ်နေရာရောက်နေ သည်ကိုမသိလျှင် ခင်ဗျားသွားလိုသည့် ပန်းတိုင်သို့ရောက်အောင် ဆောင်ကြဉ်းပေးနိုင်ရန် ခက်ခဲသည်။ မှတ်တမ်းများသာ ရှိထားလျှင် မည်သည့်နေရာက စတင်ရမည်ဆိုသည်ကို ခင်ဗျားသိနိုင်ပါသည်။ တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ မှတ်တမ်းရေးပြီး တစ်လခန့် မှတ်တမ်းတင်ထားခြင်းအားဖြင့် ခင်ဗျား၏ အစွမ်းအစများကို မှန်မှန် ကန်ကန် သိမြင်နိုင်သည်။ ခင်ဗျားအနေဖြင့် အချိန်ကိုအကျိုးရှိအောင် မည်သို့အသုံးချရသည်ကိုလည်း သိရှိနိုင်သည်။
မှတ်တမ်းများထားရှိခြင်းကြောင့် တစ်လအတွင်း၌ ပထမ ၁၅ ရက်ထက်စာလျှင် ဒုတိယ ၁၅ ရက်တွင် ပို၍အလုပ်လုပ်နိုင်ကြောင်းကို ရှာဖွေတွေ့ရှိလာလိမ့်မည်။ ဤရက် ၃၀ ကာလအတွင်း၌ မှတ်တမ်း တင်ရာတွင် ခင်ဗျားအနေဖြင့် အမှန်တကယ်ရိုးသားဖြောင့်မတ်ရန် လိုအပ်ပါသည်။ ထိုမှတ်တမ်းသည် ခင်ဗျား၏ အနာဂတ်နှင့်ပတ်သက် နေ၍လည်း ဖြစ်ပါသည်။
ပြည့်စုံသည့် မှတ်တမ်းတစ်ခုဖြစ်ရန်အတွက် အဆင့်များစွာ ရှိနေသည်။ ပထမဦးစွာ မည်သည့်အချိန်၌ အိပ်ရာကထသည်။ တကယ်အကျိုးရှိသည့် အလုပ်များစတင်လုပ်ကိုင်သည်ကို မှတ်တမ်း ထားပါ။ ဒုတိယအနေဖြင့် နေ့လယ်စာစားသည့်အချိန်နှင့်အခြား ကိုယ်ရေးကိုယ်တာကိစ္စများ ဆောင်ရွက်သည့်အချိန်များကို မှတ်ထားပါ။ တတိယအနေဖြင့် အချိန်းအချက်များအတွက်ခေါ်ဆိုသည့် တယ်လီ ဖုန်းများ၊ မမျှော်လင့်ဘဲ လမ်းကြုံဝင်လာသည့် ကိစ္စရပ်များ၊ အရောင်း သရုပ်ပြခြင်းများ၊ ဝယ်သူနှင့် တွေ့ဆုံရန်အတွက် သုံးရသည့်အချိန်များ၊ ရောင်းရသည့်ပမာဏများကို မှတ်တမ်းတင်ထားပါ။ နောက်ဆုံးအနေ ဖြင့် ဆည်းဆာချိန်များနှင့်ပတ်သက်၍ မှတ်တမ်းထားပါ။ ဤအချိန် သည် ပြင်ပရုံးဌာနများ၌ အသုံးပြုရသည့်အချိန်ဖြစ်ပြီးလျှင် အရောင်း ကိစ္စများအတွက် တွေ့ဆုံရသည့် နောက်ဆုံးနာရီလည်း ဖြစ်သည်။ ခင်ဗျား၏ဖောက်သည်များနှင့်ပတ်သက်ပြီး အစီအစဉ်လုပ်ရန်အတွက် ပို၍သုံးရသော အချိန်လည်း ဖြစ်သည်။ ပထမတစ်ရက်၊နှစ်ရက်အတွင်း ၌ ဤကိစ္စရပ်များကို ဆောင်ရွက်ရသည်မှာ ခက်ခဲနေသော်လည်း အလေ့အထဖြစ်သွားလျှင် လွယ်ကူလာပါလိမ့်မည်။
ခင်ဗျားအနေဖြင့် ပုံစံတစ်ခုခုကို အခြေတကျဖြစ်သွားသည့်အခါ၌ တိုးတက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ခင်ဗျား၏ အတိတ်မှတ်တမ်း များကို ပြန်ကြည့်ခြင်းအားဖြင့် ခင်ဗျား၏အကောင်းဆုံးနေ့၊ အကောင်းဆုံးရက်သတ္တပတ်၊ အကောင်းဆုံးလေးလပတ်တို့ကို တွေ့ရှိ နိုင်သည်။ ခင်ဗျား၏ အကောင်းဆုံး ဆောင်ရွက်ခဲ့သည့် မှတ်တမ်း များကို စွမ်းဆောင်ရည်ဇယားအသစ်နှင့် တိုက်ကြည့်ပါ။ အကောင်းဆုံး လေးပတ်၏ အခြေအနေကိုယူပြီးလျှင် နောက်တစ်ကြိမ် ထပ်မံကာ အကောင်းဆုံးနှစ်ဖြစ်အောင် ဆောင်ရွက်နိုင်ကြောင်းကို တွေ့ရပါလိမ့် မည်။ ထိုသို့ဆောင်ရွက်ခဲ့လျှင် ခင်ဗျား၏ ကုန်စည်နှင့်ပတ်သက်၍ အမှန်တကယ် အကျိုးရှိအောင်ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်သည်။ အချို့ ကုန်ပစ္စည်းများသည် အပတ်စဉ်၊ နေ့စဉ်၊ လစဉ် ခြားနားချက်များ ကြီးကြီးမားမား မရှိကြသော်လည်း အချို့သောကုန်ပစ္စည်းများကမူ ခြားနားမှုများက သိသိသာသာ ရှိနေနိုင်သည်။ ကိစ္စရပ်အတော်များများ တို့၌ ရည်မှန်းချက်ကို တိတိကျကျ ချမှတ်ထားပါ။ သို့သော် တစ်လ တစ်ခါ မိမိ၏ရည်မှန်းချက်များကို ပြန်လည်သုံးသပ်ကာ တဖြည်းဖြည်း မြှင့်တင်ပေးခြင်းက ပိုကောင်းကြောင်း သတိထားပါ။
မိမိကိုယ်အတွင်းရှိ ပြိုင်ဆိုင်လိုစိတ်များသာ ဖြစ်ပေါ်လာပြီ ဟုဆိုလျှင် ရည်မှန်းချက်ကို များစွာအထောက်အကူပြုနိုင်ပါလိမ့်မည်။ ထို့ကြောင့် ခင်ဗျားကိုစိန်ခေါ်နိုင်သည့် စနစ်တစ်ရပ်ကို လေ့လာကြည့် ကြပါစို့။ ပထမဦးစွာ ဆောင်ရန်၊ ရှောင်ရန်များကို သတိထားပါ။ ခင်ဗျား ဝါးမျိုနိုင်သည်ထက် ပိုပြီးမကိုက်မိပါစေနှင့်။ ခင်ဗျားအနေဖြင့် သာမန် လူတစ်ယောက်သာဖြစ်ခဲ့လျှင် စစချင်းချန်ပီယံတစ်ယောက်ကို စိန်မခေါ်ဘဲ ခင်ဗျားရှေ့က လူကိုသာစိန်ခေါ်ပါ။ ခင်ဗျားအနေဖြင့် နှစ်ဆ တိုးပြီး စိန်ခေါ်ချင်သူဖြစ်ခဲ့လျှင် ထိုနည်းမှာ မှန်ကန်သည့် လုပ်ထုံး လုပ်နည်းတစ်ခု ဖြစ်သည်။ နှစ်ဆစိန်ခေါ်ခြင်းဆိုသည်မှာ ခင်ဗျား ရှေ့ကလူကို အနိုင်ရအောင်ဆောင်ရွက်ပြီးလျှင် ခင်ဗျားကိုယ်ခင်ဗျား လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်သည့်နည်းကို ဆိုလိုပါ သည်။ ဤနည်းအားဖြင့် မှန်မှန်ကန်ကန် အောင်မြင်မှုများကို ရရှိစေနိုင် သည်။ အောင်မြင်မှုတစ်ခုသည် နောက်ထပ်စိန်ခေါ်မှုတစ်ခုအတွက် ပိုမိုတောင့်တင်းကြံ့ခိုင်လာစေနိုင်သည်။ ခင်ဗျား၏ရှေ့မှာ လူဘယ် လောက်ပဲရှိရှိ ခင်ဗျားတတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်ခဲ့လျှင် အများကြီးတိုးတက်လာမည်။ ခင်ဗျား၏ ရှေ့ကလူတစ်ယောက်ကိုသာ အမြဲတမ်းကျော်လွန်ဖို့ ကြိုးစားနေခဲ့လျှင် အချိန်အနည်းငယ်အတွင်း ခင်ဗျားရှေ့၌ မည်သူမျှမရှိတော့သည့် အခြေအနေသို့ ရောက်ရှိလာမည်။
ဘာအရေးကြီးဆုံးလဲ
ကိုယ်ခန္ဓာပိုင်း၊ ငွေရေးကြေးရေးပိုင်း၊ လုပ်ငန်းပိုင်း၊ မိသားစုပိုင်း၊ စိတ်ဓာတ်ပိုင်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ရည်မှန်းချက်များကို ကြည့်ကြ ပါစို့။ ထိုရည်မှန်းချက်များကို တိတိကျကျချိန်ရွယ်နိုင်သည့် နိယာမ အချို့ရှိကြသည်။ ထိုနိယာမများအနေဖြင့် ဤဥပဒေသများသည် ယေဘုယျကျကြောင်းကို ပထမဦးစွာ သတိထားပါ။ ခင်ဗျားအနေဖြင့် ဤနိယာမများကို ယေဘုယျသဘောဖြင့်ချမှတ်ရန် လိုအပ်ကြောင်းကို မမေ့ပါနှင့်။ ထိုစံနမူနာများ ဥပမာများကိုယူပြီးလျှင် ခင်ဗျား၏အခြေ အနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရပါလိမ့်မည်။
ခင်ဗျားလိုချင်သည့်အရာများ၊ မျှော်လင့်ထားသည့်အရာများကို စာရွက်ပေါ်၌ချရေးပါ။ ကျွန်တော်လိုချင်သမျှအားလုံးကို ရေးချရန် အတွက် သုံးရက်ခန့်ကြာမည်ဟု ခင်ဗျားက ပြောကောင်းပြောမည်။ သို့သော် ခင်ဗျားထင်သလောက် မကြာကြောင်းကိုမူ တွေ့ရှိအံ့အားသင့် သွားစေမည်။ အရေးပါမှု အစီအစဉ်အလိုက်ချရေးပါ။ တစ်ချိန် တည်းမှာပင် ရည်မှန်းချက်များ အများကြီးရှိနေပါလိမ့်မည်။ ဂေါက်သီး ချန်ပီယံတစ်ယောက်ဖြစ်ဖို့ ရည်မှန်းချက်လည်း ရှိနိုင်သည်။ မိဘ ဆရာအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်ချင်သည်။ ဘာသာရေးအသင်း အဖွဲ့များ၏ဥက္ကဋ္ဌလည်း ဖြစ်ချင်နေသည်။ ဤကိစ္စများနှင့်ပတ်သက်၍ ခင်ဗျားအတွက် အရေးကြီးသည့် အစီအစဉ်အလိုက်ချရေးပါ။ ကိစ္စ တစ်ခုစီတစ်ခုစီအတွက် အချိန်ပေးရန်လိုပြီး ခင်ဗျားလုပ်သည့် အလုပ် ကိုလိုက်၍ အလျှော့အတင်းများလည်း ပြုလုပ်ရပါလိမ့်မည်။ တစ်နေရာ၌သာမက အခြားနေရာမျိုးစုံတွင်လည်း အောင်မြင်ရန် အတွက် ရည်မှန်းချက်တစ်ခုနှင့်တစ်ခု အလျှော့အတင်း လုပ်ရဖြေရှင်းရ တတ်သည်။ မည်သို့ပင်ဖြစ်စေ ထိုရည်မှန်းချက်များကို ရရှိဖို့အတွက် ခင်ဗျားအနေဖြင့် စုစည်းပြင်ဆင်မှုများကို ပြုလုပ်နိုင်ပါသည်။
လှေကားထစ် သို့မဟုတ် ပိတ်နေသော လှေကားများ
အရေးပါမှု အစီအစဉ်အလိုက် ခင်ဗျား၏ရည်မှန်းချက်များကို ချမှတ်ပြီးပြီဆိုလျှင် ခင်ဗျားနှင့် ခင်ဗျား၏ ရည်မှန်းချက်အတွင်းမှာ ရှိသည့် အဟန့်အတားများကိုလည်း စာရင်းချရေးသင့်ပါသည်။ ခင်ဗျား နှင့် ခင်ဗျား၏ရည်မှန်းချက်အတွင်း၌ မည်သည့်အခက်အခဲများ၊ အဟန့်အတားများမှ မရှိဟုဆိုခဲ့လျှင် လိုချင်သမျှအရာအားလုံးကို ခင်ဗျားရရှိနေပြီ။ ခင်ဗျား၏အခက်အခဲများနှင့် အဟန့်အတားများ ကို စာရင်းချရေးသည့်အခါတွင် ၎င်းတို့ကို ကျော်လွန်နိုင်သည့် အစီ အစဉ်တစ်ခုနှင့် အချိန်ဇယားတို့ကိုလည်း ရေးဆွဲထားနိုင်သည်။ စီမံ ခန့်ခွဲမှု ပညာရှင်တော်တော်များများက ခင်ဗျားမှာရှိသည့် ပြဿနာ တစ်ခုကို မှန်မှန်ကန်ကန်ဖော်ထုတ်နိုင်ခဲ့လျှင် ထိုပြဿနာကို တစ်ဝက် ဖြေရှင်းပြီးပြီဟု ဆိုကြသည်။ ထိုပြဿနာများကို မှန်မှန်ကန်ကန် ဖော်ထုတ်လိုက်နိုင်သည်နှင့်တစ်ပြိုင်နက် မည်မျှမြန်မြန်ဆန်ဆန် ကျော်လွှားသွားနိုင်သည်ကို အံ့အားသင့်နေလိမ့်မည်။ ရည်မှန်းချက် တစ်ခုကို ရရှိရန်အတွက် အဟန့်အတားများကို ကျော်လွှားနိုင်သည့် အခါတွင် အခြားရည်မှန်းချက်များကို ရရှိနိုင်သည့် ခရီး၌ရှိနေသော အဟန့်အတားများသည်လည်း လွယ်လွယ်ကူကူ ပျောက်ပျက်သွား တတ်ကြပါသည်။
ရှေ့စာမျက်နှာများ၌ တစ်နှစ်ထဲတွင် ဒေါ်လာတစ်သန်းရဖို့ လက်တွေ့မဆန်သော ရည်မှန်းချက်တစ်ခုချထားသည့် လူငယ် တစ်ယောက်အကြောင်းကို ကျွန်တော်ပြောခဲ့ပါသည်။ ကျွန်တော်က သူ့ကိုမေးလိုသည့် မေးခွန်းတစ်ခုမှာ ပထမတစ်နှစ်တည်းမှာပင် ကမ္ဘာ့ ချန်ပီယံတစ်ယောက်ဖြစ်လာအောင် စိန်ခေါ်ဖို့ မဟုတ်ဘဲ ချန်ပီယံ တစ်ယောက်ဖြစ်လာအောင် ချမှတ်ထားသည့် အခြေခံများအတိုင်း အဘယ်ကြောင့်မဆောင်ရွက်သနည်းဟု ဖြစ်သည်။ လက်ဝှေ့သမား တစ်ယောက်အဖြစ် ကြိုးဝိုင်းထဲသို့ ချက်ချင်းမဝင်သေးဘဲ သူ့ထက် သာသည့် လူတစ်ယောက်ကို ပထမဦးစွာ စိန်ခေါ်မှုပြုရမည်။ အောင်မြင်မှုတစ်ခုရပြီးသည့်နောက် သူ့ကိုယ်သူယုံကြည်စိတ်ချပြီး အတွေ့အကြုံရရှိလာသည့်အခါတွင် လှေကားထစ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်သွားနိုင်သည်။ အလားအလာရှိသည့် လက်ဝှေ့သမားများသည် သူတို့မှာ အတွေ့အကြုံ လုံလုံလောက် လောက်မရှိသေးဘဲနှင့် ခက်ခက်ခဲခဲ ထိုးသတ်ရသည့်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းကြောင့်သာ ပျက်စီးသွားရခြင်း ဖြစ်သည်။
ကျွန်တော်က ထိုလူငယ်ကိုပေးလိုသည့်အကြံဉာဏ်မှာ “ခင်ဗျားရဲ့ ရည်မှန်းချက်တွေကိုရဖို့ဆိုလျှင် ဖြည်းဖြည်းမှန်မှန်သာ ဆောင်ရွက် သွားပါ”ဟု ဖြစ်သည်။ တကယ်တော့ သူ့ကိုပေးလိုက်သည့် အကြံမှာ ထိပ်ဆုံးသို့ရောက်နေသည့် လူများမှလုပ်ဆောင်နေသည့်အတိုင်းသာလျှင် ဖြစ်သည်။ ဤနည်းအားဖြင့် သူ၏ရည်မှန်းချက်က ဘယ်နေရာ မှာ ရှိသည်ကို သိမြင်စေနိုင်သည်။ ထို့နောက် ကျွန်တော်က သူ့အား ၎င်းတို့၏ကုမ္ပဏီမှ သာမန်လူများရရှိသည့် ဝင်ငွေထက် နည်းနည်း နိမ့်သည့် ဝင်ငွေတစ်ခုကို ရှာကြည့်ပါ။ ပထမတစ်လမှာ ထိုအတိုင်း ရအောင်သာကြိုးစားပါဟု ပြောလိုက်သည်။ ဤနည်းက သူ့အနေဖြင့် ကောင်းကောင်းမွန်မွန်လုပ်နိုင်မည်ဟုထင်ပြီးလျှင် အစပိုင်း၌ ယုံကြည်မှုများ အနည်းငယ်ရစေချင်သည်။ ထိုပထမရည်မှန်းချက်ကို ရရှိခြင်းဖြင့် ဖြစ်ပေါ်လာသောယုံကြည်မှုသည် အောင်မြင်မှုအတွက် အရေးပါသည်။ အောင်မြင်မှုတစ်ခုရပြီဆိုလျှင် ပို၍ကြီးကျယ်မြင့်မား သည့် ရည်မှန်းချက်များကို ရရှိလာရန်အတွက် အထောက်အကူ ဖြစ်စေနိုင်သည်။ ကိစ္စတစ်ခုကို ကောင်းကောင်းမွန်မွန် လုပ်ဆောင် ခြင်းအားဖြင့် ထူးချွန်လာနိုင်သည်။ ထို့နောက် ကျွန်တော်က သူ့ကို အဖွဲ့အစည်းထဲက ရည်မှန်းချက်များကို ရွေးချယ်ပါ။ ကိုယ့်ထက်သာ သည့် သူတစ်ယောက်ကိုပြိုင်ဆိုင်နိုင်ရန် ကြိုးစားပါဟု တိုက်တွန်းလိုက် သည်။ ဤလုပ်ထုံးလုပ်နည်းကို လိုက်နာခြင်းအားဖြင့် နောက်ဆုံး၌ ထိပ်တန်းထုတ်လုပ်သူတစ်ယောက် ဖြစ်လာနိုင်ပြီးလျှင် ပို၍များပြား သည့် ဝင်ငွေကိုရစေနိုင်သည်။ ထိုကိစ္စကို ပြီးမြောက်စေရန်အတွက်မူ သူ၏အချိန်ဇယားအတိုင်း နေ့စဉ်ဆောင်ရွက်ရပေလိမ့်မည်။
သူ့အနေဖြင့် တစ်နှစ်အတွင်း ဒေါ်လာတစ်သန်းရမည်၊မရမည် ဆိုသည့်ကိစ္စရပ်မှာ နည်းပညာပိုင်းနှင့် သက်ဆိုင်သည်။ ရည်မှန်းချက် ကိုသာ သေသေချာချာ ရွေးချယ်ချမှတ်ခဲ့လျှင် ဝင်ငွေများပို၍ မြန်မြန် ဆန်ဆန်ရလာပြီး ပျော်ပျော်ရွှင်ရွှင်လည်း ဖြစ်သွားမည်ဟု ယူဆသည်။ ထိုအရာများကို ပြောပြပြီးနောက် ကျွန်တော်ကခင်ဗျားအား သူ၏ ရည်မှန်းချက်များမှာ မဖြစ်နိုင်ဟု မပြောမိစေရန် ထပ်လောင်း သတိပေးလိုပါသည်။ ကျွန်တော့်အနေဖြင့် ကြိုးစားအားထုတ်မှုရှိသည့် လူတစ်ယောက်ကို မဖြစ်နိုင်သည့် အရာများလည်းရှိသည်ဟု ပြောရဲ လောက်အောင် သတ္တိမရှိပါ။
မသိမှုကြောင့်ယုံကြည်ခြင်း
နှစ်အတန်ကြာက တောင်ပိုင်းကာရိုလိုင်းနားပြည်နယ် ကိုလံ ဘီယာ၌ မီးဖိုချောင်သုံးပစ္စည်း အရောင်းသမားတစ်ယောက် ကျွန်တော့် ရုံးခန်းထဲသို့ ရောက်လာသည်။ ဒီဇင်ဘာလ၏ အစောပိုင်း ကာလဖြစ်ပြီးလျှင် ကျွန်တော်တို့အနေဖြင့် နောက်တစ်နှစ်အတွက် အစီအစဉ်များကို ရေးဆွဲနေကြခြင်း ဖြစ်သည်။ ကျွန်တော်က သူ့ကို “နောက်နှစ်ကျရင် ခင်ဗျားဘယ်လောက်ဖိုးရောင်းရမှာလဲ”ဟု မေး လိုက်သည်။ သူကပြုံးပြီး “ကျွန်တော် ခင်ဗျားကို တစ်ခုတော့ပြောနိုင် တယ်ဗျာ၊ ဒီနှစ်ထက်တော့ ကျွန်တော် ပိုရောင်းနိုင်မှာပဲ”ဟု ပြောလိုက် သည်။ “ဟာ ကောင်းတာပေါ့ဗျာ၊ ဒီနှစ်ဘယ်လောက်ရောင်းရသလဲ” ဟု ကျွန်တော်ထပ်မေးလိုက်သောအခါ သူကပြုံးပြီး “အဲဒါတော့ ကျွန်တော်မသိဘူးဗျာ”ဟု ပြောသည်။ ဘယ်လောက်စိတ်ဝင်စား စရာကောင်းပြီး ဝမ်းနည်းစရာကောင်းပါသလဲ။ သူဘယ်ရောက်နေ သည်ကို မသိ။ ဘယ်ရောက်ခဲ့သည်ကိုလည်း မသိရှိသည့် လူငယ်တစ် ယောက် ဖြစ်နေခဲ့သည်။ သို့သော် ထိုသို့ မသိပါလျက်နှင့် သူဘယ်သွား နေသည်ကိုသိရှိသည်ဟုထင်ကာ သူ့ကိုယ်သူ ယုံကြည်နေခဲ့သည်။
ကံမကောင်းစွာပင် လူအတော်များများသည်လည်း အလားတူ အခြေအနေမျိုးအတိုင်းသာလျှင် ဖြစ်နေကြသည်။ သူတို့ဘယ်နေရာ ရောက်နေကြသည်ကိုမသိ။ ဘယ်သွားနေကြသည်ကိုလည်းမသိ။ သို့သော် သူတို့ဘယ်နေရာသွားနေသည်ကို သူတို့ကိုယ်သူတို့ သိရှိ သည်ဟု ထင်နေတတ်ကြသည်။ ကျွန်တော်က ခင်ဗျား၏အကြောင်းကို များပြောမိနေပြီလား၊ ပြောမိနေပြီဟုဆိုလျှင် ဤစာအုပ်ကို ခင်ဗျား လက်ထဲရသည်မှာ အချိန်မီလေးပင်ဖြစ်သည်။
ကျွန်တော်က အရောင်းသမားလူငယ်ကို မေးခွန်းတစ်ခု မေးလိုက်သည်။ “မင်းက မီးဖိုချောင်သုံးပစ္စည်းတွေ ရောင်းချတဲ့ လုပ်ငန်းမှာ ထာဝရရှင်သန်မယ့် လူတစ်ယောက်ဖြစ်ချင်သလား”ဟု မေးလိုက်သည်။ ထိုအခါ “ထာဝရရှင်သန်မည့်သူ” ဟူသည့်စကားက သူ့ကို ထိခိုက်သွားစေပုံရသည်။ သူက “ဘာကိုဆိုလိုပါသလဲ”ဟု လျှပ် တစ်ပြက် ပြန်မေးလိုက်သည်။ ကျွန်တော်က “လွယ်ပါတယ်ဗျာ ကုမ္ပဏီရဲ့ စံချိန်ကိုသာချိုးလိုက်ပါ”ဟု ပြောလိုက်ရာ သူ့အနေဖြင့် သိပ်စိတ်အားထက်သန်ပုံတော့ မရပေ။ “ပြောတာကတော့ လွယ်ပါ တယ်ဗျာ။ ဒါပေမယ့် ကျွန်တော်အပါအဝင် ဘယ်သူကမျှ အဲဒီစံချိန်ကို ချိုးဖို့ မလွယ်ကူဘူးဗျ”ဟု ပြောခဲ့သည်။ “ဘာဖြစ်လို့ ဘယ်သူကမှ အဲဒီစံချိန်ကို မချိုးနိုင်ရမှာလဲ”ဟု ကျွန်တော်က ထပ်မံပြီး စပ်စုလိုက် သည့်အခါတွင် သူက “ကုမ္ပဏီ၏ လက်ရှိတင်ထားသည့် စံချိန်သည် မရိုးသားပါ။ ထိုစံချိန်ကို တင်ထားနိုင်ခဲ့သူမှာ ကုမ္ပဏီဥက္ကဋ္ဌ၏ သမက် ဖြစ်ပြီး သူ့နာမည်ကိုသုံးကာ မီးဖိုချောင်သုံးပစ္စည်းများကို ရောင်းချ ခဲ့ခြင်းဖြစ်သည်”ဟု ပြောပြသည်။
(ဆက်လက်ဖော်ပြပါမည်)
vခင်မောင်ညို (ဘောဂဗေဒ)
- Log in to post comments