ထိပ်ဆုံးမှာ တွေ့ကြမယ်

Type

ရည်မှန်းချက်များချမှတ်ခြင်း

(၁၁-၁၁-၂၀၂၁ ရက်နေ့မှ အဆက်) 
အောင်မြင်မှု၏ ဝိညာဉ်မက်လုံးများ 
ဤလူငယ်ထံမှ ထွက်ပေါ်လာသော “ရှုံးနိမ့်သူ၏  ခြေထော့ကျိုး” သဘောထားသည့် ၎င်းစံချိန်မှာ မရိုးသားသဖြင့် စံချိန်ကို မချိုးနိုင်ဟု ဆင်ခြေပေးနေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က သူ့အား စံချိန်တစ်ခု သည် တရားဝင်စံနှုန်းဖြစ်ကြောင်းကို ပြောပြလိုက်သည်။ လူတစ် ယောက်က စံချိန်တင်လိုက်ပြီဆိုလျှင် နောက်တစ်ယောက်ကလည်း စံချိန်ချိုးနိုင်တာပဲဟု ပြောလိုက်သည်။ မက်လုံးများသည် အောင်မြင်မှု အတွက်  ဝိညာဉ်တစ်ခုဖြစ်သဖြင့်   ထိုသို့စံချိန်ချိုးနိုင်လျှင် ရရှိမည့် ဆုလာဘ်အချို့ကို ပြောပြခဲ့သည်။ ပထမဦးစွာ ကုမ္ပဏီက တစ်ချိန်လုံး တင်ထားသည့် အမြင့်ဆုံးစံချိန်ကို ချိုးနိုင်ခဲ့လျှင် ရုံးခန်းထဲရှိ ကုမ္ပဏီ  ဥက္ကဋ္ဌ၏ဘေး၌ သူ၏ပုံကို ချိတ်ဆွဲခြင်းခံရမည်။ သူက ထိုအချက် ကိုလည်း သဘောကျသည်။ ထို့နောက် ကျွန်တော်က သူ၏ဓာတ်ပုံကို ကြော်ငြာများ၊ ဆောင်းပါးများ၌ ဖော်ပြခြင်းခံရပြီးလျှင် ကမ္ဘာပေါ်၌ အကောင်းဆုံး အရောင်းသမားတစ်ယောက်အဖြစ် နာမည်ကျော်ကြား လာမည်ဟုပြောခဲ့သည်။  ထိုအချက်ကိုလည်း သဘောကျသည်။ နောက်ဆုံး၌ ကျွန်တော်က သူ့ကို ထိုသို့နာမည်ကျော်လာသည့်အခါ တွင် ရွှေအိုးတစ်လုံး သို့မဟုတ် ရွှေအိုးနှင့်တူသည့် အရာတစ်ခုခုကို လည်း ရလိမ့်မည်ဟု ပြောပြသည်။ ကျွန်တော်တတ်နိုင်သမျှ လှုံ့ဆော် ပြောပြလိုက်သော်လည်း ရောင်းနိုင်အားနှင့်ပတ်သက်၍ သူ့ကိုယ်သူ သံသယရှိနေဆဲဖြစ်သည်။  ကျွန်တော်က သူ့အား “ထိုစံချိန်ကို အပိုင်းပိုင်းအစိတ်စိတ်ဖြစ်အောင် ထပ်ပြီးခွဲကြည့်ပါ။ တစ်ပတ်မှာ ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို တွက်ကြည့်ပါ။ ပြီးတော့မှ သီတင်းပတ်ပေါင်း ၅၂ နဲ့ ပြန်မြှောက်ကြည့်ပါ”ဟု ပြောလိုက်သည်။ သူကပြုံးပြီး “ဟုတ်ပြီ၊ ခင်ဗျားအနေနဲ့ပြောတာကတော့ လွယ်ပါ တယ်ဗျာ”ဟု ပြောလိုက်ရာ ကျွန်တော်က ကြားဖြတ်ပြီး “ဟုတ်တယ်၊ ပြောတာလွယ်သလို  မင်းအတွက်လည်း  လုပ်ဖို့လွယ်ပါတယ်။ မင်းကိုယ်မင်း ယုံကြည်ရင်ပေါ့လေ”ဟု ပြောလိုက်သည်။ သူ့ကိုယ်သူ ယုံကြည်သည်၊ မယုံကြည်သည်ကို ကျွန်တော့်အနေဖြင့် သေချာပေါက် မပြောရဲပါ။ သို့သော် သူက သေသေချာချာ စဉ်းစားပါမည်ဟု ကတိပေး သွားခဲ့သည်။ ထိုကိစ္စမှာ အရေးကြီးပါသည်။ လွယ်လွယ်ကူကူ ပေါ့ပေါ့ ဆဆ ချမှတ်လိုက်သည့် ရည်မှန်းချက်တစ်ခုသည် ပထမအကြိမ် အခက်အခဲတွေ့ရရုံနှင့်ပင် လွယ်လွယ်ကူကူ ပစ်ပယ်ခံရတတ်သည်။ 
“အကယ်၍” မပါသောဆုံးဖြတ်ချက်များ 
ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ဂျော်ဂျီယာပြည်နယ် ဩဂတ်စတာရှိ သူ့အိမ်ကနေပြီး တယ်လီဖုန်း လှမ်းဆက်သည်။ ယခုလို တယ်လီဖုန်း ပြောပုံမျိုးကို ကျွန်တော်မည်သည့်အခါကမျှ နားမထောင်ခဲ့ဖူးပါ။ တယ်လီဖုန်းကြိုးများပင်လျှင် ပူနွေးလာပုံရသည်။ သြဂတ်စတာတွင် ရှိနေသည့် ၎င်း၏  စိတ်ဓာတ်တက်ကြွမှုကို တောင်ပိုင်းကာရို လိုင်းနားပြည်နယ် ကိုလံဘီယာမှနေပြီး ကျွန်တော်က ထိတွေ့ခံစား ကြည့်လို့ရသည်။ သူကလက်ရှိအခြေအနေတွေကို ပြောပြနေသည်။ “အရင်လက   ခင်ဗျားဆီကို  ကျွန်တော်ရောက်ခဲ့ပြီးကတည်းက ကျွန်တော်လုပ်သမျှတွေကို အကုန်လုံး စံချိန်မှတ်ထားတယ်။ အိမ်တစ် အိမ်ရောက်လို့ တံခါးခေါက်လိုက်တိုင်း ကျွန်တော်ဘယ်လောက်အထိ ရောင်းပြီးနေပြီဆိုတာကို ကျွန်တော်သိနေတယ်။ တယ်လီဖုန်းပြော တဲ့အခါဖြစ်ဖြစ်၊ ကျွန်တော့်နမူနာပစ္စည်းတွေကို ထုတ်ပြတဲ့အခါဖြစ်ဖြစ် ကျွန်တော်ဘယ်လောက်ပမာဏအထိ ရောင်းပြီးပြီဆိုတာကို ကျွန်တော် သိနေတယ်၊ တစ်ပတ်၊ တစ်ရက်၊ တစ်နာရီကို  အချိန်တိုင်းမှာ ကျွန်တော် ဘယ်လောက်အလုပ်လုပ်ပြီး ဖြစ်နေတယ်ဆိုတာကိုလည်း သိနေတယ်၊  အခု ကျွန်တော် အဲဒီစံချိန်ကို ချိုးတော့မယ်ဗျ” ဟု စိတ်အားထက်သန်စွာ လူငယ်က ပြောလိုက်သည်။ ကျွန်တော် အလု အယက်ဝင်ကြားဖြတ်ပြီး မင်းအဲဒီစံချိန်ကို ချိုးတော့မယ် ဟုတ်ရဲ့လား၊ အခုပဲ မင်းစံချိန် ချိုးပြီးနေပြီမဟုတ်လား”ဟု ပြောလိုက်သည်။ 
ယခုကဲ့သို့ ကျွန်တော်ပြောရခြင်းမှာ သူကတစ်ခါမှ “အကယ်၍” ဟူသော စကားကိုမသုံးခဲ့၍ ဖြစ်သည်။ သူက “အကယ်၍” ဟူသော စကားလုံးအပေါ်တွင် အခြေခံသော   ဆုံးဖြတ်ချက်မျိုးမချပေ။ ဘဝဟူသော အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စကား Life ဝေါဟာရကို ကြည့်ပါ။ Life ၏အလယ်၌ i နှင့် f နှစ်လုံး if ကိုတွေ့ရသည်။ လူတော်တော်များများတို့သည်  ဘဝကိုဖြတ်သန်းရာ၌ အကယ်၍ သာဟူသော ဝေါဟာရများကို ဖြတ်သန်းခဲ့ကြရသည်။ ထိုသို့ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များသည်လည်း အောင်မြင်ရန်မဟုတ်ဘဲ ဆုံးရှုံးရန်အတွက် ပြင်ဆင်မှုများသာလျှင် ဖြစ်နေကြသည်။ ဤလူငယ်ကတော့ အကယ်၍ ဆိုသည့် စကားကိုမသုံးပေ။ ကျွန်တော့်ကားသာမပျက်ခဲ့လျှင် စံချိန်ချိုး နိုင်မည်ဟု မပြောပေ။ ၎င်း၏ကားလည်း မပျက်ခဲ့ပေ။ “ကျွန်တော့် မိသားစုထဲမှာ သေဆုံးသူတစ်ယောက်မှမရှိခဲ့လျှင် စံချိန်ချိုးမယ်” ဟု မပြောခဲ့ပေ။ သူ့အနေဖြင့် ချစ်ခင်မြတ်နိုးသည့်သူနှစ်ယောက်ကို မြှုပ်နှံ သင်္ဂြိုဟ်ခဲ့ရသည်။ ထိုအထဲမှ တစ်ယောက်မှာ သူ့အစ်ကို ဖြစ်သည်။ သူက “ကျွန်တော့်အသံပျောက်မသွားလို့ရှိရင် စံချိန်ချိုးမယ်”ဟု မပြော ခဲ့ပေ။ သူ့အနေဖြင့် ဒီဇင်ဘာလ၌ သူ၏ရည်မှန်းချက်ကို ရောက်လုနီးနီး အချိန်တွင် ဆရာဝန်က စကားမပြောရန်ပင် တားမြစ်ခြင်းခံရသည်။ ထိုအခါ မူလဆရာဝန်ထံမသွားတော့ဘဲ အခြားဆရာဝန်တစ်ယောက်ကို ပြောင်း၍ ကုသခဲ့သည်။ သူ၏ဆုံးဖြတ်ချက်မှာ စံချိန်ကိုမဖြစ်ဖြစ်အောင် ချိုးမည်ဟူသည့် ရိုးရိုးသားသား ဆုံးဖြတ်ချက်တစ်ခုမျှသာ ဖြစ်သည်။ “အကယ်၍” လုံးဝမပါပေ။ 
ကျွန်တော်တို့အနေဖြင့်    သူ၏ကြိုးစားအားထုတ်မှုကို  သူ၏ ရည်မှန်းချက်များဖြင့်  နှိုင်းယှဉ်ကြည့်ကြပါစို့။   ယခင်က သူသည် တစ်နှစ်လျှင် ဒေါ်လာသုံးသောင်း၊ လေးသောင်းဖိုးပင် မရောင်းခဲ့ရပေ။ ထိုအချိန်က ဒေါ်လာသုံးသောင်း၊   လေးသောင်းဆိုသည်မှာ သိပ်များလှ သည်မဟုတ်ပေ။  သို့သော် နောက်တစ်နှစ်၌မူ အလားတူပစ္စည်းကို အလားတူနယ်ပယ်၌ ဈေးနှုန်းအတူတူဖြင့် ရောင်းချရပါလျက် စာရင်း ပြန်ဖျက်ပစ်သည့်ကိစ္စများ၊  ငွေမလုံလောက်၍ ငြင်းပယ်ခံရသည့် ကိစ္စများကို ဖယ်လိုက်လျှင်ပင် သူ့အနေဖြင့် မီးဖိုချောင်သုံးပစ္စည်းများ ဒေါ်လာတစ်သိန်းနှင့် လေးထောင်ကျော်ဖိုးလောက် ရောင်းခဲ့ရသည်။ တစ်နှစ်အတွင်း ယခင်ကထက် သုံးဆကျော် ပိုရောင်းခဲ့ရခြင်းဖြစ်ပြီး တစ်ချိန်က တင်ထားသော သူ့ကုမ္ပဏီစံချိန်ကို ချိုးနိုင်ခဲ့သည်။ ကျွန်တော် နှင့်သူဆွေးနွေးခဲ့သည့် ရရှိနိုင်သော ဆုလာဘ်များကိုလည်း ကုမ္ပဏီက ချီးမြှင့်ခဲ့သည်။ လူသိလည်းများလာပြီးလျှင် ရွှေအိုးနှင့်တူသောအရာများ ကိုလည်း ရရှိခဲ့သည်။ 
ကြိုးကြိုးစားစား ကောင်းကောင်းမွန်မွန် 
လူအတော်များများက “သူအဲသည်လောက်ထိတော်သလား၊ အဲသည်လောက်ကောကောင်းနေသလား” ဟုမေးကြသည်။ ကျွန်တော် က “ယခင်က ၁၀ နှစ်လောက်သာလျှင် အရောင်းအတွေ့အကြုံရှိခဲ့ပြီး ယခုအခါတွင် ၁၁ နှစ်ဖြစ်သွားသဖြင့် သူပိုတော်လာသည်”ဟု ပြောပြ လိုက်သည်။ အချို့က “သူဒီလောက်ကြိုးစားနေသလား”ဟုလည်း မေးကြသည်။ ကျွန်တော်က “သူပို၍ ကြိုးစားလုပ်ဆောင်ပြီး ပို၍လည်း တော်လာသည်”ဟု ပြောလိုက်သည်။ သူကအချိန်ကို စနစ်တကျစုစည်း ပြီးလျှင် တစ်မိနစ်၏တန်ဖိုးကိုပင် နားလည်လာခဲ့သည်။ သည်နားမှာ ၁ဝ မိနစ်၊ ဟိုနားမှာ မိနစ် ၂၀ စသည်တို့ကို ပေါင်းလိုက်လျှင် တစ်ရက် လျှင် တစ်နာရီ၊ နှစ်နာရီရသွားမည်ကို သူသိသည်။ တစ်ရက်လျှင် တစ်နာရီ၊ နှစ်နာရီရခဲ့လျှင် တစ်ပတ်တွင် ၈ နာရီမှ ၁၀ နာရီအထိ စုမိသွားပြီး တစ်နှစ်လျှင် နာရီပေါင်း ၄ဝဝ-၅ဝဝ ခန့် ဖြစ်သွားသည်။ နာရီပေါင်း ၄ဝဝ-၅ဝဝ ဆိုသည်မှာ တစ်ရက် ၈ နာရီ အလုပ်လုပ်ရသည့် ရက်ပေါင်း ၅၀ ကျော်နှင့်ညီမျှသည်။ တိုတိုပြောရလျှင် လူတိုင်း လူတိုင်းမှာ တစ်နာရီလျှင် မိနစ် ၆ဝ မရှိ။ တစ်ရက်လျှင် ၂၄ နာရီမရှိ၊ တစ်ပတ်လျှင် ခုနစ်ရက် မရှိကြောင်းကို သူရှာဖွေတွေ့ရှိသွားခဲ့သည်။ လူတိုင်းလူတိုင်းမှာ သူတို့အသုံးပြုသလောက်သာလျှင် မိနစ်များ၊ နာရီများ၊ ရက်စွဲများရှိကြသည်။  သူကအချိန်ကို လိုက်မရေဘဲနှင့် အချိန်ကသာ သူ့ကိုလိုက်ရေတွက်နေရသည့်အခါတွင် လုပ်ငန်းများကို ပိုဆောင်ရွက်နိုင်ပြီးလျှင် သူနှင့်သူ့မိသားစုများအတွက် အချိန်ပိုထွက် လာသည်။ 
မှတ်တမ်းများထားရှိခြင်းအားဖြင့် သူဘယ်နေရာသို့ရောက်ရှိ နေသည်ကို သေသေချာချာ နားလည်ခဲ့သည်။ ခင်ဗျားအနေဖြင့် အရောင်းသမားတစ်ယောက်သာဆိုလျှင်လည်း အလားတူသည့် အလုပ်မျိုးကိုပင်လုပ်မည်။ ချိန်းဆိုထားသည့်ကိစ္စများ သေချာပေါက် ဖြစ်ရန်အတွက်   ဖောက်သည်လောင်းအရေအတွက်မည်မျှအား တွေ့ဆုံနိုင်သည်ကို   ဖော်ထုတ်နိုင်မည်။  ခင်ဗျား၏ ဇာတ်လမ်းကို ပြောပြရန်အတွက် မည်သို့ချိန်းဆိုရမည်၊ အရောင်းတစ်ခုပြီးမြောက်ရန် အတွက် အကြိမ်မည်မျှ ပြသရမည်ကိုသိသည်။ သေချာပေါက်အရောင်း တစ်ခုရရန်အတွက် အချိန်မည်မျှလိုအပ်မည်ကို စုပေါင်းပြီး ကြည့် လိုက်ပါ။ ထိုအခါပြပွဲလုပ်ရခြင်း၊ အရောင်းတစ်ခုဖြစ်အောင်လုပ်ရခြင်း၊ ကားမောင်းရခြင်း၊ ဝန်ဆောင်မှုပေးရခြင်းနှင့် စာရွက်စာတမ်းကိစ္စများ အားလုံးတို့အတွက်  လိုအပ်သည့်  စုစုပေါင်းအချိန်ကို ရရှိမည်။ ထိုအချက်အလက်များကိုရခဲ့လျှင် ခင်ဗျားဘယ်နေရာရောက်နေသည် ကို သိမည်။ ထိုကိစ္စမှာ သာမန်ဂဏန်းသင်္ချာလောက်သာ ဖြစ်ပါသည်။ ဤသတင်းအချက်အလက်များဖြင့် ခင်ဗျားအလုပ်လုပ်နေသည့် တစ်နာရီတိုင်း တစ်နာရီတိုင်းမှာ ဘာဖြစ်သည်ကိုသိမည်။ အထက်သို့ လှမ်းတက်နိုင်ရန်အတွက် ခင်ဗျားရည်မှန်းချက်များကို ပြန်လည် သုံးသပ်နိုင်သည်။ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ချက်ရှိသဖြင့် ပို၍ စွမ်းဆောင်ရည်ရှိသည့် လူတစ်ယောက်လည်း ဖြစ်လာနိုင်သည်။ 
ဤဇာတ်လမ်းကို အစိတ်အပိုင်းများခွဲကြည့်လျှင် ရည်မှန်းချက် ရောက်ရှိရေးဆိုင်ရာ နိယာမများကိုသာမကဘဲ ရည်မှန်းချက်ချမှတ် ရေးဆိုင်ရာနိယာမများကိုပါ ကျင့်သုံးခဲ့ကြောင်းကို အောက်ပါအတိုင်း တွေ့ရမည်။ 
(၁)     သူဘယ်နေရာရောက်နေသည်ကို သိရှိနိုင်ရန် မှတ်တမ်းများ ထားသည်။ 
(၂)     သူဖြစ်ချင်သည့် ရည်မှန်းချက်ကို နှစ်စဉ်၊ လစဉ်၊ နေ့စဉ်ဟူ၍ အသီးသီးခွဲခြားချမှတ်သည်။ 
(၃)     သူကတိတိကျကျ ရေရေရာရာရှိသည်။ (တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာတစ်သိန်းလေးထောင်ရရန်) 
(၄)     စိတ်အားထက်သန်နေပြီး စိန်ခေါ်လောက်အောင် မြင့်မားနေ သော်လည်း လက်လှမ်းမီသည့် ရည်မှန်းချက်ကိုသာချမှတ်သည်။ 
(၅)     သူကရေရှည်တစ်နှစ်စာ ရည်မှန်းချက်ကို ချမှတ်ထားသဖြင့် နေ့စဉ်  အတက်အကျများကြောင့်  သောကပွားနေစရာမလိုပေ။
(၆)     သူနှင့် သူ့ရည်မှန်းချက်အကြားတွင်ရှိသည့် အခက်အခဲများကို စာရင်းချကြည့်ပြီးလျှင် ထိုအခက်အခဲများကို ကျော်လွှားနိုင် ရန်အတွက် အစီအစဉ်တစ်ခု ရေးဆွဲသည်။

v စာမျက်နှာ ၂၁ မှ
(၇)     သူ၏ ရည်မှန်းချက်ကို နေ့စဉ်ဇယားများ ရေးဆွဲထားသည်။ 
(၈)     သူချမှတ်ထားသည့် ရည်မှန်းချက်ကိုရရှိရေးအတွက် လိုအပ် သည့်အဆင့်များ ဆောင်ရွက်နိုင်ရန်   သူ့ကိုယ်သူစည်းကမ်း  ချမှတ်ပြီးလျှင် စိတ်ဓာတ်အားဖြင့် ပြင်ဆင်ထားသည်။ 
(၉)     သူ၏ရည်မှန်းချက်များကို ရောက်ရှိနိုင်မည်ဟု စိတ်ချလက်ချ ယုံကြည်သည်။ 
(၁ဝ) ထိုနှစ်မစမီ၌ပင် သူ့ကိုယ်သူ ရည်မှန်းချက်ကို ရရှိခဲ့ပြီးဖြစ် သည်ဟု စိတ်မှ မြင်ယောင်ထားသည်။ 
ဤအပိုင်း၌ ဖော်ပြခဲ့သည့် အကြံဉာဏ်များကို ထပ်လောင်း အားဖြည့်နိုင်ရန်အတွက် ခင်ဗျား၏ ရည်မှန်းချက်များကို အခြားသူများ အား  ပြောပြရာတွင်  သတိထားသင့်သည်။  ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ပြီး မိမိ၏ရည်မှန်းချက်များကို အခြားသူများက ဝေဖန်သည့် အတွက် မထိခိုက်နိုင်ဟု ယူဆလျှင်မူ ဆက်လုပ်ပါ။ သို့သော် ခင်ဗျား၏ ရည်မှန်းချက်များကို သူတစ်ပါးအားပြောပြရာ၌ လူရွေးသင့်သည်။ ခင်ဗျား၏ အကောင်းမြင်ဝါဒကို မျှဝေမည့် လုပ်ဖော်ကိုင်ဖက်များကိုသော်လည်းကောင်း၊ ချစ်ခင်မြတ်နိုးသူများကိုသော်လည်းကောင်း၊ ခင်ဗျား ၏ယုံကြည်မှုရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ပေးနိုင်သူ များကိုသော်လည်းကောင်း တိုင်ပင်ဆွေးနွေးပါက အထောက်အကူ ဖြစ်နိုင် ပါသည်။ သို့သော် ခင်ဗျား၏ အကြံဉာဏ်များကို ဟာသလုပ်ပစ်ပြီး ခင်ဗျား၏ ကြိုးစားအားထုတ်မှုများကို သေးသိမ် အောင်လုပ်မည့်သူများ နှင့် သွားရောက်ဝေမျှမိခဲ့လျှင် အလွန်အန္တရာယ်ကြီးမားနိုင်သည်။ 
ယခုဇာတ်လမ်း၌ ဖော်ပြခဲ့သည့် လူငယ်သည် သူ၏ရည်မှန်းချက် ကို ယုံကြည်ပြီးလျှင် ထောက်ခံကူညီမှုပြုသည့်မိသားစုနှင့်  မျှဝေ နိုင်သလို အခြားသူများကိုလည်း ပြောပြခဲ့သည်။ ဤနည်းအားဖြင့် သူ့ကိုယ်သူ ထိုရည်မှန်းချက်များကို ရရှိမည်ဖြစ်ကြောင်းကို သေချာ ပေါက်သိနေမည်ဖြစ်သည်။ 
ရည်မှန်းချက်ချမှတ်မှုနှင့်ပတ်သက်၍ ယခုဖော်ပြခဲ့သည့်ဥပမာ များသည် တစ်ယောက်ချင်း အခြေအနေနှင့် ကိုက်ညီကောင်းကိုက်ညီ မည်ဖြစ်သော်လည်း ထိုနိယာမများ၊ ဥပဒေသများက ခင်ဗျား၏ အခြေအနေနှင့် ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မည်။ နောင်တစ်ချိန်ချိန်၌ ခင်ဗျားသည် ကျွန်တော်တို့၏ သင်တန်းများ၊ သင်ခန်းစာများကို တက်ရောက်လေ့လာသူတစ်ဦးဖြစ်ပြီးလျှင် ခင်ဗျား၏ တိကျရေရာ သော ရည်မှန်းချက်များအတွက် ကျွန်တော်တို့၏ နည်းပြဆရာ တစ်ယောက်ယောက်နှင့် တိုက်ရိုက်တိုင်ပင်ဆောင်ရွက်နိုင်လိမ့်မည် ဟု မျှော်လင့်ပါ သည်။ လောလောဆယ်တွင်မူ ခင်ဗျားကိုအထောက် အကူဖြစ်စေမည့် အကြံဉာဏ်တချို့ကို ထပ်မံတင်ပြသွားပါမည်။ 
ယနေ့ကောင်း၍ မနက်ဖြန်ပိုကောင်းမည် 
“ရည်မှန်းချက်တွေ အများကြီးကို ဘယ်လိုလုပ်ပြီး ချမှတ်နိုင်မှာ လဲ”ဟု ပြောနေသည့်  အမေတစ်ယောက်အကြောင်းကိုကြည့်ပါ။ ပထမဦးစွာ မိခင်တစ်ယောက်အနေဖြင့် ရည်မှန်းချက် ကြီးကြီး မားမားရှိရမည်။ မိခင်တစ်ယောက်အနေဖြင့်ရှိသင့်သည့် ရည်မှန်းချက် ကြီးတစ်ခုမှာ သူမ၏ ကလေးငယ်များအား ရှုပ်ထွေးသည့် လောက ကြီးထဲ၌ နေတတ်ထိုင်တတ်စေရန်နှင့် ကိုယ့်တက်လမ်းကိုယ်ရှာဖွေ တတ်ရန်အတွက် သင်ကြားပေးရန်ပင်ဖြစ်သည်။ ပျော်ရွှင်ကျန်းမာရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊    စိတ်ဓာတ်ရေးရာခိုင်မာသော ကလေးများဖြစ်လာစေရေးသည် မိခင်တစ်ယောက်အတွက် ဧရာမ ရည်မှန်းချက်ကြီးဖြစ်သည်။   ရေရှည်ရည်မှန်းချက်ကမူ သူမ၏ ကလေးငယ်များအား လူ့အဖွဲ့အစည်းကို အကျိုးပြုမည့်သူများဖြစ်လာ စေရန်ဖြစ်သည်။ ထိုသို့ဖြစ်စေရန်အတွက် ကာယကံအားဖြင့်လည်း ကောင်း၊ ဝစီကံအားဖြင့်လည်းကောင်း သင်ကြားပေးနိုင်သည်။ နောက်ဆုံး၌ ယေရှုခရစ်တော်နှင့် ထာဝရပေါင်းစည်းသည့်အဆင့်ကို ရောက်အောင်အထိ ဆောင်ရွက်နိုင်သည်။ 
ထိုရည်မှန်းချက်များနှင့်ပတ်သက်၍ နေ့စဉ်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်တစ်ခုမှာ ကျွန်တော်တို့၏ ကလေးများအား သူတို့ဘာသာ သူတို့ ဘယ်လိုလုပ်ဆောင်ရမည်ဆိုသည်ကို သင်ကြားပေးရန် ဖြစ် သည်။ တရုတ်စကားပုံတစ်ခုက “လူတစ်ယောက်ကို ငါးတစ်ကောင်ပေး လိုက်လျှင် တစ်ရက်သာကျွေးနိုင်သည်။ ဘယ်လိုငါးဖမ်းရသည်ကိုသာ သင်ကြားပေးခဲ့လျှင် တစ်ဘဝစာကျွေးနိုင်သည်”ဟု ဆိုထားသည်။ ဘယ်လိုဖြစ်အောင်လုပ်ရမည်ဆိုသည်ကို ကလေးများအား သင်ပေးပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပံ့ပိုးမည်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်တံ့ ခိုင်မြဲအောင်လုပ်ရမည်ကို သင်ကြားပေးပါ။ ထို့ထက်ကြီးမားသည့် နေ့စဉ်ရည်မှန်းချက်တစ်ခုခု ရှိပါသေးသလား။ 
လူတစ်ယောက်စီ တစ်ယောက်စီ၏ နေ့စဉ်ရည်မှန်းချက်များသည် တစ်နေ့တာအတွက် သူတို့တတ်နိုင်သမျှ ဆောင်ရွက်ကြပြီး ပိုမို ကောင်းမွန်သည့် မနက်ဖြန်ကို မျှော်လင့်ပြင်ဆင်နေစဉ်မှာပင် ယနေ့ အတွက် အကောင်းဆုံးဆောင်ရွက်ရန်ဖြစ်သည်။ အနာဂတ်ဆိုသည်မှာ ခင်ဗျား၏ ကျန်ရှိသည့်ဘဝကို အသုံးပြုရမည့်နေရာပင် ဖြစ်သည်။ နေ့စဉ်ကြိုးပမ်းအောင်မြင်မှုများသည် အနာဂတ်ကို ဦးတည်နေသည့် အုတ်ချပ်များနှင့် တူသည်။ သင့်တော်သည့် ရည်မှန်းချက်များချမှတ် ပြီး လုပ်ထုံးလုပ်နည်းကို လိုက်နာကာ အုတ်များကို နေရာတကျ ခိုင်ခိုင်မြဲမြဲစီခဲ့လျှင် နောက်ဆုံး၌ ထိပ်ဆုံးသို့ရောက်အောင် သွားနိုင် သည့် လှေကားထစ်များကို တည်ဆောက်နိုင်မည်။ ဘဝတစ်သက်တာ အတွက် ရည်မှန်းချက်များကို သေသေချာချာချမှတ်နိုင်ရန် လိုအပ်ခြင်း မှာ ထိပ်ဆုံးသို့သက်သောင့်သက်သာရောက်အောင် တက်နိုင်သည့် ဓာတ်လှေကားမှာ ပျက်နေတတ်ကြောင်းကို နားလည်ထားရမည်။ လှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့်တက်ချိန်၌ ခြေတစ်လှမ်း သည် လှေကားထစ်တစ်ခုချင်း မှတ်သားတတ်ရန် ဖြစ်ကြောင်းကို သတိထားရမည်။ ကံကောင်းသည်မှာ လှေကားထစ်များသည် အပေါ်သို့တက်လှမ်းရန်အတွက် ခင်ဗျားကို ဖိတ်ခေါ်နေကြခြင်းပင် ဖြစ်သည်။        ။
 

ခင်မောင်ညို (ဘောဂဗေဒ)

[ခင်မောင်ညို (ဘောဂဗေဒ)၏          “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ  “ရည်မှန်းချက်များချမှတ်ခြင်း”    ဆောင်းပါးကို စာရေးသူ၏ခွင့်ပြုချက်ဖြင့်  ကူးယူဖော်ပြခြင်း   ဖြစ်ပါသည်။ စာတည်း]