ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ်    ၅ /၂၀၂၂
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း   ၂  ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ   ၃  ရက်)

၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

၂။    ထိုင်း-မြန်မာ  နှစ်နိုင်ငံကုန်သွယ်မှုကို  တိုးမြှင့်နိုင်ရန်နှင့်  ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံ ငွေ‌ပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏   ရည်ရွယ်ချက် များနှင့်အညီ   ပြည်တွင်းငွေကြေးသုံးစွဲမှုကို   တိုးမြှင့်ရန်တို့အတွက်   ရည်ရွယ်၍  ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်။

၃။    ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank)  များတွင်  နယ်စပ် ကုန်သွယ်မှု ဆောင်ရွက်မည့်  သွင်းကုန်တင်သွင်းသူများနှင့်  ပို့ကုန်တင်ပို့သူများ၏ ဘတ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်။

၄။    သို့ဖြစ်၍  ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက် ရန်ဖြစ်သည်။

၅။    ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

သန်းညိန်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်