
ဘန်ကောက် စက်တင်ဘာ ၅
ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာ သာဝိစင်နှင့် ၎င်း၏ဝန်ကြီးအဖွဲ့သည် စက်တင်ဘာ ၅ ရက်က ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ရှေ့မှောက် တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
မစ္စတာ ဆရက်သာ သာဝိစင်ကို ပါလီမန်က လွန်ခဲ့သောလက ဝန်ကြီးချုပ်အဖြစ် ရွေးချယ် လိုက်ပြီးနောက် ၎င်းနှင့် ၎င်းအဖွဲ့ကို ဘုရင်က လက်ခံကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ကြေညာလိုက်ပြီးနောက် ယခုလို ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။
မစ္စတာ ဆရက်သာနှင့် ဖြူထိုင်းပါတီဦးဆောင် သော အစိုးရအဖွဲ့ဝင် ၃၃ ဦးက ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ဒူးဆစ်တော်ဝင်နန်းတော်၌ ဘုရင်ထံ သစ္စာခံပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဖြူထိုင်း၊ ဘွမ်ဂျိုင်ထိုင်း၊ ပလန် ပရာချာရတ်နှင့် ယူနိုက်တက်ထိုင်းနေးရှင်း အပါ အဝင် အဓိကမဟာမိတ်လေးပါတီမှ ဒုတိယဝန်ကြီး ချုပ် ခြောက်ဦးနှင့် တခြားအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
ကျမ်းသစ္စာကျိန်ဆိုပွဲပြီးနောက် အစိုးရ အိမ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ ယခုအစိုးရ သည် ပြည်သူ့အစိုးရဖြစ်ကြောင်း ဆရက်သာက ပြောကြားခဲ့သည်။ ယနေ့ ဤနေရာတွင်ရှိသော အစိုးရအဖွဲ့ဝင်တိုင်းသည် ပြည်သူ့ကိုယ်စားလှယ် သာဖြစ်ကြောင်း ဆရက်သာက ပြောကြားခဲ့သည်။
ပြည်သူ့အရေးအတွက် ပြဿနာများကို ဖြေရှင်းရန်နှင့် မမောမပန်းအလုပ်လုပ်သွားကြမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တော်ဝင်မှတ်တမ်းထုတ်ပြန်ချက်အရ အိမ်ခြံ မြေသူဌေးတစ်ဖြစ်လဲ ဝန်ကြီးချုပ်သစ်ဖြစ်သည့် ဆရက်သာသည် ဘဏ္ဍာရေးဝန်ကြီးအဖြစ်ပါ ပူးတွဲ တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ ၎င်း၏ ဖြူထိုင်းပါတီအဖွဲ့ဝင်သုံးဦးလည်း ဒုတိယဝန်ကြီးချုပ် တာဝန်များသာမက နိုင်ငံခြားရေး၊ စီးပွားကူးသန်း စသည့် အဓိကကျသည့် ဝန်ကြီးတာဝန်များကိုပါ ပူးတွဲထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသစ်သည် ပန်ပရီဘာဟစ်ဒါနုကာရာ ဖြစ်လာမည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးတာဝန်ကို ဘွမ်ဂျိုင်ထိုင်း ပါတီဝင်အား ရွေးချယ်ထားကြောင်း သိရသည်။
ဆရက်သာသည် လာမည့်တနင်္လာနေ့တွင် ကျင်းပမည့် ပါလီမန်တွင်ပြောကြားမည့် နိုင်ငံတော် မိန့်ခွန်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အစိုးရအဖွဲ့ကို လာမည့် အင်္ဂါနေ့တွင် တရားဝင်ကျင်းပမည်ဖြစ်သည်။
ဆင်ဟွာ