
နေပြည်တော် ဒီဇင်ဘာ ၉
ချင်းပြည်နယ် ထန်တလန်မြို့ မြို့မရဲစခန်းအနီးသို့ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် အကြမ်းသမားအင်အား ၃၀ ခန့်က အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် ချဉ်းကပ်လာရာမှ အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမားများသည် အရှေ့ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာ ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများသည် အမှတ်(၂) ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းကြောင့် ညနေ ၆ နာရီ ၁၅ မိနစ်မှ ယနေ့ နံနက် ၁ နာရီ ၅ မိနစ်အထိ ရပ်ကွက်အတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၈ နာရီခွဲခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ ပျဉ်ခင်း၊ သွပ်ကာ၊သွပ်မိုး ၁ ထပ်နေအိမ် ရှစ်လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ၁ ထပ်နေအိမ် နှစ်လုံးနှင့် ပျဉ်ခင်း၊ သွပ်ကာ၊ သွပ်မိုး ၂ ထပ်နေအိမ် သုံးလုံး စုစုပေါင်း နေအိမ် ၁၃ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၂၀၀ ခန့်) မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ နေရာဒေသအချို့၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိရာ လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်လုံး ၃၀ ၊ ၆ ခန်းတွဲ ဈေးဆိုင်ခန်း တစ်လုံးနှင့် ဘုရားရှိခိုးကျောင်း တစ်ကျောင်းကို နိုဝင်ဘာ ၂၄ ရက်တွင် လည်းကောင်း၊ အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းအနီးရှိ နေအိမ်အလုံး ၇၀ ခန့်နှင့် ဘုရားရှိခိုးကျောင်း နှစ်ကျောင်းကို အောက်တိုဘာ ၂၉ ရက်တွင်လည်းကောင်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
အကြမ်းဖက်သမားများက ထိုသို့ အကြမ်းဖက် လုပ်ရပ်များကို မကြာခဏ ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်လျက်ရှိသဖြင့် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေး အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်