
နေပြည်တော် ဇန်နဝါရီ ၃၀
တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၇၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်း ပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ် ဝှေလေလန် - ပါခုတ်သွား ကားလမ်း ပါခုတ်ကျေးရွာအနီး တွင် စိုင်းအွန် (ခ) အိုက်အွန် မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်း ရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီခန့်တွင် တာချီလိတ် မြို့နယ် နမ့်လွတ်(ရှမ်း)ကျေးရွာရှိ ယိန်းနှင့် မနန်းအင် တို့၏ နေအိမ် အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၆ သိန်း ဆက်လက် သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ ည ၇ နာရီတွင် တာချီလိတ် မြို့နယ် ပါခုတ်ကျေးရွာရှိ နေအိမ် တွင် အိုက်ဆီယွန်း (ခ)အိုက်ကျိုင်း ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၆၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်း၊ ကတ်တမင်း ၁၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ၄ ဦးကို ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်