တစ်အူထုံ့ဆင်း စိတ်ရင်းပင်လုံ လွှမ်းခြုံထားနိုင်ပါမှ

Type

ဒေါက်တာမောင်သင်း

=============

ပြည်ထောင်စုနေ့သည်  စိန်ရတုပင်တိုင်ခဲ့ပါပြီ။ 
လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက  သားချင်း မောင်နှမ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် စွာဖြင့်  ကိုလိုနီလက်အောက်ခံဘဝတွင်   မနေလို ကြောင်း ကတိသစ္စာပြုပြီး မှတ်တမ်းတင်သည့်နေ့ လည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ တည်စကတည်းက အေးအတူပူအမျှ ဥမကွဲသိုက်မပျက် မခွဲခဲ့ကြသည့် အစဉ်အလာကောင်း အစဉ်အလာမြတ်ကို “ငါတို့ မြန်မာတိုင်းရင်းသား    မောင်နှမသားချင်းတွေ ထာဝရထိန်းသိမ်းမည်” ဟု ဆက်လက်နယ်ချဲ့လို သူတို့ကို ပြဆိုလိုက်ခြင်းပါ။ 
ဤသည်ကြောင့်ပင် မြန်မာပြည်တစ်လွှားမှ တောင်တန်းနေ တိုင်းရင်းသားများလည်း မကျန်ခဲ့၊ မြေပြန့်နေသွေးချင်းများလည်း ရှေ့က စောမရောက် နှင့်နေပေ။ တောင်ပေါ်မြေပြန့်အတူ ပြုံးပျော်လက်တွဲ ၍    လွတ်လပ်ရေးပန်းတိုင်ဆီ   တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပန်းဝင်ခဲ့ကြသည်။ တစ်အူထုံ့ဆင်း သွေးချင်းမောင်နှမဟူသည့်   “သွေးသားရင်းဗီဇ အခြေပြုသည့် ပင်လုံစိတ်ဓာတ် အမွန်အမြတ်”သည် သွေးစည်းမှု၊ ညီညွတ်မှုနှင့်အတူ သားချင်းမောင်နှမ တိုင်းရင်းသားများအကြား       ဖွံ့ဖွံ့ဖြိုးဖြိုးဖြင့် ဆက်လက်ရှင်သန်ဆဲပါ။
ဝါဒမှိုင်းမှုန်ကြားက ပြတ်သားသည့် 
သွေးသားရင်းချာစိတ်ထား  
ဘာလင်မြို့ကြီးသည်   ဒုတိယကမ္ဘာစစ်ပြီး နောက်  ကမ္ဘာပေါ်တွင်   ထူးခြားသည့်မြို့တစ်မြို့ ဖြစ်ခဲ့ပါသည်။ မြို့ကို  သုံးမီတာမြင့်ပြီး  ၄၃  ကီလို မီတာရှည်သည့် အုတ်တံတိုင်းဖြင့် နှစ်ခြမ်းပိုင်းပြီး နှစ်နိုင်ငံက ပိုင်တာပါ။ တစ်ချိန်က တစ်မြို့တည်းပါ။ တစ်ခြမ်းက အရှေ့ဂျာမနီပိုင်၍ တစ်ခြမ်းက အနောက် ဂျာမနီပိုင်ပါသည်။    အနောက်ဂျာမနီပိုင်သည့် အခြမ်းကိုလည်း  အရှေ့ဂျာမနီပိုင်နယ်မြေများက ပတ်လည်ဝိုင်းထားသဖြင့် သူများနိုင်ငံထဲက  ကိုယ့် မြို့ဖြစ်နေသည်။  ၁၉၈၇  ခုနှစ်၌ စာရေးသူ ပညာ တော်သင်ဘဝတွင် အနောက်ဂျာမနီပိုင် ဘာလင် မြို့အခြမ်းသို့    စာတမ်းဖတ်ရန်အသွား   အရှေ့ ဂျာမနီနယ်စပ်၌ အစစ်ဆေးခံပြီးနောက် အဝေးပြေး လမ်းအတိုင်း ဘာလင်မြို့သို့ အရောက်သွားရသည်။ ဘယ်လမ်းသွယ်ကိုမှ ဆင်းခွင့်မရှိပါ။ လမ်းရပ်နား စခန်း၌သာ ရပ်ခွင့်ရှိသည်။ 
ထူးခြားသည်က   အဝေးပြေးလမ်းမကြီးသည် အလွန်ကောင်းသလောက် ဘေးကလမ်းသွယ်များ က ပျက်စီးနေတာပါ။  အတူပါလာသည့်   ဂျာမန် သူငယ်ချင်းကို အဝေးပြေးလမ်းမကြီးနှင့် လမ်းသွယ် တို့   နှစ်လမ်း  ဘာလို့ဒီလောက်ကွာနေတာလဲဟု မေးတော့ အဝေးပြေးလမ်းမကြီးက အနောက်ဂျာမနီ က ဖောက်ပေးထား၍ဖြစ်သည်တဲ့။  ဘာလို့  အနောက် ဂျာမနီက ဆောက်ပေးရတာလဲဆိုတော့ “နိုင်ငံရေး” ပေါ့ကွာတဲ့။ ကျွန်တော် ဘဝင်မကျပါ။ ဘာဖြစ်လို့ အရင်းရှင် အနောက်ဂျာမနီနိုင်ငံက အရှေ့ဂျာမနီ ကွန်မြူနစ်နိုင်ငံကို  ကူရတာလဲဆိုသည့်  မတူသည့် ဝါဒကို  အစွဲပြုသည့်    ကျွန်တော့်အမြင်ကြောင့် ဘဝင်မကျဖြစ်နေခြင်းပါ။ 
ဘာလင်မြို့မှပြန်လာတော့   အဆောင်တွင် အခန်းဘေးမှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့တက်နေသည့် သူငယ်ချင်းကို    ထိုအကြောင်း   မေးမိပါသည်။ သူက “မင်းတို့ဆီမှာ မိဘ၊ ဆွေမျိုးသဘောမကျပေမယ့် သူကြိုက်တဲ့သူနဲ့  အိမ်ထောင်ပြုတဲ့   မောင်နှမ၊ သားချင်း၊ ဦးလေး၊ အဒေါ်တွေရှိကြသလားတဲ့” ဟု ပြန်မေးပါသည်။  ကျွန်တော်က လူပဲ ရှိတာပေါ့လို့ ပြန်ဖြေပါသည်။    အဲဒီလို ကိုယ်မကြိုက်တဲ့သူနဲ့ ယူသွားလို့ မင်းနဲ့ အမျိုးမတော်တော့ဘူးလားတဲ့။ သူ့အမေးကို ကျွန်တော်ကတို့ဆီမှာ “မခေါ်ချင်လို့ရ တယ်၊ အမျိုးမတော်ချင်လို့မရ” ဆိုတဲ့ ဆိုရိုးစကား ရှိသည်ဟုပြောတော့   သူက  “တို့ဂျာမန်တွေလည်း အတူတူပါပဲတဲ့။ ကွန်မြူနစ်တို့၊ အရင်းရှင်တို့ဆိုတာ က သူကြိုက်ပြီး ကိုယ်မကြိုက်၊  ကိုယ်ကြိုက်ပြီး သူမကြိုက်တဲ့ ဝါဒတွေပါ။ တို့ဂျာမန်တွေ ပိုခံနေ ရတာက   ခေတ်သစ်ကိုလိုနီဝါဒက   သူတို့ဩဇာ လွှမ်းမိုးချင်တာကြောင့်  နိုင်ငံနှစ်ခြမ်းခွဲခံရတာပါ အဆစ်ပါသေးတယ်။ ဒါပေမဲ့ အရှေ့ဂျာမနီကွန်မြူနစ် လည်း တို့အမျိုးဂျာမန်၊ အနောက်ဂျာမနီ အရင်းရှင် လည်း ဂျာမန်လူမျိုးလေကွာ၊ ဝါဒတွေမတူပေမယ့် တစ်အူထုံ့ဆင်း မောင်ရင်းနှမတွေ၊ သွေးသားအရင်း အချာတွေပါတဲ့။ အရှေ့က တို့အမျိုး၊ တို့သွေး၊ တို့သား ဆင်းရဲတော့လည်း မနေနိုင်ပါ။ ကူရတာပေါ့။ နိုင်ငံ ရေးမှာ ဝါဒတွေ ကျင့်စဉ်တွေထက် သွေးသားရင်းချာ စိတ်ထားအမြင်က ပိုအရေးကြီးပါတယ်။ ပိုခိုင်မြဲပါ တယ် သူငယ်ချင်း”တဲ့။ 
သူ့အဖြေက ကျွန်တော့်ကို ဝါဒမှိုင်းမှုန်ကြားက သွေးရင်း၊ သားရင်း၊ မောင်ရင်း၊ နှမကို အလေးထား ကြည့်နိုင်ရမည်ဆိုသည့် ဝါဒတွေထက် အရေးကြီးတဲ့ နိုင်ငံရေးအမြင်ကို သိမြင်စေခဲ့ပါသည်။   
တစ်အူထုံ့ဆင်း မောင်ရင်းနှမ 
ပင်လုံစိတ်ထား 
များသောအားဖြင့်   ပင်လုံစာချုပ်   လက်မှတ် ရေးထိုးသည်ကိုသာ အားလုံးသိကြသည်။   ဤသို့ ဖြစ်လာရန်   ဗိုလ်ချုပ်အပါအဝင်   တိုင်းရင်းသား ခေါင်းဆောင်များ       အတူကြိုးပမ်းခဲ့ကြရသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင်  “ကျွန်တော် အင်္ဂလန် သွားပြီး    ပြည်မရော  တောင်တန်းဒေသတွေကိုပါ လွတ်လပ်ရေးအတွက်    တောင်းဆိုချင်ပါတယ်” ဆိုတာမျိုးအစချီကာ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကော် သူလေး (ယနေ့ ကယားပြည်နယ်)၊ ကရင်ပြည်နယ် အသီးသီးသို့   သွားရောက်ခဲ့ကာ    တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။ ဆွေးနွေးရာ တွင်    ရင်တွင်းမှထွက်ပေါ်လာသည့်စကားသည် “တစ်အူထုံ့ဆင်း၊ မောင်ရင်းနှမစိတ်ထား” ကို အခြေခံ တာမို့ အောင်မြင်ခဲ့သည်။ 
 ၁၉၄၇  ခုနှစ် ဖေဖော်ဝါရီလ  ၁၂  ရက်နေ့တွင် ပင်လုံမြို့လေး၌   တိုင်းရင်းသားမောင်နှမများ၏ အေးအတူပူအမျှ    လွတ်လွတ်လပ်လပ်နေလိုပါ သည်၊ ကိုလိုနီလက်အောက်ခံတော့ ဆက်မနေလိုပါ ဆိုသည့် သွေးဗီဇအခြေပြု    ကတိပြုစာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ ပင်လုံစိတ်ထားဟု   ခေတ်သစ် မြန်မာနိုင်ငံသမိုင်းတွင်     ကင်ပွန်းတပ်ခဲ့သည်။ အလွယ်တကူမဟုတ်ခဲ့ပါ။      နယ်ချဲ့ကိုလိုနီ၏ နည်းမျိုးစုံမှိုင်းတိုက်သည့် သွေးခွဲဝါဒမျိုးစုံကြားက “သွေးချင်းမောင်နှမချစ်ကြည်မှုဗီဇ” ကို အမြော် အမြင်ကြီးမားသည့် တိုင်းရင်းသားခေါင်းဆောင်များ မြင်အောင်ကြည့်နိုင်ခဲ့ကြသည်။ ပြီးတော့ စည်းလုံးမှု ကို  ပြတ်သားစွာ ပြသခဲ့ကြသည်။  
တကယ်တော့ ပင်လုံစိတ်ဓာတ် မတိုင်မီကတည်း ကလည်း “တစ်အူထုံ့ဆင်း မောင်ရင်းနှမစိတ်ဓာတ်” ကို မြန်မာတိုင်းရင်းသားများ  အောင်မြင်စွာပြသ ခဲ့ပြီးပါပြီ။ ဖက်ဆစ်တော်လှန်ရေးမှာပါ။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပူးပေါင်းပါဝင်ခဲ့ကြပါ သည်။ ဂျပန်၏  ဖက်ဆစ်ဝါဒက အာရှတန်းတူညီမျှ ရေး ဝါဒမှိုင်းဖြင့် အင်္ဂလိပ်ပြီးနောက် ထပ်မံကျွန်ပြု ခဲ့သည်။ အရောင်ပြ၊ ဟန်ပြ၊ ရွှေရည်စိမ်လွတ်လပ် ရေးဆိုသည်ကို သိလိုက်သည့်အခါတွင်   နိုင်ငံသား အားလုံး ပေါင်းစည်းညီညာသည့် တော်လှန်ရေးအဖွဲ့၊ တစ်နည်းအားဖြင့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ တွင် မြန်မာတိုင်းရင်းသားအစုံအလင် လူတန်းစား မျိုးစုံ၊   ပါတီစုံ၊    ကွန်မြူနစ်ဝါဒ၊    အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ ယုံကြည်သူများ၏ ပါတီအဖွဲ့ဝင်များ ပါဝင်ခဲ့ပေသည်။ 
သို့သော်အမျိုးသားရေးဝါဒ၊ တစ်နည်းအားဖြင့် မြန်မာတိုင်းရင်းသားများဟူသည့် တစ်အူထုံ့ဆင်း မောင်ရင်းနှမစိတ်ထားက      အားလုံး၏ ရင်ထဲ၊ အသည်းထဲ၊  ဦးနှောက်ထဲ ကိန်းအောင်းသည့်အတွက် စည်းလုံးခဲ့၊ ညီညွတ်ခဲ့၍ အင်္ဂလိပ်တို့နှင့် ပြန်ပေါင်း ကာ  ဂျပန်ကို  ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။ ရောင်ပြ “အာရှတန်းတူဝါဒ” မှိုင်းကြားက မိမိတို့၏ အမျိုးမှန်၊ အဖိုးတန်  အမျိုးသားညီညွတ်ရေးဝါဒကို မြင်အောင်ကြည့်နိုင်ခဲ့သည်။ 
သွေးခွဲဝါဒကြားက 
သွေးသားရင်းချာစိတ်ထား အလင်းတန်း
အောင်မြင်ခြင်း၏သော့ချက်က   ဘယ်ဟာ အတု၊   ဘယ်ဟာအစစ်  ခွဲခြားနိုင်မှုပညာတည်း။ ယင်းပညာသည်  ဓမ္မနှင့် အဓမ္မကို   ပိုင်းခြား၏။ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုကိုသိ၏။  အဖျက်မှိုင်းကို ကြံ့ကြံ့ခံနိုင်၏။      သို့ပါ၍  တိုင်းရင်းသားများက ဘယ်ဟာ “အနှစ်”၊ ဘယ်ဟာ “အကာ” ကို ကွဲပြား အောင်ကြည့်နိုင်၏။ သို့သော် ဆက်လက်သွေးခွဲလို ကြသူ ဗြိတိသျှတို့က နည်းမျိုးစုံခွဲကြ၏။ ဥပမာ အားဖြင့်  ဒုတိယကမ္ဘာစစ်အပြီး  မြန်မာနိုင်ငံတွင် အုပ်ချုပ်မည့် “စက္ကူဖြူစီမံကိန်း” အရ “ကချင်ပြည် နယ်သည်   မြန်မာနိုင်ငံထဲမပါဝင်ဘဲ   တသီးတခြား နေလိုက နေနိုင်ကြောင်း၊ ကချင်အမျိုးသား အဆင့် အတန်းမီအောင်အတွက် မိမိတို့က ထောက်ပံ့ကူညီ မည်” စသည်ဖြင့်  မြစ်ကြီးနားမြို့တွင်   ဘုရင်ခံ ဆာဒေါ်မန်စမစ်ကိုယ်တိုင်သွေးခွဲခဲ့သည်။ 
ထို့အတူ “ကရင်နီနယ် (ယနေ့ ကယားပြည် နယ်) ကို အင်ဒီပင်းဒင့်နယ်မြေဖြစ်သည်၊ ဗမာပြည် အဆင့်အတန်းထက်မြင့်သည်၊ ကိုယ့်ကောင်စီနှင့် ကိုယ်လုပ်နိုင်သည်၊ အင်္ဂလိပ်ထံ ငွေချေး၍ ပြန်လည်  ထူထောင်နိုင်သည်” စသည်ဖြင့် တောင်တန်းဒေသ ဆိုင်ရာ  မဟာမင်းကြီး စတီဗင်ဆင်က ခြေထိုး၏။ တချို့နားယောင်၏။ သို့သော် ကရင်နီလူထုကိုယ်စား လှယ်များ     တတိယအကြိမ်    တိုင်းပြုပြည်ပြု လွှတ်တော်တက်ရောက်လာခြင်းက ဗြိတိသျှတို့၏ ကရင်နီပြည်နယ်တွင်  သွေးခွဲဇာတ်လမ်းကျဆုံးမှု ဖြင့် အဆုံးသတ်စေခဲ့သည်။
 သွေးခွဲမှု၏ အထင်ရှားဆုံးလုပ်ရပ်မှာ အင်္ဂလန် တွင် “တောင်တန်းများပါ ပြည်မနှင့်အတူ  လွတ်လပ် ရေးရလိုကြောင်း တောင်းဆို” နေသည့်        ဗိုလ်ချုပ် အောင်ဆန်းကို ဗြိတိသျှနန်းရင်းဝန် “အက်တလီ” က  ကြေးနန်းစာတစ်စောင်  ပေး၍ဖတ်လိုက်ရာ “ဗိုလ်ချုပ်အောင်ဆန်းဟာ     ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်၊      တောင်တန်းနယ်ကိစ္စ ဆွေးနွေးရန် ရှမ်းစော်ဘွားများအား သီးခြားဖိတ်ခေါ် ပါ” တဲ့။ သို့သော် နောက်တစ်နေ့ တောင်ကြီး   လူထု စည်းဝေးပွဲဆုံးဖြတ်ချက်ကို  အင်္ဂလန်ရှိ    ဗိုလ်ချုပ် အောင်ဆန်းထံ  သံကြိုးစာ   ရိုက်လိုက်လေသည်။ ထိုသံကြိုးစာတွင်  “တောင်တန်းဒေသများသည် ပြည်မနှင့်ပူးပေါင်း၍ လွတ်လပ်ရေးရယူလိုကြောင်း၊       ဗိုလ်ချုပ်အောင်ဆန်းသည်  တောင်တန်းသားအားလုံး အတွက် ပြောပိုင်ခွင့်ရှိပြီး သူ၏လိုလားချက်၊ အဆိုပြု ချက်များကို ထောက်ခံကြောင်း” ဟု   ဖော်ပြထား သဖြင့် ဗြိတိသျှနန်းရင်းဝန်အား   ပြသသည့်အခါ “တောင်တန်းကိစ္စကို ပင်လုံမြို့၌  ဖေဖော်ဝါရီလတွင်   ဆွေးနွေးရန်ဖြစ်ပေါ်လာခဲ့သည်။ c  စာမျက်နှာ ၁၂ မှ
သွေးခွဲဝါဒမှိုင်းကြားက ကျွန်ဘဝမှာ   မပျော်ပိုက် ကြောင်း   “သွေးသားရင်းချာစိတ်ထား အလင်းတန်း” ကို မြန်မာနိုင်ငံတွင် ကိုလိုနီဝါဒဆက်၍ သက်ဆိုး ရှည်ရန် ကြိုးပမ်းနေသူများအား ထင်ထင်ရှားရှား ထိုးပြနိုင်ခဲ့ပါသည်။ ပင်လုံစိတ်ဓာတ်ဟု သမိုင်းတွင် ခဲ့သည်။ 
ဝါဒအရိပ်ထက်သာသည့် ဆွေရိပ်၊ မျိုးရိပ်
အနောက်ဂျာမနီကို   ပညာသင်သွားစဉ်တွင် အရှေ့ဂျာမနီက ပင်စင်စား မူလတန်းပြဆရာမကြီး တစ်ဦးနှင့်  ၁၉၈၇ ခုနှစ်တွင် ဆုံတွေ့ခဲ့ပုံလေးကို အမှတ်ရမိပါသေးသည်။ အရှေ့နှင့် အနောက်ဂျာမနီ နယ်စပ်က မြို့လေးတစ်မြို့တွင် ခရစ္စမတ်ကာလ သူငယ်ချင်းအိမ်အလည်သွားရင်း ဆုံတွေ့ခဲ့တာပါ။ သူငယ်ချင်းအဖေ၏  အစ်မပါ။ အရှေ့ဂျာမနီမှ ပင်စင် ယူပြီးသည့်သူများ ခရစ္စမတ်ကာလတွင် အနောက် ဂျာမနီမှ  ဆွေရင်း၊ မျိုးရင်းများဆီ နှစ်ပတ်လာလည် ခွင့်ရှိပါသည်။ လာလည်ရင်း နေမကောင်းဖြစ်နေလျှင် လည်း   ဆက်နေခွင့်ရှိပါသည်။  အရှေ့ဂျာမနီမှ   သူငယ်ချင်း၏ အကြီးတော်စပ်သူ အငြိမ်းစား ဆရာမ ကြီးဆိုလျှင် သူ့မောင်၊ သူ့ယောင်းမ၊ တူ၊ တူမများဆီ တွင် သုံးရက်နေပြီးလျှင် ဘယ်မြို့က မောင်နှမတစ်ဝမ်း ကွဲများဆီ သွားလည်မည်ဆိုပြီး ပြုံးပျော်နေပါသည်။ 
“လူ့ဘဝ တိုတိုမှာ ဟိုဝါဒ၊ ဒီဝါဒ အရိပ်တွေထက် ဆွေရိပ်၊ မျိုးရိပ်၊ သွေးသားရင်းချာ အရိပ်အောက်မှာ သာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ လူ့ဘဝတန်ဖိုးကို ရယူ ပေးစွမ်းနိုင်ကြောင်း” ကို   ထိုအချိန်က အရှေ့နှင့် အနောက်ဂျာမနီတွင် အရင်းရှင်ဝါဒနှင့် ကွန်မြူနစ် ဝါဒကို ဦးဆောင်နေကြသည့် နှစ်နိုင်ငံခေါင်းဆောင် များ သဘောပေါက်လက်ခံထားကြဟန်တူပါသည်။ မွန်မြတ်သည့်    “သွေးသားရင်းချာစိတ်ထား” က ပေါက်ဖွားလာသည့် လူ့အခွင့်အရေးရလဒ်ဟု မြင်မိ ပါသည်။  
သွေးမြေမကျ၊ ကျည်ဆန်ဖောက်ရန် မလိုသည့် သွေးသားရင်းချာစိတ်ထား 
ဒုတိယကမ္ဘာစစ်အပြီးတွင်    နိုင်ငံ  နှစ်ပိုင်း ကွဲသွားသည့်   နိုင်ငံသုံးနိုင်ငံရှိခဲ့ပါသည်။   ဂျာမနီ၊  ဗီယက်နမ်နှင့် ကိုရီးယားတို့ပါ။        ပထမဦးဆုံး ပြန်ပေါင်းသည်က တောင်နှင့်မြောက် ဗီယက်နမ်ပါ။ ပြီးနောက် အရှေ့နှင့် အနောက်ဂျာမနီပါ။ ယနေ့ထိ မပေါင်းသေးသည်က တောင်နှင့်မြောက်ကိုရီးယားပါ။ အမေရိကန်ဦးဆောင်သည့်   အရင်းရှင်အုပ်စုနှင့် ရုရှားအုပ်စု၏  ကွန်မြူနစ်နိုင်ငံများအဖြစ် ခွဲခြားခံရ ခြင်းပါ။ ဗီယက်နမ်နှစ်နိုင်ငံ ပြန်ပေါင်းရန်အတွက် နှစ်ဖက်ဆွေမျိုးများ သားချင်းများ တိုက်ကြ၊ ခိုက်ကြ၊ သေကြ၊   သွေးမြေကျခဲ့ရပါသည်။              ဂျာမနီ နှစ်နိုင်ငံ ပြန်ပေါင်းကြသည့်အခါမှာတော့ စစ်ရေးဖြင့် မဖြေရှင်းပါ။  စစ်ရေးက ဘယ်ဘက်ကသေသေ နောက်ဆုံးတွင် သေဆုံးသူက ဂျာမန်ပါပဲ။ သွေးသား ရင်းချာပါ။ အရှေ့ဂျာမနီဘက်က ပြန်လည်ပေါင်းစည်း ရေးကိုဦးဆောင်ခဲ့သည့်ပညာရှင်များနှင့်  နိုင်ငံရေး ခေါင်းဆောင်များကို “ဘာဖြစ်လို့ ကွန်မြူနစ်ဝါဒကို စွန့်လွှတ်ပြီး အနောက်ဂျာမနီနဲ့ ပေါင်းရတာလဲ” ဆိုသည့်မေးခွန်းကို “ဆောင်ရွက်တုန်းကတော့ နိုင်ငံ နဲ့ ပြည်သူတွေကောင်းစားမယ်ဆိုပြီး  လုပ်ခဲ့တာပါ။ ဝါဒကို ဖက်တွယ်တာကြာတော့ အနောက်က အမျိုး တွေက ပိုချမ်းသာ၊ ပိုဖွံ့ဖြိုး၊ နိုင်ငံတကာမှာ ပိုဝင်ဆံ့၊ အရှေ့ဘက်က ပိုဆင်းရဲလာတာ တွေ့ရတော့ ဝါဒကို ဆက်ပြီးဖက်တွယ်မလား၊ ပြည်သူကောင်းစားရေး ကို ရှေးရှုမလားဆိုတော့ ပြည်သူ့ဘက်က အားသာ သွားတာပါပဲ” ဟူသတည်း။ 
အနောက်ဂျာမနီကမူ “အမျိုးဟာအမျိုးပဲ၊ အဖြူ အနီဝါဒ၊  ကွန်မြူနစ်ဝါဒမလို၊   ဂျာမန်ဟာ သွေးရင်း သားရင်းမို့ ပေါင်းပါမယ်” ဆို၏။   ဒါပေမဲ့ အနောက် အုပ်စုအဖွဲ့က ကွန်မြူနစ်ဝါဒကို စွန့်မှတဲ့၊ ယင်းဖြင့် အရှေ့ဂျာမနီမှ   ပြည်နယ်ငါးခုကို   ကွန်မြူနစ်ဝါဒ စွန့်လွှတ်ရန်စည်းရုံးရာ အထက်မှာဖြေခဲ့သလို ပြည်သူ အတွက်မို့   ဝါဒကို    ဖက်တွယ်မထားတော့ပါဆို၏။ လွယ်လွယ်ကူကူတော့မဟုတ်ပါ။         နှစ်နိုင်ငံ ခေါင်းဆောင်များ၊ အရှေ့ အနောက်အုပ်စုနိုင်ငံများ နှင့် ညှိနှိုင်းရ၊  ဆွေးနွေးရပါသည်။ အမျိုးများ ပြန်လည် ပေါင်းဆုံရေးအတွက်  ပင်ပန်းရကျိုးနပ်ခဲ့ပါသည်။  ၁၉၈၉ ခုနှစ် နိုဝင်ဘာလ  ၉  ရက်နေ့မှာတော့ ကျည် မဖောက်၊  သွေးမြေမကျဘဲ    နှစ်နိုင်ငံပြန်လည် ပေါင်းဆုံခဲ့ကြသည်။   ဘာလင်တံတိုင်းကြီးလည်း ပြိုပျက်ကာ တစ်မြို့တည်းနေပြီး မမြင်ရ၊ မဆုံရသည့် ဆွေကွဲမျိုးကွဲဘဝဇာတ်ခုံကြီး   ပျက်သုဉ်းခဲ့ပါသည်။ 
ဝါဒတွေအပေါ်က အမျိုးသားရေးစိတ်ဓာတ်
ဒုတိယကမ္ဘာစစ်ကို   စတင်မီးမွှေးခဲ့သည်က ဂျာမနီပါ။   ဒါနဲ့  “ဂျာမနီဘာလို့စစ်ရှုံးခဲ့တာလဲ” ဆိုတော့ နိုင်ငံရေးသိပ္ပံသင်ယူနေတဲ့ သူငယ်ချင်းက “တစ်ကမ္ဘာလုံးနဲ့ တစ်နိုင်ငံတိုက်တာ ရှုံးတာပေါ့” တဲ့။ မှန်ပါသည်။ အီတလီက မူဆိုလီနီ၏ အကူအညီ လည်းမရ၊ အာရှကဂျပန်ကလည်း အာရှမှာ သူ့ဟာ သူ တိုက်နေရတာ၊ ဥရောပနှင့် အာဖရိကကို ဂျာမန် တစ်ဦးတည်း တိုက်ခဲ့တာပါ။ ဒါ့အပြင် ပထမကမ္ဘာ စစ်မှာလည်း ဂျာမန်တွေပဲ။   ဒါနဲ့ဘာလို့ ဂျာမနီနိုင်ငံ နှစ်ခြမ်းခွဲခဲ့တာလဲဆိုတော့ “အင်အားပြန်ကြီးလာပြီး ဦးမော့လာမှာကြောက်လို့တဲ့။ ဒါကြောင့် ခွဲခဲ့တာ။ တကယ်တော့   နယ်မြေတစ်မြေကို  စိုးမိုးချင်ရင် စည်းလုံးမှုအားနည်းသွားအောင် သွေးခွဲတာအရင် လုပ်ကြတယ်။   ဒါ့ကြောင့် သွေးခွဲဝါဒ၊ ခေတ်သစ် ဩဇာလွှမ်းမိုးရေးကိုလိုနီဝါဒပေါ့ကွာ”တဲ့။ 
ဂျာမနီမှာ   အမေရိကန်စစ်စခန်းများချထား သလို  အရှေ့ဂျာမနီမှာလည်း  ဆိုဗီယက်တပ်များ ချထားပြီး နှစ်နိုင်ငံကို ခွဲခဲ့ကြသည်။ “တို့ ဂျာမန် နှစ်နိုင်ငံက မင်းမြင်သလို အရင်းရှင်ဝါဒ၊ ကွန်မြူနစ် ဝါဒတို့ဒဏ်ကိုသာ ခံရတာမဟုတ်ဘူး၊ သွေးခွဲဝါဒနဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒတို့ပါ  ခံနေရတာ   စုစုပေါင်း လေးဝါဒပေါ့။ အဲဒီ လေးဝါဒလှိုင်းတံပိုးအောက်က တို့ဂျာမန်တွေ လွတ်မြောက်ချင်ရင် ဝါဒတွေထက် မြင့်တဲ့   “အမျိုးသားရေးစိတ်ဓာတ်” (National Spirit) (သို့မဟုတ်) “တစ်အူထုံ့ဆင်း ညီရင်းမောင်နှမ စိတ်ထား” မဖြစ်မနေရှိရမယ်လို့ ငါတို့ ဂျာမန်တွေ ခံယူထားတယ်။ အရှေ့ဂျာမနီကို တို့အနောက်က အဝေးပြေးလမ်းဖောက်ပြီးကူညီတာ အသေးအဖွဲ လေးပါကွာ။       အဲဒါထက်အရေးကြီးတာက ဒီအမျိုးသားရေးစိတ်ဓာတ်ကြောင့် တို့တစ်ချိန်ချိန် ပြန်ပေါင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ စောင့်ကြည့် ပေါ့ကွာ။ ကြာလိမ့်မယ်မထင်ဘူး” ဟုဆို၏။ 
ဂျာမန်သူငယ်ချင်းနှင့် ကျွန်တော်တို့ “ဂျာမန်တို့ ရဲ့ သွေးရင်းစိတ်ထား” အကြောင်း စကားလက်ဆုံကျ သည်က  ၁၉၈၇  ခုနှစ် အစောပိုင်းမှာပါ။ ဂျာမနီ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းသည်က  ၁၉၈၉  ခုနှစ် နိုဝင်ဘာလဆိုတော့               သုံးနှစ်မကြာခဲ့ပါ။  “တစ်အူထုံ့ဆင်း မောင်ရင်းနှမ စိတ်ထား” (သို့မဟုတ်) “အမျိုးသားရေးစိတ်ဓာတ်” က  အရင်းရှင်၊  ကွန်မြူ နစ် ဗိုလ်ကျစိုးမိုးရေးနှင့် သွေးခွဲဝါဒတို့ကို အနိုင်ယူခဲ့ သည်။ နှစ်ပေါင်း  ၄၅  နှစ်ခန့် အခွဲခံရသည့်ဒဏ်ကို ခံခဲ့ရသည့် တစ်အူထုံ့ဆင်း မောင်ရင်းနှမစိတ်ထား ကြောင့် ဂျာမန်နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့သည် မှာ နှစ်ပေါင်း ၃၂  နှစ် ကျော်ခဲ့ပါပြီ။ 
ခေတ်သစ်သွေးခွဲမှိုင်းကြားက 
သွေးသားမောင်နှမဝါဒ
တစ်အူထုံ့ဆင်း မောင်ရင်းနှမစိတ်ထား ရေချိန် အမြင့်ဆုံးအချိန်တွင် စည်းလုံးခဲ့၊ ညီညွတ်ခဲ့ကြသည်။ ထိုနေ့သည် ပြည်ထောင်စုနေ့အဖြစ် သမိုင်းတွင်ခဲ့ သည်။ ထိုနေ့သာမရှိခဲ့လျှင် ယနေ့လို မြန်မာတိုင်းရင်း သားတို့၏  လွတ်လပ်ရေးသည် ယခုလို တောင်တန်း မြေပြန့် တိုင်းရင်းသားများ၏  စစ်မှန်သည့်လွတ်လပ် ရေးဖြစ်လာရန်        အတော်ခက်ခဲပေလိမ့်မည်။ ထိုအချိန်က သွေးခွဲဝါဒသည်ရှိနေခဲ့၏။ ဗိုလ်ချုပ်တို့ တောင်တန်းအတွက် အရေးဆိုသည်ကို သံကြိုးရိုက် ၍ မိမိတို့ ကိုယ်စားလှယ်မဟုတ်ဟု ကန့်ကွက်ခဲ့ သည်။ ရှမ်းပြည်ကို နှစ်  ၃၀  လောက် လွတ်လပ်ရေး မပေးရန်၊ ချန်ထားရန်ကြံစည်မှုကို   ဖော်ထုတ်ခဲ့ သည်။ ထို့အတူ ကချင်နှင့် ကယားနယ်ကိုထားခဲ့ရန် ကြိုးစားခဲ့၏။ ယနေ့မှာလည်း အတူတူပင်ဖြစ်သည်။ ပြည်ထောင်စုကိုထပ်ခွဲရန် ဒီမိုကရေစီကို အရေခြုံ ကာ မှိုင်းတိုက်၏။ မှိုင်းထူအောင် “လူ့အခွင့်အရေး” ဆိုတာကပါ မျက်နှာဖုံးတပ်မီးရှို့၏။ တိုင်းရင်းသား ခေါင်းဆောင်ပိုင်းသာမက လူထုအတွင်းပါ “အမျိုးသား ရေးဝါဒ” ဆိတ်သုဉ်းအောင်ပြု၏။ 
တကယ်တော့    မြန်မာတိုင်းရင်းသားများ၏ လက်ထဲက “စစ်မှန်သည့် ဒီမိုကရေစီနှင့် လူ့အခွင့် အရေးတို့သည်   အချင်းချင်းသွေးကွဲအောင်မပြု။ ငြိမ်းချမ်းမှု၊ သာယာမှုကိုသာပေးစွမ်း၏။   လူ့အဖွဲ့ အစည်း၏ ကောင်းကျိုးကိုစွမ်းဆောင်၏။” နယ်ချဲ့ ဝါဒီများ၏ အတုအယောင် ဒီမိုကရေစီသည်ကား သည်းခြေကြိုက်အဖြစ်သာ အသုံးချကာ သွေးခွဲ၏။ ငြိမ်းချမ်းမှုပျက်စီးအောင် စွမ်းဆောင်၏။  ယနေ့ အာရပ်နိုင်ငံများက  သက်သေထူနေ၏။    မြန်မာ တိုင်းရင်းသားများ  ကြီးစွာသော သွေးသားရင်းချာ သတိရှိရပါမည်။ 
စစ်ပြီးခေတ်မှ  သွေးခွဲဝါဒသည်   ရပ်မနေခဲ့။ ယနေ့တိုင်နည်းမျိုးစုံဖြင့်     မှိုင်းတိုက်နေဆဲပါ။ ထိုခေတ်သစ်   သွေးခွဲဝါဒမှိုင်းများကြောင့်   ယနေ့ အခြေအနေတွင် တိုင်းရင်းသားများကြားသာမက အင်စတီကျူးရှင်းများ၊ ပါတီများ၊ အဖွဲ့အစည်းများ၊ ဝန်ထမ်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင် များ၊ ဆရာတပည့်ကြားနှင့် ထောင်စုနှစ်ချီ ကျစ်လျစ် ခိုင်မာခဲ့သည့် သံဃာများအကြား ဆက်ဆံရေးတို့တွင် စိတ်ဝမ်းကွဲမှု ပြင်းထန်ခဲ့သည်။ 
သွေးခွဲသူ    ကိုလိုနီလက်သစ်များနောက်ကို လိုက်ပြီး သာယာနေမိလျှင် ကျွန်တော်တို့ တိုင်းရင်း သားမိသားစုဝင်များ  ဆက်ပြီးစိတ်ဝမ်းကွဲကြမည်။ သွေးမြေကျပါလိမ့်မည်။ သွေးခွဲဝါဒီများ၏ အရောင် ပြ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မှိုင်းဆိပ်သင့်ကြ ပေလိမ့်မည်။ တိုင်းရင်းသားပြည်သူများ၏ စည်းလုံး မှု၊ ညီညွတ်မှုကို အခြေပြုသည့် “မြန်မာ့တိုင်းရင်းသား သွေးချင်းစိတ်ထား” ထက် “ဒီမိုကရေစီအရေး”၊ “လူ့အခွင့်အရေး”၊ “တန်းတူရေး” တို့က မြန်မာ့လူ့ အဖွဲ့အစည်းတွင် ပို၍အရေးပါနေသယောင် သွေးခွဲ သူများက ဖန်တီးကြပေလိမ့်မည်။ “သွေးသားရင်းချာ သတိ” ဖြင့် သွေးခွဲမှုကို မြင်အောင်ကြည့်နိုင်ရပါ မည်။ ပြီးတော့ ရှောင်ရှားနိုင်သည့်သတ္တိ  ရှိရပါမည်။ 
ဂျာမန်တွေ အင်အားချည့်နဲ့စဉ်က အခွဲခံ၊ အပိုင်း ခံရသည့် နှစ်နိုင်ငံကို ဝါဒမှိုင်းဆိပ်များ၏  ထိပ်က “သွေးသားရင်းချာ စိတ်ထား” ကြီးမားလွန်း၍သာ ကျည်ဖောက်စရာမလို၊    သွေးမြေကျမှု  နတ္ထိဖြင့် ပြန်လည်ပေါင်းဆုံခဲ့ကြပေပြီ။ ထိုစိတ်ထားဦးဆောင် နေလျှင်    ကျွန်တော်တို့ပြည်ထောင်စုပြိုကွဲရန် အကြောင်းမရှိပေ။ 
ကျွန်တော်တို့    မြန်မာတိုင်းရင်းသားများမှာ လည်း  ကိုလိုနီများ၏  သွေးခွဲဝါဒမှိုင်းဆိပ်များ၏ အထက်က “တစ်အူထုံ့ဆင်း၊ မောင်ရင်းနှမ စိတ်ထား ခိုင်မာမှု” ဟု  ဆိုအပ်သည့်    ပင်လုံစိတ်ထားကို တိုင်းရင်းသား  လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ပြဆိုခဲ့ပြီးပါပြီ။ အစိတ်စိတ်အမြွှာမြွှာဖြစ်ရန် သွေးထိုး ခံနေရသည့်နိုင်ငံကို တစ်စုတည်း၊ တစ်စည်းတည်း တည်ဆောက်ခဲ့ကြ၏။    စိန်ရတုပင် တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အနေဖြင့် “ငါတို့ခေတ်ရောက်မှ ညံ့ကြ သူများ” လုံးဝမဖြစ်ကြရန် ထိုစည်းလုံးမှုကို ပိုမိုခိုင်မြဲ အောင် ထိန်းသိမ်းရပါမည်။ 
မိမိတို့နိုင်ငံ့ဖခင်ကြီး    ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်    တိုင်းရင်းသားခေါင်းဆောင်များ၏ မျိုးဆက်များပီပီ       သူတို့တည်ဆောက်ခဲ့သည့် “ညီညွတ်မှုစွမ်းအား”၊   “စည်းလုံးမှုလမ်းစဉ်” ကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မျက်နှာဖုံးတပ်ပြီး ဖျက်ဆီးသူ  ကိုလိုနီလက်သစ်များကြောင့် အပျက် အစီးမခံရအောင် ထိန်းသိမ်းရမည်။  ထိုသူများ၏ အခိုင်းခံဘဝ မရောက်ကြရန်လည်း အထူးသတိရှိရ မည်။ တစ်အူထုံ့ဆင်း၊ သွေးချင်းမောင်နှမ၊ စိတ်ရင်း ပင်လုံ၊ လွှမ်းခြုံနေပါလျှင် ဒီမိုကရေစီ လူ့အခွင့်အရေး နှင့် တန်းတူညီမျှကြွယ်ဝမှုသည် မြန်မာတိုင်းရင်း သားများအကြား  ကျွဲကူးရေပါဆိုသလို အလိုလို ပြည့်ဝလာမည်မှာ    မလွဲမသွေပါ။    သို့ပါ၍ “တစ်အူထုံ့ဆင်း၊ မောင်ရင်းနှမစိတ်ထားကို အစဉ် ဦးထိပ်ထားနိုင်ပါလျှင်   ခေတ်သစ်သွေးခွဲဝါဒမှိုင်း မျိုးစုံကြားမှာ    အမြင်ကြည်၍   အမှန်မြင်ကာ ငြိမ်းချမ်းဖွံ့ဖြိုးသည့် ပြည်ထောင်စုသားတိုင်းရင်း သားများအတွင်း “ပင်လုံသစ္စာ” သည် နောင်စိန်ရတု ပေါင်းများစွာ   ဆက်လက်ခိုင်ကျည်  မြဲမြံနေလိမ့် မည်ဟု ယုံကြည်မိပါကြောင်း ရေးသားအပ်ပါသည်။ 
(နိုင်ငံရေးမှာ    ဝါဒမှိုင်းတို့၏    အထက်က “တစ်အူထုံ့ဆင်း၊   မောင်ရင်းနှမစိတ်ထား”  သည် နိုင်ငံအတွက် အရေးအကြီးဆုံးပါဟူသည့် အသိကို ပြပေးခဲ့သည့် ဂျာမနီနိုင်ငံတွင် ပညာသင်ကြားစဉ် (၁၉၈၅-၈၉ အထိ) အဆောင်မှာ အခန်းဘေးချင်း ကပ်နေသူ  သူငယ်ချင်း   “Jurgen Bauermeister” အား အထူးကျေးဇူးတင်ရှိပါသည်။)  
ကျမ်းကိုး။    ။    (၁)    မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီ       ဌာနချုပ် (၁၉၇၇)    တိုင်းရင်းသားလူမျိုး များ၏         နယ်ချဲ့ဆန့်ကျင်ရေး သမိုင်း။
        (၂) တက္ကသိုလ်နေဝင်း      (၁၉၉၈) ဗိုလ်ချုပ်အောင်ဆန်း             ၏ လွတ်လပ်ရေး         ကြိုးပမ်းမှု မှတ်တမ်း (ဒုကြိမ်)။