စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် နိုင်ငံ့လူဦးရေအများစုဖြစ်သော ကျေးလက် နေပြည်သူများ၏ဘဝများ တိုးတက်လာစေရန်ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းကို မြင့်မားလာစေရန်လည်း ဖြစ်သည်။ အကျိုးဆက်အားဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မား လာစေရန်အတွက်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး မိုးစပါး ထွက်ရှိပြီးချိန်တွင် နွေစပါးဆက်လက်စိုက်ပျိုးခြင်းနှင့် အများစု ကို အခြားသီးနှံအမျိုးမျိုး ဆက်လက်စိုက်ပျိုးခြင်းတို့ ပြုလုပ်ကြ သည်။ မိုးစပါးပြီးချိန်တွင် မည်သည့်သီးနှံမှ မစိုက်သော မြေဧက ပေါင်း ၅ သန်း ၇ သိန်းကျော် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့တွင် ရှိနေသည်။ အကယ်၍သာ အဆိုပါမြေများပေါ်၌ နွေစပါး ဖြစ်စေ၊ ဒေသနှင့် ကိုက်ညီသည့် သီးနှံတစ်ခုခု သို့မဟုတ် ဆီထွက် သီးနှံ စသည်တို့ဖြစ်စေ စိုက်ပျိုးမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်း နိုင်မည်ဖြစ်သည်။ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်နိုင်သည့် စွမ်းအား မှာ တစ်ဧကချင်းအနေဖြင့်ရော၊ လူတစ်ဦးချင်းအနေဖြင့်ပါ အနိမ့် ဆုံးတွင် ရောက်ရှိနေရာ ကြိုးပမ်းအားထုတ်အလုပ်လုပ်ကြရန် များစွာလိုအပ်လျက်ရှိသည်။
ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးရာတွင် “နှစ်စဉ် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီ စားသုံးမှု ဖူလုံ မှုရှိစေရေး အလေးထားဆောင်ရွက်ကြရန် မိမိတို့ စတင်တာဝန် ယူစဉ်ကတည်းက ပြောကြားခဲ့ပြီး အထောက်အကူဖြစ်စေရေး အတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေ များ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် စားသုံးဆီတင်သွင်းမှု အနေဖြင့် လျော့ကျခြင်းမရှိသည်ကို တွေ့ရှိရပြီး လက်ရှိအချိန်အထိ တင်သွင်းနေရဆဲဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်က ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲဧက သုံးသန်း၊ နေကြာဧက တစ်သန်း၊ နှမ်းဧက ၃ ဒသမ ၅ သန်း စိုက်ပျိုးခဲ့ရာ စနစ်တကျစိုက်ပျိုးမှုဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ထွက်ရှိမည်ဆိုပါက ဆီတန်ချိန် ၁ ဒသမ ၃၆၉ သန်း ထွက်ရှိနိုင် မည်ဖြစ်သည်။ ယင်းဆီတန်ချိန်သည် နိုင်ငံ့လိုအပ်ချက်၏ နှစ်ဆ ကျော်ရှိပြီး ဆီဖူလုံမှု ၂၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ခြင်းပင်ဖြစ်သည်။
ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့တွင် မြေပဲတစ်မျိုးသာ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ထွက်ရှိနိုင်ခဲ့ရာ ဆီထွက်နှုန်း အကောင်းဆုံးဖြစ်သော နေကြာကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီ အောင် စိုက်ပျိုးနိုင်ခဲ့မည်ဆိုပါက ဆီအထွက်များစွာ ပိုမိုလာမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးဧကသည် ပန်းတိုင် ထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်မှသာ နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်ကို လုံလုံလောက်လောက်ဖြည့်ဆည်းပေး နိုင်မည်ဖြစ်သည့်အလျောက် စိုက်ပျိုးရေးအောင်မြင်မှု အခြေခံ အချက် ၄ ချက်ဖြစ်သော မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုး ရေး၊ မြေကို စနစ်တကျပြုပြင်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်း စနစ်များ မှန်ကန်ရေးတို့ကို အလေးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်သည်။ နေကြာစိုက်ပျိုးရာတွင် တစ်ပွင့်လျှင် အောင်စေ့ ၅၀၀ မှ ၆၀၀ ပါရှိမှသာ တစ်ဧကလျှင် တင်း ၅၀ ပန်းတိုင်ထွက်နှုန်း ပြည့်မီနိုင်မည်ဖြစ်သည့်အလျောက် ပျားမွေးမြူရေးကိုပါ တွဲဖက် လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေကိုပါ ရရှိနိုင်မည်ဖြစ်သည်။
“တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီသည့် ထွက်ရှိမှုများသည် မိမိတို့အတွက် အနုတ်လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲ၏ မှာကြား ချက်ကို အလေးအနက်ဂရုပြုကာ စိုက်ပျိုးသီးနှံများ တစ်ဧက အထွက်နှုန်း တိုးမြှင့်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။